မဲခေါင်၊ ဒီဇင်ဘာ ၁၈
စစ်ကောင်စီရဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဌာနပြောင်းပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တယ်လို့ စစ်ကောင်စီက ဒီနေ့ (ဒီဇင်ဘာ ၁၈) ညမှာ ကြေညာပါတယ်။
လက်ရှိ ကာကွယ်ရေးဝန်ကြီးမှ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်ပါ ပူးတွဲ တာဝန်ထမ်းဆောင်ဖို့ စစ်ခေါင်းဆောင်က နေရာပြောင်းလိုက်တာပါ။
ကာကွယ်ဝန်ကြီးသစ်ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ယခင်က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ယူထားသူပါ။
ဌာနပြောင်းရွေ့ခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အာဏာမသိမ်းမီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်တွေကို ထမ်းဆောင်ဖူးသူပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာ ဒီရာထူးတွေကို ပထမဆုံးအကြိမ် အပြောင်းအလဲ လုပ်ခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ စစ်တက္ကသိုလ် အပတ်စဥ် ၂၅ ဆင်းဖြစ်ပြီး ကထစ (၆) လက်အောက်ခံ နေပြည်တော်တိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်တွေပါ ထမ်းဆောင်ဖူးသူလို့ မြန်မာနောင်းမှာ ရေးသားပါတယ်။
လစ်လပ်သွားတဲ့ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ ယခင်က စစ်ထောက်ချုပ် ရာထူး ယူထားသူပါ။
ရှမ်းနဲ့ ရခိုင်အပါအဝင် တနိုင်ငံလုံး နေရာအများအပြား ဆုံးရှုံးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နဲ့ ကျလုကျခင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တို့ကို သမိုင်းဝင် ဆုံးရှုံးထားတဲ့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် ငါးကြိမ်မြောက် ရာထူးကြီးပိုင်းတွေကို အပြောင်းအလဲလုပ်ခဲ့တာပါ။
#MeKongNews
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#ရာထူးပြောင်း
#ကြည်းရေလေ
#ဗိုလ်ချုပ်ကြီး
#ပြောင်းလဲ
#ကာကွယ်ရေးဝန်ကြီး
ပုံစာအညွှန်း – ဒီဇင်ဘာ ၁၂ ရက်က ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၂၆) မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်








