မဲခေါင်၊ မတ် ၂
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေထောင်မှ ယနေ့ မတ်၂ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၄၂၁ ဦးရှိကြောင်း ၎င်းတို့၏ မိသားစုများထံမှ သိရသည်။
ယင်းလွတ်မြောက်လာသူများတွင် အမျိုးသား ၃၁၅ ဦး၊ အမျိူးသမီး ၁၀၆ ဦး တို့ ပါဝင်ကြောင်း သိရသည်။
“၅၀ (ည)တွေက ပုဒ်မအရ လွှတ်ပေမယ့် လူရွေးလွှတ်တာလား မသိဘူး၊ အထဲမှာ အများကြီး ကျန်သေးတယ် သိရတယ်။ အိမ်ကလည်း မလွတ်ဘူး ၅၀ (ည) ပဲ”ဟု လွတ်မယ်ထင်ပြီး လာစောင့်သူ မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ညောင်ရွှေထောင်တွင် အကျဥ်းသူ၊ အကျဥ်းသား ၄ ထောင်ကျော် ရှိသည့်အနက် နိုင်ငံရေးပုဒ်မအရ ထောင်ကျနေသူ တစ်ထောင်ကျော်ရှိရာမှ ယခု လွတ်မြောက်သူ ၄၀၀ ကျော်သာရှိသဖြင့် အများအပြား ကျန်ရှိနေသည်။
“၅၀ (ည)နဲ့ အခြားမလွတ်တဲ့ ပုဒ်မတွဲတာမျိုးဆို မလွတ်တာက နားလည်နိုင်ပေမယ့် ၅၀ (ည) တစ်ခုထဲသမားတွေကို မလွှတ်တာ နားမလည်နိုင်ဘူး။ အမိန့်အရဆို လွတ်ရမှာလေ ‘ဟု ပြောသည်။
ယနေ့မတ် ၂ရက်စွဲပါ အမိန့်အမှတ် ၈/၂၀၂၆ ဖြင့် ပုဒ်မ ၅၀ (ည)၊ ၅၂(က)အကျဥ်းသား ၇၃၃၅ ဦးကို ကျင့်ထုံးဥပဒေ – ၄၀၁ ဖြင့် လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နှင့် ပုဒ်မ ၅၂ (က) ဖြင့် လည်းကောင်း၊ ယင်းပြစ်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး၏ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
#MeKongNews
#ညောင်ရွှေထောင်
#နိုင်ကျဉ်း
#လွတ်ငြိမ်းခွင့်ဖြင့်
#လွတ်လာ








