ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကိုလက်မခံသော တိုင်းရင်းသားကိုးဖွဲ့က အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေရေးဆွဲနေ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကိုလက်မခံသော တိုင်းရင်းသားကိုးဖွဲ့က တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးသွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု ယနေ့သတင်းထုတ်ပြန်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ၊ တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)စသည့်အဖွဲ့ ကိုးဖွဲ့၏သဘောထားကြေညာချက်သာဖြစ်သည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ကြောင်းနှင့် “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဖော်ပြသည်။
သျှမ်းကျောင်းသားများသမဂ္ဂက “တိုင်းပြည်သစ်တည်ဆောက်ကြမဲ့နေရာမှာ Holding together စနစ်နဲ့ဆက်မသွားဖို့ဆိုတာဖြစ်သင့်ပါတယ်” ဟုအကြံပြုသည်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေရေးဆွဲနေသောအစုအဖွဲ့များသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသောပြည်နယ်များဖြင့် စုဖွဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ကလည်း ဦးတည်ချက် (၆) ရပ်၊ ရပ်တည်ချက် (၉) ရပ်နှင့် လုပ်ငန်းစဉ် (၆) ရပ် ပါရှိသော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်”ကိုထုတ်ပြန်ခဲ့သေးသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသောအဖွဲ့အစည်းများ အားလုံးနှင့် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။
ဂနိုက်
#MeKongNews








