မဲခေါင်၊ ဧပြီ ၁၀
ရှမ်းပြည်အရှေ့ပိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဌလည်းဖြစ်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးလင်းဇော်ထွန်းမှာ အာဏာသိမ်း စစ်ကောင်စီမှ ဖွဲ့စည်းသည့်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ပြည်ထောင်စု ဒုဝန်ကြီး ဖြစ်လာသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတလုပ်သည့် အစိုးရအဖွဲ့၏ အဖွဲ့ဝင်စာရင်းများကို ယနေ့ ဧပြီလ ၁၀ရက်၌ ကြေညာရာ ဦးလင်းဇော်ထွန်း၏ အမည်ကို လဝက ဒုဝန်ကြီးအဖြစ် ဖော်ပြထားခြင်း ဖြစ်သည်။
ဦးလင်းဇော်ထွန်းသည် ကြံ့ခိုင်ရေးပါတီ၏ ရှမ်းပြည်အရှေ့ပိုင်း ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး မိုင်းဖြတ်မြို့အပါအဝင် ရှမ်းပြည်အရှေ့ပိုင်းတွင် ပြည်သူ့စစ်များအပေါ် ဩဇာညောင်းသူလည်း ဖြစ်သည်။
ပြည်သူ့စစ်များအပေါ် ဩဇာညောင်းသည့်အတွက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း မိုင်းဖြတ်မြို့တွင် အနိုင်ရရှိသူတစ်ဦးဖြစ်သည်။
၎င်းသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူအဖြစ် စွပ်စွဲခံထားရသူလည်း ဖြစ်သည်။
#MeKongNews
#စစ်ကောင်စီအစိုးရ
#ရှမ်းအရှေ့
#ဦးလင်းဇော်ထွန်း
#လဝက
#မိုင်းဖြတ်








