မဲခေါင်၊ ဧပြီ ၂၅
ရှမ်းပြည်မြောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ရှမ်းမြောက်အများပိုင်ကုမ္ပဏီ (Shan Northern Region Public Development Co., Ltd.) ၏ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦး၏ ဘဏ်အကောင့်များနှင့် နိုင်ငံကူးလက်မှတ် – ပတ်စ်ပို့များ အပိတ်ခံလိုက်ရကြောင်း ယင်းကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းကုမ္ပဏီသည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦး၏ ဘဏ်အကောင့်များနှင့် ပတ်စ်ပို့များ အပိတ်ခံလိုက်ရခြင်းဖြစ်ပြီး ယင်းသို့ ပိတ်ပင်ရသည့် အကြောင်းရင်းကိုမူ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သို့သော်လည်း စစ်ကောင်စီသည် ၂၀၂၆ ခုနှစ်အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အမည်မည်းစာရင်း (Blacklist) သွင်းကာ အရေးယူမှုများ ပြုလုပ်နေသည့်အတွက် ယင်းနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ရှမ်းမြောက်အများပိုင်ကုမ္ပဏီသည် ၎င်းတို့ထံသို့ အမေရိကန်ဒေါ်လာ ၈ သိန်းခွဲကျော် ပေးရန်ကျန်ရှိနေသည့် တရုတ်ကုန်သည်တစ်ဦးအား ငွေကြေးပြန်လည်ပေးအပ်ရန် တောင်းဆိုထားပြီး မရရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လပိုင်းက ထုတ်ပြန်ခဲ့ဖူးသည်။
ထို့ကြောင့် ကုမ္ပဏီအနေဖြင့် တရုတ်ကုန်သည်ထံမှ ရရန်ရှိသော ငွေကြေးများ ပြန်မရသည့်အတွက် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရရုံသာမက ပြည်တွင်း၌လည်း ပို့ကုန်ရငွေ ပြန်မသွင်းနိုင်သည့် အကြောင်းပြချက်ဖြင့် ဒါရိုက်တာများပါ အရေးယူပိတ်ဆို့ခံနေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံခြားငွေ ပြန်လည်ဝင်ရောက်ရန်အတွက် ကုမ္ပဏီများ၏ ဘဏ်အကောင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို ပိတ်ပင်ထားပြီး လေဆိပ်များတွင်လည်း လုပ်ငန်းရှင်များကို အသေးစိတ် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
#MeKongNews
#ရှမ်းမြောက်
#ရှမ်းမြောက်အများပိုင်ကုမ္ပဏီ
#ဘဏ်အကောင့်
#စစ်ကောင်စီ








