ပြန်လည်ထူထောင်ရေး ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်တဲ့ လားရှိုးမြို့ကို နေရပ်စွန်ခွါ စစ်ရှောင်သူတွေ ၆၅ ရာခိုင်နှုန်း ပြန်လည်ဝင်ရောက်
မဲခေါင်၊ဇန်နဝါရီ ၂၄
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်တဲ့ လားရှိုးမြို့ထဲကို နေရပ်စွန်ခွါ စစ်ရှောင်နေကြသူတွေ ၆၅ ရာခိုင်နှုန်းခန့် ပြန်လည်ဝင်ရောက်နေထိုင်ကြပြီလို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောပါတယ်။
၂၀၂၄ ဒီဇင်ဘာလထဲမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြားဆွေးနွေးမှု စတင်ပြုလုပ်ခဲ့စဉ်ကတည်းက မြို့နေလူထုက စတင်ကာပြန်လည်ဝင်ရောက်နေထိုင်ကြတာဖြစ်ပေမယ့် အခုလ(ဇန်နဝါရီ) စစ်ကောင်စီနဲ့ MNDAA တို့ တရားဝင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးချိန်မှာ မန္တလေး၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြို့တွေမှာ စစ်ရှောင်နေတဲ့လားရှိုးဒေသခံတွေ နေရပ်ကို ပြန်လည်ဝင်ရောက်နေထိုင်သူ ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတဘ်။
ဒေသခံတစ်ဦးက”စစ်ရှောင်တွေပြန်ဝင်နေတာဟုတ်တယ်၊ အုပ်ချုပ်ရေးပိုင်းကတော့သေချာမကောင်းမွန်သေးဘူး၊ ကိုးကန့်က ကျန်းမာရေးနဲ့ မီးပုံမှန်ရရှိရေးအတွက်အဓိကထားလုပ်နေတာမို့ပါ”လို့ မဲခေါင်ကိုပြောပါတယ်။
စစ်ပွဲအတွင်းစစ်ကောင်စီက လေကြောင်းဗုံးကြဲတာနဲ့ စစ်ပွဲပြီးစမှာ ဖေါက်ထွင်းခိုးယူသူတွေလက်ချက်ကြောင့် လားရှိုး တစ်မြို့လုံးအတိုင်းအတာမှာ ခန့်မှန်း ၃၀ ရာခိုင်နှုန်းပျက်စီးခဲ့ရာ MNDAA ထိန်းချုပ်မှုစတင်ချိန်ကစပြီးပြန်လည်ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းကာ ပြန်လည်ထူထောင်ရေးကို MNDAAနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ ရာမှာ ၈၀ ရာခိုင်နှုန်းခန့်တိုးတက်လာပြီလို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကို မနေ့ညပိုင်းကပြောပါတယ်။
ပြန်လည်ထူထောင်ရေးအဖွဲ့တာဝန်ရှိသူက “ အကုန်လုံးကတော့ပုံမှန်အတိုင်းလည်ပတ်နေပါတယ်၊ ဘက်ပေါင်းစုံကတော့တိုးတက်အောင်ဆောင်ရွက်နေပါတယ်၊ မြို့သန့်ရှင်းရေး၊ မီးရရှိရေး၊ ရေးရရှိရေးစတဲ့အခြေခံလိုအပ်ချက်တွေအကုန်လုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်”လို့မဲခေါင်ကိုပြောပါတယ်။
လားရှိုးပြည်သူတွေရဲ့ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာကဏ္ဍတွေကို MNDAA ရဲ့ အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့လမ်းညွှန်မှုအောက်ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးအဖွဲ့ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကဦးဆောင်ကာ MNDAA နဲ့ပူးပေါင်းလုပ်ဆောင်နေကြတာလို့ပြောပါတယ်။
လားရှိုးမြို့ပြန်လည်စည်ကားလာပေမယ့် အလုပ်အကိုင်ရှားပါးတာနဲ့ ကုန်ဈေးနှုန်းမြင့်မားတာကြောင့် ပြန်လည်နေထိုင်သူတွေထဲက အခြေခံလူတန်းစားတွေ စား ဝတ် နေ ရေးအတွက်ကြပ်တည်းကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တရုတ်နယ်စပ်ဂိတ်ပြန်ဖွင့်ပြီး စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေ တရားဝင်ကုန်သွယ်ခွင့်ရရှိပေမယ့် ကုန်ဈေးနှုန်းသိသိသာသာ ကျဆင်းပြောင်းလဲတာမျိုးမရှိသေးတာကြောင့် MNDAA အနေနဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေးကိုလည်း လုပ်ဆောင်ပေးသင့်တယ်လို့ ဒေသခံသတင်းအရင်အမြစ်ကအကြံပြုပါတယ်။
“လားရှိုးမြို့မှာမီးပြန်ရနေပြီ မှန်တော့မမှန်သေးဘူး၊ လာရင် တစ်ရက်လုံးလာတယ်၊ ပြီးရင် နှစ်ရက်ပြန်ပြတ်တယ်၊ အဲ့အတိုင်းတော့မှန်နေတယ်” လို့ဒေသခံကမဲခေါင်ကိုပြောပါတယ်။
လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီလက်ထဲကနေအပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကတည်းက ရှမ်းမြောက်ဒေသကို အဓိက ကုန်စည်စီးဆင်းရာ နယ်စပ်ဘက်တွေကို တရုတ်ဘက်ကပိတ်ဆို့ထားခဲ့ပြီး တစ်နှစ်ကျော်အကြာ အခုနှစ်၊ ဇန်နဝါရီလထဲမှာ တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေကိုဖွင့်လှစ်ကာ ကုန်စည်စီးဆင်းမှုခွင့်ပြုလိုက်ပြီဖြစ်ပါတယ်
MK – 016
#MeKongNews








