မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယနဲ့ ရပ်စောက်မြို့နယ်တို့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/ SSA)က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် အယောက် ၂၀ ဟာ ဒီနေ့ (အောက်တိုဘာ ၂၈)အထိ လွတ်မြောက်လာတာမျိုး မရှိသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၀၊ ၂၁ ရက်တွေမှာ ဖမ်းဆီးခဲ့တဲ့ လူငယ် ၂၀ ကို ရပ်စောက်မြို့နယ်၊ အလယ်ချောင်နဲ့ ကောင်းဘိုကျေးရွာကြားမှာ ကြိုးတုတ်ပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
“ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးအာကာလင်းက ခေါ်သွင်းလာတာ။ သူက စစ်တပ်နဲ့ရော RCSS နဲ့ရော နီးစပ်တဲ့ ဆက်ဆံရေး ရှိတယ်။ ဒီလိုဝင်လာတယ်ဆိုတာ စစ်တပ်ခွင့်မပြုလို့ မရဘူး။ အာကာလင်းကလည်း စစ်တပ်လက်အောက်ကဆိုတော့ ၃ ဖွဲ့လုံး အတူတူပါပဲ” လို့ ကောင်းဘို့ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။
ဦးအာကာလင်းရဲ့ နေအိမ်မှာလည်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း လုံခြုံရေးချထားပြီး RCSS တပ်သားတွေနဲ့ တွေ့ဆုံမှုလည်း ရှိတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပင်းတယမြို့နယ်၊ အင်းငယ်ရွာက ၁၁ ဦးနဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာက ၉ ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသေးသလို RCSS ကို ဆက်သွယ်ခဲ့ရာမှာလည်း တစ်စုံတစ်ရာ တုံ့ပြန်လာတာမျိုး မရှိသေးပါဘူး။
ပင်းတယမြို့နယ်၊ သရက်ပြားနဲ့ သစ်အယ်ပင်ကျေးရွာမှာလည်း RCSS က ပြီးခဲ့တဲ့ တစ်ပတ်အတွင်း လူငယ် ၅ ဦးစီ ဖမ်းဆီးခဲ့ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရွာချင်းနီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အဲဒါက ဆေးရောင်းသူကို ရှာဖမ်းခိုင်းတာပါ။ မရှိရင် ရှိတဲ့ ၅ ယောက်ကို ဥက္ကဌက ရှာပို့ပေးရတယ်။ လေးငါးရက်နေရင်တော့ သူတို့ ပြန်လွှတ်ပေးတယ်”
စက်တင်ဘာလကတည်းက ပင်းတယနဲ့ ရပ်စောက်မြို့ကို RCSS ဝင်ရောက်လာပြီးနောက်ပိုင်း ဆက်ကြေးကောက်ခံတာ၊ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတယ်/ တပ်မတော် (SSPP/ SSA)နဲ့ ကျောက်ဂူဒေသတစ်ဝိုက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
MK-014








