ပြည်စိုး
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူပြီးနောက်တွင် အမေရိကန်ဒေါ်လာ (၁) ဘီလီယံတန်ကြေးရှိ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူတင်သွင်းထားကြောင်း မေလ (၁၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာ့လူအခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူဦးဆောင်သည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
အဓိက လက်နက်ထောက်ပံ့ရောင်းဝယ်နေသည့် နိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးကပ်စွာရှိနေသည့် ရုရှားနိုင်ငံမှ ဖြစ်သည်။ ရုရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၆၇ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ စင်္ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၁သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၈သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာစစ်တပ်မှ ဝယ်ယူထားခဲ့သည်ဟု စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသစ်တွင် ပါရှိသည့် အချက်အလက်များမှ ဆိုသည်။
ယင်းအစီရင်ခံစာသည် ပေါက်ကြားလာခဲ့သည့် သတင်းအချက်များကိုသာ မူတည်ကာ ဖော်ပြထားခြင်းဖြစ်ပြီး၊ မြန်မာစစ်တပ်၏ လျှို့ဝှက်ဝယ်ယူမှု အစီအစဉ်များစွာရှိနေသေးကြောင်း လေ့လာသူများမှ သုံးသပ်ကြသည်။ ဒေါ်လာ (၁)ဘီလီယံသည် မြန်မာစစ်တပ်၏ ပေါက်ကြားလာသည့် လက်နက်ဝယ်ယူရာတွင် သုံးစွဲနေသည့် ငွေကြေးသာဖြစ်ပြီး မြေပြင်စစ်ရေးအသုံးစရိတ်များ ပါဝင်လာခြင်း မရှိသေးပေ။
မြန်မာစစ်တပ်သည် ၂၀၂၃-၂၄ ပြည်ထောင်စုဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ဘက်ဂျက်နှစ်အစအား ဧပြီလသို့လည်း ပြန်လည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ မြန်မာစစ်တပ်၏ ကာကွယ်ရေးအသုံးစရိတ် ဘက်ဂျက်သည် သိသာစွာမြင့်တက်လာခဲ့သည်။ ၂၀၂၁ မီနီဘက်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ်မှာ ဘက်ဂျက်၏ ၁၀ဒသမ၆၆ ရာခိုင်နှုန်း၊ ၂၀၂၂-၂၃ ဘက်ဂျက်ကာလတွင် ၂၀ဒသမ ၅၈ရာခိုင်နှုန်း၊ ၂၀၂၃- ၂၄ ဘက်ဂျက်တွင် ၂၈ဒသမ ၂၃ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည် ယခု ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲရန် တောင်းဆိုထားခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းယူမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများအပြား ထွက်ခွာသွားကြသည်။ မြန်မာစစ်တပ်၏ အဓိကဝင်ငွေသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ မှတ်တမ်းတင်ထားရှိသည့် စာရင်းများအရ မြန်မာစစ်တပ်သည် အာဏာသိမ်းယူပြီးချိန်မှစတင်ကာ ၂၀၂၃ခုနှစ် ဧပြီလအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှာ အမေရိကန်ဒေါ်လာ ၂၁၄၉ မီလီယံကျော် ထိရရှိခဲ့သည်။
