မဲခေါင်၊ ဧပြီ ၂၄
ဝါရှင်တန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားခဲ့ပြီးနောက် စပိဘုတ်ပေါ်မှ ကွန်မန်ဒိုများက ကြီးမားသော ကုန်တင်သင်္ဘောတစ်စီးပေါ်သို့ တက်ရောက် စီးနင်းလိုက်သည့် ဗီဒီယိုကို ယမန်နေ့က ထုတ်ပြန်လိုက်ကာ ဟောမုဇ်ရေလက်ကြားအား ၎င်းတို့က တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်းကို အီရန်က ပြသခဲ့သည်။
အီရန်.စပိဘုတ်များ၏ အန္တရာယ်ကို သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ရှားခဲ့ကာ တီဟီရန်က သဘောတူညီချက် ရယူလိုကြောင်း သို့သော် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းတွင် ပြဿနာရှိနေကြောင်း ဆိုသည်။
၎င်းအနေဖြင့် အီရန်နှင့် သဘောတူညီချက် ရယူရန် အလျင်မလိုကြောင်း၊ အီရန်ဘက်က သဘောတူညီချက် မယူခဲ့ပါက စစ်ရေးဖြင့် လက်စသတ်ပစ်လိုက်မည်ဟု ထရမ့်က ဆိုသည်။
အီတလီနိုင်ငံပိုင် ဖြစ်သော်လည်း ပနားမားတွင် မှတ်ပုံတင်ပြီး ပနားမားအလံ လွှင့်ထူထားသော MSC FRANCESCA ဘေးတွင်လိုက်ပါပြီး မျက်နှာဖုံးစွပ်ထားသော တပ်ဖွဲ့များက သင်္ဘောဝမ်းဗိုက်အပေါက်မှ တွဲလောင်းချထားသော ကြိုးလှေကားပေါ်သို့ တွယ်တက်ကြပြီး သေနတ်ဖြင့်ချိန်၍ သင်္ဘောအား စီးနင်းနေပုံကို အီရန်အစိုးရ ရုပ်သံက ယမန်နေ့ညတွင် ပြသခဲ့သည်။
အက်ရှင်ဇာတ်ကား နောက်ခံတီးလုံးဖြင့် တင်ဆက်ထားပြီး စကားပြောဆိုမှု မပါသည့် ဗီဒီယိုတွင် စီးနင်းခံရသော အခြားသင်္ဘောတစ်စီးဖြစ်သည့် EPAMINONDAS ၏ ပုံရိပ်များလည်း ပါဝင်သည်။
၎င်းတို့၏ ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားအား ဖြတ်သန်းရန် ကြိုးစားခဲ့သောကြောင့် ၎င်း သင်္ဘော၂ စီးကို စီးနင်းသိမ်းပိုက်ခဲ့ကြောင်း အီရန်က ပြောသည်။
အီရန်က စပိဘုတ်များ အသုံးပြု၍ ကုန်တင်သင်္ဘောများအား စီးနင်းသည့် ဖြစ်ရပ်မှနေ၍ အမေရိကန်သည် အင်အားကြီးသောရေတပ်ကို ပိုင်ဆိုင်ထားသော်လည်း ဟောမုဇ်ရေလက်ကြားအား ထိန်းချုပ်ရန် ရုန်းကန်နေရခြင်းကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းက ဖော်ပြသည်။
အီရန်သင်္ဘောများနှင့် ဆိပ်ကမ်းများအပေါ် တားဆီးပိတ်ဆို့ထားခြင်းကို အမေရိကန်က မဖယ်ရှားမချင်း ၎င်းတို့ ချုပ်ကိုင်ထားသော ဟောမုဇ်ရေလက်ကြားအား ပြန်ဖွင့်ရန် စဉ်းစားမည် မဟုတ်ကြောင်း အီရန်က ပြောကြားထားသည်။
လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့ အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံ ကျင်းပရေးတွင် အတားအဆီးဖြစ်နေကြောင်းလည်း အီရန်က ပြောသည်။
အေးကျော််
Ref: Reuters
#MeKongNews
#အမေရိကန်ရေတပ်
#အန်တု
#ဟောမုဇ်
#အီရန်








