မဲခေါင် ဇွန် ၁၁
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အ.မ.က ၂၀ ကျောင်းမှာ ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတွေ လုပ်အားပေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။
ကျောင်းကြီးစုရပ်ကွက်မှာ အိမ်ခြေထောင်ချီရှိပေမယ့် အစည်းအဝေးတက်ရောက်သူ အယောက် ၃၀ သာ ရှိခဲ့တဲ့အတွက် စစ်မှုထမ်းမယ့်သူမရှိတာကြောင့် ငွေကြေးကောက်ခံသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေက ဆိုပါတယ်။
ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “သူတို့ လုပ်အားပေး အကြောင်းပြပြီးခေါ်တာ သတင်းပေါက်ကြားသွားတော့ ဘယ်သူမှ မတက်ကြတာ။ အဲ့ဒီတက်တဲ့ အယောက် ၃၀ တောင်မှ နယ်မြေမှူးက သူ့အိမ်နီးနားချင်းတွေကို လိုက်ခေါ်ထားရတာ။ ဒါတောင်မှ သူ့အမျိုးတွေ မလာဘူး” လို့ ပြောပါတယ်။
အစည်းအဝေးမှာ ရပ်ကွက်တွင်း စစ်မှုထမ်းမယ့်သူ မရှိတာကြောင့် တစ်အိမ်ကို ငွေကျပ် ၇ သောင်းခန့် ကောက်ခံသွားမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဇွန်လကုန် နောက်ဆုံးထည့်ဝင်ရမယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအတွက် လူတစ်ဦးငှားရမ်းစရိတ်ကို တစ်နှစ်စာ အနည်းဆုံး သိန်း ၁၀၀ ခန့် ပေးရမှာဖြစ်ပြီး ဘယ်နှစ်ဦး ငှားရမ်းမယ်ဆိုတာတော့ မသိသေးဘူးလို့ ဆိုပါတယ်။
နယ်မြေမှူးနဲ့ နီးစပ်သူတစ်ဦးက “ဥပမာ- ၃ ယောက်ငှားလို့ သိန်း ၃၀၀ ကုန်မယ်ဆိုလို့ရှိရင် အုပ်ကြီးက ပမာဏတစ်ခု သတ်မှတ်ပြီး ကောက်တာပေါ့။ တစ်အိမ်ချင်း ထည့်ဝင်ရမယ့် ပိုက်ဆံက လူစားထိုးအတွက် ပေးရမယ့်ဟာထက် ပိုလျှံတယ်။ ပိုတဲ့ပိုက်ဆံတော့ အုပ်ကြီးနဲ့ ကျန်တဲ့သူတွေ ဝေစားမျှစားပေါ့။ စစ်တပ်လည်း စားမှာပေါ့” လို့ ပြောပါတယ်။
ရပ်ကွက်အတွင်း ကျန်တဲ့နယ်မြေတွေတော့ မသိရသေးပေမယ့် နယ်မြေ ၁၄ မှာတော့ မထည့်ဝင်နိုင်ဘူးလို့ ငြင်းဆိုထားတဲ့ အိမ်ထောင်စု ၃ စုကို နယ်မြေမှူးက ရပ်ကွက်ကနေ ဖယ်ကျဥ်သွားမယ်လို့ သိရပါတယ်။
တောင်ကြီးမြို့မှာ စစ်မှုထမ်း အများဆုံးပါဝင်တဲ့ ရပ်ကွက်ဟာ အောက်ခြေလူတန်းစား လက်လုပ်လက်စားတွေ နေထိုင်ကြတဲ့ ရတနာသီရိရပ်ကွက်ဖြစ်ပြီး ဒီနေ့ ဇွန် ၁၁ ရက်နေ့အထိ ၁၀ ဦးကျော် ခေါ်ယူသွားပြီလို့ ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။
MK-015








