မဲခေါင် ၊ ဧပြီ ၂၃
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အဝင်တွင် ရှိသည့် စစ်ကောင်စီ၏ အမှတ် (၄၁) ခြေလျင်တပ်ရင်းထဲကို ရှော့တိုက်ဒုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
ယမန်နေ့ ဧပြီ ၂၂ ရက် နေ့လယ် ၂ နာရီကျော်တွင် စစ်ကောင်စီ၏ ခလ၇ – ၄၁ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်မှုရှိ၊ မရှိကိုမူ မသိရကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
“ဘယ်အဖွဲ့က ပစ်တာလည်းတော့ မသိဘူး။ ခလရ ၄၁ ထဲကို ကျသွားတာ၊ အသံက အကျယ်ကြီးပဲ ပေါက်ကွဲတာကတော့ တချက်ပဲ၊ ၁၀၇ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်လို့တော့ ပြောတယ်ဗျ။ တပ်ထဲမှာကျတာဆိုတော့ လူထိ၊ မထိကတော့ မသိရဘူးဗျ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ထဲ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲပြီးနောက် မီးခိုးများ ထွက်ပေါ်နေသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ၎င်းကပြောသည်။
“ပေါက်ကွဲသံ ကြားရတာတော့ အကျယ်ကြီးပဲ၊ အပစ်ခံရတာတော့ ဟုတ်တယ်။ ဘာနဲ့ပစ်တာလည်းတော့ ကျနော် မပြောတတ်ဘူး၊ လက်နက်ကြီးအသံပဲ” ဟု နောက်ထပ် လားရှိုးမြိုခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင်လည်း လားရှို့မြို့ပေါ်ရှိ ရပ်ကွက် (၁၁) ထဲသို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သေးသည်။
လက်ရှိအချိန်တွင် လားရှိုးမြို့တွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်ပတ်ပတ်လည်ကိုမူ ကိုးကန့်တပ်ဖွဲ့ – MNDAA က ထိန်းချုပ်ထားသည်။
#MeKongNews
#လားရှိုးမြို့
#စစ်ကောင်စီတပ်
#ရှော့တိုက်ဒုံး
#အပစ်ခံရ








