မဲခေါင်၊ ဧပြီ ၂၃
အမေရိကန်ရေတပ်၏ Aegis combat system တွင် ကြည်းတပ်သုံး ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်ကို ထည့်သွင်း တည်ဆောက်သွားရန် လော့ဟိဒ်မာတင် ကုမ္ပဏီအား ကန်ထရိုက် ချပေးလိုက်ပြီးနောက် ယင်းဒုံးခွင်းစနစ်များကို ပင်လယ်ပြင်တွင် ပထမဆုံးအသုံးပြုခြင်း မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။
ပစိဖိတ်သမုဒ္ဒရာတွင် စစ်သင်္ဘောများကို နှစ်မြုပ်ပစ်ရန် တရုတ်က အသံထက်မြန်သော လက်နက်များကို အသုံးပြုနိုင်ကြောင်း စိုးရိမ်မှုများနှင့်အတူ ၎င်းတို့သင်္ဘောများတွင် PAC-3 MSE အဆင့်မြင့် ပက်ထရီယော့ ဒုံးခွင်းစနစ်များ တပ်ဆင်သွားရေးကို အမေရိကန်ရေတပ်က လုပ်ဆောင်နေကြောင်းကို ရိုက်တာသတင်းဌာနက ၂၀၂၄ အောက်တိုဘာလက ပထမဆုံး သတင်းထုတ်ပြန်ခဲ့သည်။
ထိုစနစ် အသုံးချခြင်းဖြင့် ရေတပ်၏ ဖျက်သင်္ဘောများအား ကာကွယ်ပေးရန် ဒုံးကျည်ကာကွယ်ရေးစနစ်လည်း တောင့်တင်းလာမည် ဖြစ်သည်။
ထိုသို့ ပေါင်းစပ်သွားရေးကို လော့ဟိဒ်မာတင်ကုမ္ပဏီက ကြိုးစားနေခဲ့သည်မှာ နှစ်ချီလာခဲ့ပြီ ဖြစ်သော်လည်း ယခုကျမှသာ ကြည်းတပ်စနစ်ကို ရေတပ်တွင် အသုံးပြုရေး ခိုင်မာသည့်ခြေလှမ်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
Aegis combat system တပ်ဆင်ထားပြီးသော ရေတပ်သင်္ဘောများအတွက် PAC-3 MSE စနစ်က နောက်ထပ်ကာကွယ်မှု အဆင့်တစ်ခု ထပ်တင်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
လက်ရှိ အမေရိကန် ရေတပ်သင်္ဘောများတွင် စံထားအသုံးပြုသည့် SM-2, SM-3, နှင့် SM-6 ဒုံးကျည်မိသားစုအပြင် RIM-162 Evolved SeaSparrow ဒုံးကျည်များ တပ်ဆင်ထားကြောင်း သိရသည်။
ပက်ထရီယော့ စနစ်အသုံးပြုခြင်းများလည်း ကျယ်ပြန့်လာခဲ့ရာ၌ ဇန်နဝါရီလတွင် လော့ဟိဒ်မာတင် နှင့် ပင်တဂွန်ကြား ချုပ်ဆိုထားသော စာချုပ်အရ ယင်းစနစ်များ ထုတ်လုပ်မှုသည် လာမည့် ၇ နှစ်အတွင်း သုံးဆ တိုးလာမည်ဖြစ်ကာ လက်ရှိထုတ်လုပ်နေသည့် တစ်နှစ် ဒုံးကျည် ၆၀၀ မှ ၂၀၀၀ ကျော် အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အေးကျော်
Ref:Reuters
#MeKongNews
#တရုတ်
#အသံထက်မြန်လက်နက်
#ခြိမ်းခြောက်မှု
#အမေရိကန်
#ပက်ထရီယော့ဒုံးကျည်








