မဲခေါင်၊ သြဂုတ် ၁၆
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် စာသင်ကျောင်းတွေက ကလေးငယ်တွေကို Mobye Resue Team က မနေ့ သြဂုတ်လ ၁၅ ရက်မှာ ကျန်းမာရေးစစ်ဆေးခဲ့ကာ လိုအပ်တာတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲမြို့နယ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၃၀က ကလေးတိုင်းကို သန်ချဆေး တိုက်ကျွေးတာခဲ့တာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေ အခမဲ့ထောက်ပံ့ခဲ့ပြီး ကြည့်ရှု့ကုသပေးခဲ့တယ်လို့ သိရပါတယ်။
“သန်ချဆေး ကလေးအယောက်တိုင်းစီကျွေးနိုင်ပေမယ့် အားဆေးကျတော့ မပေးနိုင်ဘူး၊ လိုအပ်တဲ့အခြေအနေမှသာ ပေးနိုင်နေတယ်၊ ဆေးတွေ အများကြီးဝယ်ရတာ၊ သယ်ရတာ၊ ပြင်ဆင်ရတာပါ၊ အလှူရှင်ရှားပါးလာနေတာဖြစ်လို့ အပြည့်အဝပေးချင်ပေမယ့် ကန့်သတ်ပေးလာရတဲ့အနေအထားဖြစ်လာတယ်”လို့ Mobye Rescue Team တာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သာမန် နှာစေး၊ ချောင်းဆိုး၊ ဖျားနာစတဲ့ အခြေအနေအတွက်လိုအပ်တဲ့ ဆေးပမာဏကို ငွေနဲ့တွက်မယ်ဆိုပါက အနည်းဆုံး ကျပ်ငွေ ၁ သောင်းဝန်းကျင်သုံးစွဲရပြီး၊ ဆေးတွေ စွဲသောက်ရတာ နာတာရှည်လူနာတွေကျတော့ ၁ ဦးကို အနည်းဆုံး ကျပ် ၂သောင်းကနေ ၃ သောင်းဝန်းကျင်လောက် အခမဲ့ဝန်ဆောင်မှုပေးနေတယ်လို့ ပြောပါတယ်။
အခမဲ့ကုသပေးနေတာ ကြာလာတဲ့အတွက် ခက်ခဲလာပြီး လတိုင်း လူနာ ထောင်ချီ ဆေးဝါးကုသနေရတဲ့လိုအပ်ချက်ကို ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးဖို့ မေတ္တာရပ်ခံနေပါတယ်။
MBRT ဟာ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်လုပ်ပေးနေတာအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ မီးဖွားမိခင်တွေသာမက စားနပ်ရိက္ခာလိုအပ်ချက်တွေကို အလှူရှင်တွေကိုယ်စား တောတောင်ထဲ ခက်ခဲတဲ့နေရာတွေက ပြည်သူတွေ၊ စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ ပြည်သူ့အကျိုးပြုအဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီး သပိတ်ကာလ အစောပိုင်းတွေမှာ သပိတ်စစ်ကြောင်းဦးဆောင်လှုပ်ရှားခဲ့သူတွေ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွေတက်ရင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ အစပြုခဲ့တာဖြစ်ပြီး တိုက်ပွဲရှေ့တန်းကယ်ဆယ်ရေးအစ နောက်တန်းပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အဟာရကိစ္စတွေကို အခက်အခဲတွေကြားက ရုန်းကန်လှုပ်ရှား ကြိုးစားနေကြရင်း စစ်ကောင်စီရဲ့လေယာဉ်ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့သူတွေ ရှိခဲ့ပြီး လက်ရှိမှာ ရှမ်းတောင်နဲ့ကရင်နီနယ်စပ်က ပြည်သူတွေအတွက်အကျိုးဆောင်ပေးနေတယ်လို့သိရပါတယ်။
MK-012