နိုင်ငံတကာမှာ ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မြန်မာစစ်တပ်သည် နိုင်ငံအတွင်း ပြည်သူများအပေါ် စစ်ပွဲများ နေ့စဉ် ဆင်နွှဲနေမှုကြောင့် ဝင်ငွေလိုအပ်ချက်များစွာရှိနေသည်။ မြန်မာစစ်တပ်၏ ဝင်ငွေရှာဖွေမှုများတွင် ငွေတိုက်စာချုပ်များ ရောင်းချမှုများလည်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက်လက်မှတ်များအား လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် စတင်လုပ်ဆောင်ခဲ့သည်။
အရပ်သားအစိုးရလက်ထက် အစိုးရ ဘက်ဂျက်လိုငွေ ဖြည့်ဆည်းရန် ပြည်သူများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံ ထုတ်ဝေရောင်းချခြင်းဖြစ်သည်။ ငွေတိုက်စာချုပ်သည် အစိုးရမှ ပြည်သူများထံ အတိုးနှုန်းပေးကာ ငွေချေးယူခြင်းပင်ဖြစ်သည်။
ငွေတိုက်စာချုပ်တွင် တစ်နှစ်အောက် သက်တမ်းရှိ ငွေတိုက်လက်မှတ် (Treasury Bills)နှင့် တစ်နှစ်အထက် သက်တမ်းရှိသည့် ငွေတိုက်စာချုပ် (Treasury Bond) ဟူ၍ နှစ်မျိုးရှိသည်။ တစ်နှစ်အောက် ငွေတိုက်စာချုပ်များသည် အတိုးနှုန်းကြိုတင်နုတ်ယူထားပြီးနောက် ဝယ်ယူရသည့် အမျိုးအစားဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ချိန်တွင် စာချုပ်၏ သတ်မှတ်မူလတန်ဖိုးအတိုင်း အစိုးရမှ ပြန်လည် ပေးဆောင်ရသည်။
တစ်နှစ်အထက် ငွေတိုက်စာချုပ်များအတွက်မူ အစိုးရမှ (၆)လလျှင်တစ်ကြိမ် အတိုးနှုန်းပေးအပ်ပြီး စာချုပ်သက်တမ်းပြည့်ချိန်တွင် လက်ကျန်အတိုးနှင့် မူလ စာချုပ်တန်ဖိုးကို ပြန်လည် ပေးအပ်ရသည်။ အတိုးနှုန်းမှာ ၇ဒသမ ၅ရာခိုင်နှုန်းထိရှိသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်၏ တရားဝင် Website တွင်ဖော်ပြထားချက်များအရ မြန်မာစစ်တပ်သည် ၂၀၂၂ခုနှစ် ဧပြီလ ၄ရက်နေ့မှ စတင်ကာ ၂၀၂၃ခုနှစ် ဇူလိုင်လ ၇ရက်နေ့အထိ (၄၆)ကြိမ်တိုင် ငွေတိုက်စာချုပ်များအား ရောင်းချခဲ့သည် စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၉၆၈၀၃၉၃ အထိ ရှိသည်။ ယင်းငွေတိုက်စာချုပ်များအား ဝယ်ယူခွင့်ရသူများသည် မြန်မာစီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များနှင့် ဆက်စပ်နေသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်သည်။
၎င်းတို့သည် ပြည်သူများ ဘဏ်များတွင် စုဆောင်းထားသည့် ငွေကြေးများနှင့် ပြန်လည် ဝယ်ယူနေခြင်းဖြစ်သည်။ ပြည်သူများစုဆောင်းထားသည့် ငွေကြေးများကိုမူ အတိုးနှုန်းနည်းပါးစွာပေးချေကာ မြန်မာစစ်တပ်မှ ရောင်းချသည့် ငွေတိုက်စာချုပ်များအား ဝယ်ယူလျှက် အတိုးနှုန်းအမြတ်ငွေကို ရှာဖွေမှုများ လုပ်ဆောင်သည်။
