မဲခေါင်၊ မေ ၄
ဟောမုဇ်ရေလက်ကြား လုံခြုံရေးသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ လက်ထဲတွင်ရှိကြောင်း နှင့် ဘေးကင်းစွာ ဖြတ်သန်းရေးနှင့် ခုတ်မောင်းသွားရေးအတွက် မည်သည့် အခြေအနေတွင်မဆို အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အီရန်စစ်တပ်က ပြောကြားသည်။
အီရန်မီဒီယာများက ဖော်ပြကြသော စစ်တပ်ထုတ်ပြန်ချက်သည် သောင်တင်နေသော သင်္ဘောများအား လမ်းညွှန်ပေးမည့် ရေတပ်မစ်ရှင်အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ကို တုံ့ပြန်ခြင်း ဖြစ်ပုံရသည်။
“ဟောမုဇ်ရေလက်ကြား လုံခြုံရေးကို ကျနော်တို့မှာ ရှိသမျှ အင်အားအကုန်သုံးပြီး ဆက်လက်ထိန်း သိမ်း၊ စီမံခန့်ခွဲသွားမှာဖြစ်ပြီး သူတို့ရဲ့လုံခြုံရေး မထိခိုက်စေဖို့အတွက် ကုန်တင်သင်္ဘောနဲ့ ရေနံတင် သင်္ဘောအားလုံး ဟောမုဇ်ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ဘယ်လို လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြဖို့ ကျနော်တို့ ကြေညာပါတယ်” ဟု အီရန်စစ်တပ်က ပြောကြားသည်။
မည်သည့် နိုင်ငံခြားတပ်ဖွဲ့ အထူးသဖြင့် ရန်လိုသော အမေရိကန်စစ်တပ်က ဟောမုဇ်ရေလက်ကြားထဲသို့ ဝင်ရောက်ခြင်းနှင့် ချဉ်းကပ်ရန်ကြိုးစားမှုလုပ်ခဲ့ပါက တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်ဟုလည်း စစ်တပ်က ဆက်ပြောသည်။
ဟောမုဇ်ရေလက်ကြားတွင် အမေရိကန်၏ ကြားဝင်လုပ်ဆောင်မှုမှန်သမျှကို အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်မှုအဖြစ် ရှုမြင်မည်ဖြစ်ကြောင်း အီရန်ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သူ အီဘရာဟင်အဇီဇီကလည်း X လူမှုကွန်ရက်ပေါ်တွင် သတိပေးပြောကြားသည်။
“ဟောမုဇ်ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့ကို ထရမ့်ရဲ့ ကယောင်ခြောက်ခြားပို့စ်တွေနဲ့ စီမံခန့်ခွဲသွားမှာ မဟုတ်ပါဘူး” အီရန်ပါလီမန် အမျိုးသားလုံခြုံ ရေးကော်မရှင်ဥက္ကဌ ဖြစ်သူ အဇီဇီက ပြောသည်။
အေးကျော်
Ref: Al Jazeer
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#သင်္ဘောများ
#အီရန်စစ်တပ်
#သတိပေး








