မဲခေါင်၊ မတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် SSPP တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့တောင်ဘက်ရှိ ပုံဝိုးကျေးရွာအနီး လေလွယ်ကျေးရွာနား၌ နှစ်ဖက်တပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဲခေါင်၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်တပ်ကပြောတော့ ရှမ်းတပ်က အရင်ပစ်တာ၊ ရှမ်းတပ်ကပြောတော့ စစ်တပ်က အရင်စပစ်တာလို့ ဆိုကြတယ်။ စစ်တပ်ဘက်က ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားရတယ်။ အခုတော့ နှစ်ဖက်လုံး ပြန်ဆုတ်သွားကြပါပြီ။ ရှမ်းတပ်က မြောက်ပိုင်းတာဝန်ကျတဲ့တပ်မဟုတ်ဘဲ တောင်ပိုင်းကတပ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မိုင်းတင်း၊ ပုံဝိုး၊ ကွမ်ဟင်နှင့် တော်လေကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာမှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး၊ တိုက်ပွဲငြိမ်သက်သွားမှသာ ပြန်လည်သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများထံမှ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
#MeKongNews
#ကျောက်မဲ
#စစ်ကောင်စီ
#SSPP
#ပုံဝိုးကျေးရွာ