မြန်မာနောင်း၏ ဆောင်းပါးတစ်ပုဒ်တွင် မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ်ဝယ်ယူထားသည့် စာရင်းများအား ဖော်ပြချက်အရ မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ် အများဆုံးဝယ်ယူထားသည်မှာ နိုင်ငံပိုင်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်ဖြစ်ပြီး ၁၉၀၀၀၀ ကျပ်သန်းအထိ ဝယ်ယူထားသည်။
ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဧရာဝတီဘဏ်နှင့် ဆက်စပ် ငွေရေးကြေးလုပ်ငန်း၊ ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်နှင့် ဆက်စပ်ငွေရေးကြေးလုပ်ငန်း ၊ ဦးသိမ်းဝေ ပိုင်ဆိုင်သည့် ရိုးမဘဏ်၊ ဦးသိန်းထွန်းပိုင်ဆိုင်သည့် ထွန်းဖောင်ဒေးရှင်းဘဏ်၊ ဦးကိုကိုကြီး ပိုင်ဆိုင်သည့် မြန်မာနိုင်ငံသားများဘဏ်များသည်လည်း ငွေတိုက်စာချုပ်များအား အများအပြား ဝယ်ယူထားသည်ကို တွေ့ရသည်။
ပြည်သူများ၏ ဘဏ်အကောင့်များစွာကို မြန်မာစစ်တပ်အလိုကျ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည့် ပုဂ္ဂလိကပိုင်ဘဏ်များသည် ပြည်သူများ စုဆောင်းထားသည့် ငွေကြေးများဖြင့် မြန်မာစစ်တပ်၏ ဝင်ငွေအား ဖြစ်ပေါ်စေသော ငွေတိုက်စာချုပ်ဝယ်ယူမှုသည် ပိုင်ဆိုင်သည့် လုပ်ငန်းရှင်များ၏ မရိုးဖြောင့်မှုများကိုလည်း ပြသရာရောက်သည်။ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်များအနက် ငွေတိုက်စာချုပ် အများဆုံး ဝယ်ယူထားသူသည် ဦးဇော်ဇော်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် အစိုးရနှင့် နီးကပ်မှုရှိခဲ့သော Max Myanmar ကုမ္ပဏီအစုအဖွဲ့ပိုင်ရှင် ဦးဇော်ဇော်၏ ဧရာဝတီဘဏ်နှင့် ဆက်စပ်ငွေရေးကြေးရေး လုပ်ငန်းမှ စစ်ကောင်စီထံမှ ကျပ်သန်းပေါင်း ၄၆၅၀၀ တန်ကြေးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့မှုသည် အံ့ဩစရာတစ်ခုတော့ မဟုတ်ပေ။
၂၀၁၇ခုနှစ် ဩဂုတ်လအတွင်းတွင် မြန်မာစစ်တပ်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအပြီး စက်တင်ဘာလ ၁ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် နေပြည်တော် ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ဆောင်နိုင်ရန်အတွက် ရံပုံငွေလိုအပ်ချက်များတောင်းခံရာတွင် ဦးဇော်ဇော်မှ အမေရိကန်ဒေါ်လာ ၉၇၆၈၅၇ အထိ လှူဒါန်းခဲ့သည်။
ထို့အပြင် လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ နေရပ်မပြန်နိုင်ရေးအတွက် နယ်စပ်ခြံစည်းရိုးခတ်နိုင်ရန် အလှူငွေများ ကောက်ခံရာတွင်လည်း ဦးဇော်ဇော်မှ အမေရိကန်ဒေါ်လာ ၆၅၄၀၀၀ အထိလှူဒါန်းခဲ့သည်။
မြန်မာစစ်တပ်အာဏာသိမ်းယူပြီးနောက် လူအများမြင်ကွင်းနှင့် သတင်းမီဒီယာစာမျက်နှာများပေါ်တွင် ပျောက်ကွယ်နေသည့် ဦးဇော်ဇော်သည် ၂၀၂၃ခုနှစ် ဇွန်လ ၂၉ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်လုပ်ဆောင်နေသည့် မာရဝိဇယ ကျောက်ဆစ်ဘုရား တည်ဆောက်ရေး စုပေါင်းအလှူပွဲတွင် ကျပ်သိန်းပေါင်း ၂၉၇၀ လှူဒါန်းခဲ့သည်ကို တွေ့ရှိရသည်။
