မဲခေါင်၊ ဧပြီ ၈
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ဖုန်းလုယက်မှု ကျူးလွန်သူ ၂ ဦးကို ဆိုင်ရှင်နှင့် ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း တန့်ယန့်မြို့ခံများထံ သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် တန့်ယန်းမြို့ အောင်မေတ္တာဖုန်းဆိုင်သို့ ဆိုင်ကယ်စီးလာသူ လူငယ်၂ ဦးအနက် တစ်ဦးက ဆိုင်ကယ်ပေါ်တွင် စောင့်ဆိုင်းပြီး တဦးက ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဖုန်းဝယ်မည့်ဟန်ဖြင့် ဖုန်းကို လုယက်ခဲ့ခြင်းဖြစ်သည်။
“တစ်ယောက်က ဆိုင်ထဲကို လာပြီး ဖုန်းပြခိုင်းတော့ ဖုန်းရောင်းနေတဲ့သူက ဖုန်းကို ကောင်တာပေါ် တင်ပြီး ပြတဲ့အချိန်ယူပြီး ထွက်ပြေးဖို့လုပ်တာ။ ဆိုင်ရှင်အမျိုးသမီးက နောက်ကနေ ပြေးလိုက်ပြီး ဆိုင်ကယ်ကို တွန်းလှဲလိုက်လို့ ဝိုင်းဖမ်းမိသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသည့် တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။
ဖုန်းလုယူရန် ကြိုးစားသူ ၂ ဦးကို ဆိုင်ပိုင်ရှင်နှင့်ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ကို အပ်နှံလိုက်သည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
တန့်ယန်းမြို့ကို စစ်ကောင်စီနှင့်”ဝ”တပ်ဖွဲ့က ပူးတွဲထိန်းချုပ်ထားပြီး မြို့တွင်းအုပ်ချုပ်ရေးကို စစ်ကောင်စီက တာဝန်ယူထားသည်။
#MeKongNews
#တန့်ယန်း
#ဖုန်းလုယက်သူ
#ပြည်သူများ
#ဝိုင်းဖမ်း








