မဲခေါင်၊ ဇန်နဝါရီ ၈
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေသည့် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှ ပြည်သူတစ်ဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ခွန်တူးသည် ဇန်နဝါရီ ၆ ရက်တွင် နေအိမ်တိုက်ခန်းအတွင်း မီးပျက်သည်ကို ပြုပြင်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။
“သူတို့နေတဲ့ အခန်းက မီးပျက်တော့ မီးတွေ ဝိုင်းပြင်ကြတာ၊ သူတို့ မီးပြင်တဲ့အချိန် မတော်တဆမှုဖြစ်ပြီး ဓာတ်လိုက်လို့ သေသွားတာ။ သနားပါတယ် ပြည်တွင်းမှာ PNO က စစ်မှုထမ်းခေါ်လို့ ထိုင်းဘက် ထွက်လာပါတယ်ဆို အဲလို ဖြစ်သွားတော့ စိတ်မကောင်းဘူးဗျာ” ဟု ခွန်တူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဓာတ်လိုက်ပြီး သေဆုံးသွားသည့် ခွန်တူး၏ ရုပ်အလောင်းကိုမူ ဇန်နဝါရီ ၈ ရက်တွင် ဗန်တွေ ဘုန်းကြီးကျောင်းတွင် သင်္ဂြိုဟ်ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က ပြည်သူများ အပေါ် စစ်မှုထမ်း မတရား ခေါ်ယူခြင်း ဆက်ကြေးများ မတရား ကောက်ခံခြင်း တို့ကြောင့် ပြည်သူ အများအပြားမှာ ထိုင်း၊ မလေး၊ UAE စသည့် နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
#MeKongNews
#ထိုင်း
#ဟိုပုံး
#ပြည်သူ
#ဓာတ်လိုက်
#သေဆုံး








