မဲခေါင်၊ ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘော်ဝင်း၊ မိုးပဲ့ရှိ တရုတ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ထိုင်းအာဏာပိုင်များ စီးနင်းဝင်ရောက်ခဲ့ပြီး တရားမဝင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“ရဲတွေ ဝင်ရောက်ချိန် အလုပ်သမားအကုန် ထွက်ပြေးသေးတယ်။ ရဲတွေ လိုက်ဖမ်းတော့ အကုန်ဖမ်းမိတယ်၊ အဲဒီမှာ စစ်ဆေးပြီး အများစုက အထောက်ထားရှိတယ်။ ၂၇ ဦးက ပန်းရောင်ကတ်လည်း မရှိဘူး၊ ဘာအထောက်အထားမှလည်း မရှိတော့ အဖမ်းခံရတယ်”ဟု ရွှေ့ပြောင်းလုပ်သားတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၇ ဦးကို အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ ဥပဒေချိုးဖောက် လုပ်ကိုင်နေသည့်အတွက် နိုင်ငံခြားသားလုပ်သားများ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတချို့နှင့် ထိုင်းနိုင်ငံသားတချို့၏ ခိုက်ရန်ဖြစ်မှုများ၊ ပြဿနာဖြစ်မှုများအပေါ် အကြောင်းပြု၍ ထိုင်းလူမျိုး နှုတ်ခမ်းမွှေးဟု လူသိများသူ ဦးဆောင်သော ထိုင်းမျိုးချစ်အဖွဲ့က ယခုရက်ပိုင်းအတွင်း မြန်မာဆိုင်များကို ပိတ်ပင်ခြင်း၊ မြန်မာများကို ရိုက်နှက်ခြင်းများနှင့် မြန်မာများရှိသော နေရာများတွင် တင်းတင်း ကြပ်ကြပ် စစ်ဆေးခြင်းများ လုပ်ဆောင်လာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။
#MeKongNews
#ထိုင်း
#တရားမဝင်
#မြန်မာလုပ်သား
#အဖမ်းခံရ








