မဲခေါင်၊ ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က အသုဘတစ်ခုတွင် ကွယ်လွန်သူ ရုပ်အလောင်းကို ဓာတ်ပုံခိုးရိုက်ကာ အနီးရှိသူများကို မျှဝေပေးနေသဖြင့် နာရေးရှင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၂၁ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပါဘွန်းခရိုင်၊ ခုတ်ဆိုင်ခရိုင်ခွဲ ကောင်းဖန် ဘုန်းကြီးကျောင်း၌ ၉၃ နှစ်အရွယ် ပူယန်ဆိုသူ၏ ဈာပနအခမ်းအနား ပြင်ထားရာ မှန်နှင့် အလူမီနီယံလုပ်ငန်း လုပ်ကိုင်သူ ၂၁ နှစ်အရွယ် ဆစ်တီကွန်းဆိုသူက ရုပ်အလောင်းအား ဖုန်းဖြင့် ဓာတ်ပုံများ ခိုးရိုက်ပြီး မျှဝေနေရာ သေဆုံးသူ၏တူ ၄၁ နှစ်အရွယ် ဂျာရီက ဓာတ်ပုံများကို ဖျက်ပေးရန် ပြောဆိုမှုအား ဆစ်တီကွန်းက ငြင်းဆန်သဖြင့် ပွိုင့် ၃၈ ကျည်များထည့်ထားသည့် ခြောက်လုံးပြူးသေနတ်ဖြင့် ဦးခေါင်းဘယ်ခြမ်း ကို ၂ ချက်၊ ဘယ်ပုခုံးကို ၂ ချက်၊ လည်ပင်းကို တစ်ချက်ပစ်ခဲ့ရာမှ မှောက်လျှက်သား သေဆုံးခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သူ ဂျာရီသည် ရဲစခန်းသို့ သွားရောက် အဖမ်းခံပြီး နာရေးတွင် ကျင့်ဝတ်မစောင့်ထိန်းဘဲ ဓာတ်ပုံရိုက် ဖြန့်ဝေသည့် ဆစ်တီကွန်းအား တားဆီးသည့်ကြားမှ မချေမငံ ပြန်ပြောသဖြင့် ဒေါသမထိန်းနိုင်ဘဲ ပစ်သတ်မိခဲ့သည်ဟု ဝန်ခံသွားခဲ့သည်။
၎င်းအား တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် လူသတ်မှုအတွက် ရဲစခန်းက အမှုဖွင့်အရေးယူရန် စီစဉ်နေသည်။
ကိုကလင်း
Ref: Matichon
#ထိုင်း
#အသုဘ
#ဓာတ်ပုံခိုးရိုက်
#နာရေးရှင်
#ပစ်သတ်








