မဲခေါင်၊ ဇူလိုင် ၂၈
နှစ်နိုင်ငံနယ်စပ်က နယ်မြေအငြင်းပွားမှု အကြောင်းပြုကာ စစ်ပွဲစတင်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့မှာ ၄ ရက်မြောက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်။
ဇူလိုင်လ ၂၈ ရက်၊ မလေးရှားနိုင်ငံတွင် ၂ နိုင်ငံ ဝန်ကြီးချုပ်များဆွေးနွေးပြီးနောက် ချွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကြားဝင်စေ့စပ်ပေးသည့် ယနေ့ဆွေးနွေးပွဲသို့ ထိုင်းယာယီဝန်ကြီးချုပ် ဝီချရာချိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ရာ ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးမှာ ယနေ့ ဇူလိုင်လ ၂၈ ရက်ည သန်းခေါင်အချိန်မှ စတင်ကာ သက်ရောက်မည်ဖြစ်ကြောင်း နံနက်ဖြန် ဇူလိုင်လ ၂၉ ရက် နံနက် ၇ နာရီတွင် ၂ ဖက် ဒေသကွပ်ကဲရေးတပ်မှူးများ တွေ့ဆုံမည်ဖြစ်ပြီး ထိုင်းဘက်မှ ဒေသ ၁ နှင့် ဒေသ ၂ ကွပ်ကဲရေးတပ်မှူးများ တက်ရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယားဘက်မှ ဒေသ ၄ နှင့် ဒေသ ၅ ကွပ်ကဲရေးမှူးများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဩဂုတ်လ ၄ ရက်တွင်မူ ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နမိတ်ကော်မရှင် အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး မလေးရှားနိုင်ငံမှ လေ့လာရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ်များအကြား၊ နိုင်ငံခြားရေးဝန်ကြီးများအကြား၊ ကာကွယ်ရေးဝန်ကြီးများအကြား တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြန်လည်စတင်ရန်လည်း သဘောတူညီခဲ့ကြသည်။
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#အပစ်ရပ်
#အာဆီယံဥက္ကဌ
#မလေးရှား








