မဲခေါင်၊ မတ် ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်နဲ့ မီးဖွားမိခင်တွေ အစစအရာရာ အကူအညီများ လွန်စွာလိုအပ်နေတယ်လို့ နီးစပ်ရာတွေကို အကူအညီ တောင်းခံနေကြောင်း သိရပါတယ်။
ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ဆိုက်ခေါင်စတဲ့ နေရာတွေက စစ်ဘေးရှောင်နေကြတဲ့ ကိုယ်ဝန်ဆောင်တွေ မီးဖွားရင်ဆေးရုံသွားဖို့ခက်ခဲတာ၊ မီးဖွားပြီး ဆေးရုံဆင်းတာ၊ စစ်ရှောင်နေရာကို ပြန်ဖို့ ကူညီသူ မရှိသလောက် ဖြစ်နေလို့ အကူအညီတောင်းနေကြတယ်လို့ သိရပါတယ်။
“ကလေးမွေးပြီး နောင်ကားပြန်ဖို့ကို နောင်ကားအထိ လိုင်းကားမရှိလို့ပြန်လို့မရဘူး ဖြစ်နေတာ၊ ခုထိကူညီမယ့်သူမရှိလို့ ဆေးရုံကမဆင်းနိုင်သေးဘူး၊ အကူအညီတော့ လှည့်ပတ်တောင်းနေတာပဲ ခုထိတော့ မရသေးဘူး” လို့ နောင်ကားက နေ တောင်ကြီးမိခင်နဲ့ကလေးဆေးရုံမှာ လာပြီးမီးဖွားတဲ့ မိခင် ၁ဦးနဲ့ မိသားစုဝင်တွေက မဲခေါင်ကို ပြောပါတယ်။
စစ်ရှောင်နေကြရတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ အဟာရပြည့်ဝအောင် စားသောက်ဖို့လိုအပ်နေတာ၊ အသက်လုထွက်ပြေးလာကြရ တဲ့အတွက် အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ပါကြပြီး ဘာအဝတ်အစားမှ ပါမလာကြတာ၊ စောင် ခြင်ထောင်မပါ ဖြစ်သလို အိပ်စက်နေကြရတာ၊ မီးဖွားပြီးကလေးအတွက် အနှီးကအစ မီးဖွားစရိတ်လိုအပ်တာ၊ ကလေးကျန်းမာရေး ဆေးဝါးနဲ့စောင့်ရှောက်မှုလိုအပ်တာ၊ မီးဖွားမိခင်အတွက် အဟာရပြည့်ဖို့ဆန်ဆီ ရိက္ခာကအစ လိုအပ်မှုတွေ များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ လူမှုကူညီနေတဲ့သူတွေဆီက စာရင်းအရ စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် ၂၂ ဦးနဲ့ မီးဖွားပြီးမိခင် ၄ဦးရှိနေပြီး ကက္ကူ၊ နောင်ကား၊ ဖာမွန်း၊ ထီဖောင်း စတဲ့ စစ်ရှောင်နေရာစုံမှာ ရှိနေတယ်လို့ သိရပါတယ်။အလားတူ လေဖြတ်၊ လူအို ၊ သူငယ်ပြန်၊ နာတာရှည်ရောဂါသည်အချို့ဟာ ဆောင်ငုံဘုန်းကြီးကျောင်း၊ နောင်ယွေး၊စတဲ့နေရာတွေမှာ ခိုလှုံစစ်ဘေးရှောင်နေကြပြီး အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေကို အရေးပေါ်၊ ယာယီနဲ့ ကာလရှည် ဆိုပြီး ခွဲခြားရာမှာ ပအိုဝ်းဒေသ စစ်ဘေးရှောင်တွေဟာ ဟိုပုံး၊စံဖူးတိုက်ပွဲ ဇန်နဝါရီက ၂၁ ရက်ကနေ ဆီဆိုင်ကို တိုက်ပွဲကူးစက်တဲ့ ဇန်နဝါရီ ၂၃ ရက်ကစကာ အရေးပေါ် ကိုယ်ပေါ်ပါအဝတ်အစားတွေနဲ့သာ စစ်ဘေးရှောင်လာကြရသူတွေ ဖြစ်တယ်လို့သိရပါတယ်။
ယခု ၁ရက်ပေါင်း ၅၀ ဝန်းကျင်မှာ ယာယီကနေ ကာလရှည်စစ်ဘေးရှောင်တွေ ဖြစ်လာနေလို့ အထောက်အပံ့အကူအညီတွေ နည်းပါးလာနေသလို အိမ်ပြန်လို့မရ၊ ဝင်ငွေမရှိ ၊စားဝတ်နေရေး အခက်အခဲတွေ လိုအပ်ချက်တွေ ပိုမိုမြင့်တက်လာနေတာဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးလိုအပ်ချက်တွေ များစွာလိုအပ်နေတာဖြစ်ပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ မတ်လ ၂ရက်အထိ စစ်ဘေးရှောင်စာရင်းမှာ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင် ၃မြို့နယ်က စစ်ဘေးရှောင်ဦးရေ ၉ သောင်းကျော် ၁သိန်းနီးပါးရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-012