ပုဂ္ဂလိကဘဏ်များအနက် မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ် ဒုတိယအများဆုံး ဝယ်ယူထားသူမှာ ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေဖြစ်သည်။ ၂၀၂၀ခုနှစ်တွင် မြန်မာစစ်တပ်ပိုင် Mytel မိုဘိုင်းအော်ပရေတာအတွက် တာဝါတိုင်များ ဆောက်လုပ်နိုင်ရန် ရိုးမဘဏ်မှ ၁ဒသမ၈ ဘီလီယံကျပ်အား ထုတ်ချေးခဲ့သည်။ ဦးသိမ်းဝေသည် ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်နေရာဟောင်းအား အဆင့်မြင့်အိမ်ရာနှင့် ဈေးဝယ်စင်တာပါဝင်သည့် တည်ဆောက်ရေး စီမံကိန်းတစ်ခုအား ရရှိထားသည်။
ပုဂ္ဂလိကဘဏ်များအနက် မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ် တတိယအများဆုံး ဝယ်ယူထားသူမှာ ဦးကိုကိုကြီးပိုင် မြန်မာနိုင်ငံသားများဘဏ် ဖြစ်သည်။ ဦးကိုကိုကြီးသည် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်ထားသည်။
ပုဂ္ဂလိဘဏ်များအနက် မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ် စတုတ္ထအများဆုံး ဝယ်ယူထားသူမှာ ဦးသိန်းထွန်းပိုင်ဆိုင်သည့် ထွန်းဖောင်ဒေးရှင်းဘဏ်ဖြစ်သည်။ ဦးသိန်းထွန်းသည် ကွယ်လွန်သွားပြီဖြစ်သည်။
မြန်မာစစ်တပ်ထံမှ ငွေတိုက်စာချုပ်များဝယ်ယူခဲ့သည့် ငွေရေးကြေးရေးအဖွဲ့များအနက် ဦးအောင်ကိုဝင်းပိုင် KBZ Group လည်းပါဝင်ခဲ့သည်။ ဦးအောင်ကိုဝင်းသည် ဦးဇော်ဇော်နည်းတူ ရိုဟင်ဂျာများ နေရပ်မပြန်နိုင်ရေးအတွက် ခြံစည်းရိုးများ ကာရံရန် အမေရိကန်ဒေါ်လာ ၂ဒသမ၂သန်းနှင့် ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ရခိုင်ပြည်ရှိ စစ်သားများအတွက် အမေရိကန်ဒေါ်လာ ၂ဒသမ၄၇သန်းအထိ လှူဒါန်းခဲ့ဖူးသည်။ မြန်မာစစ်တပ်နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လုပ်ဆောင်နေသည့် မာရဝိဇယ ကျောက်ဆစ်ဘုရား တည်ဆောက်ရေးတွင် ငွေကျပ် သိန်း ၂၀၀၀ အားလှူဒါန်းခဲ့သည်။
ယခုငွေတိုက်စာချုပ် ဝယ်ယူထားသည့် စာရင်းများသည် ပေါက်ကြားလာသည့် သတင်းအချက်အလက်များအရသာ သိရှိရခြင်းဖြစ်ပြီး မြန်မာစစ်တပ်သည် ငွေတိုက်စာချုပ်လေလံအောင်မြင်သူများအား ထုတ်ပြန်လေ့မရှိပေ။
မြန်မာစစ်တပ်သည် ပြည်သူများအား ဖိနှိပ်မှုများ လုပ်ဆောင်နိုင်ရန် ငွေကြေးရှာဖွေရာတွင် ငွေတိုက်စာချုပ်များ ရောင်းချခြင်းမှာ ဝင်ငွေရရှိသည့် နည်းလမ်းဖြစ်သောကြောင့် လစဉ်နီးပါး ငွေတိုက်စာချုပ်များ ရောင်းချနေသည်။ ၎င်းငွေတိုက်စာချုပ်များ ဝယ်ယူနေသည်မှာ ပုဂ္ဂလိကဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ နိုင်ငံပိုင်အဖွဲ့အစည်းများမှ ပြန်လည်ဝယ်ယူနေခဲ့သည်။
ယင်းလုပ်ရပ်သည် ပြည်သူများစုဆောင်းထားသည့် ငွေကြေးများဖြင့် ပြည်သူများအား ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ပြန်လည်ထောက်ပံ့နေသည့်သဖွယ် ဖြစ်ပေါ်နေသည်။
#MeKongNews
#စစ်ကောင်စီ
#ငွေတိုက်စာချုပ်
#ပြည်သူ