မဲခေါင်၊ မတ် ၁၉
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အမှတ် (၉) ရပ်ကွက် ဧရာဝဏ်လမ်းရှိ ဝင်းကွန်ပျူတာ မိတ္တူဆိုင်မှာ ရဲ ၃ ဦး မတ်လ ၁၇ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အမျိုးသား ၂ ဦး မိတ္တူဆိုင်အတွင်း ရောက်ရှိလာပြီး သေနတ်နဲ့ ၁၂ ချက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ သေတဲ့ပုံတွေ လိုင်းပေါ်တက်လာလို့ မိုးစက် ပရဟိတအသင်းကလူတွေ အကုန်အစစ်ခံနေရတယ်။ အသင်းဥက္ကဌလည်းဖမ်းပြီး အစစ်ခံရတဲ့အထဲမှာ ပါတယ်။ အဲ့ဒီ (၉) ရပ်ကွက် NLD ထောက်ခံတဲ့ မင်းမင်း မိန်းမကိုရှာတာ မတွေ့လို့ သမီး ၂ ယောက်နဲ့ခယ်မကို ဖမ်းသွားတယ်။ အဲ့ဒီမင်းမင်းညီ ပျူခေါင်းဆောင်တင်လင်းထိုက် ခေါ် လင်းလင်း လို့ခေါ်ကြတယ်။ မင်းမင်းကတော့ ဓားနဲ့ခုတ်ခံရလို့ သေသွားပြီ” လို့ သူကပြောပါတယ်။
အလားတူ သာကေတ (၁၀) မြောက်ရပ်ကွက် လယ်ယာ (၅) လမ်းရှိ ယခင်လမ်းလူကြီး ဖြစ်ခဲ့သူ ဦးစံမြင့် ဆိုသူကိုလည်း စစ်ကောင်စီက မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်က လာရောက် ဖမ်းဆီးသွားပြီး သားဖြစ်သူမှာ အင်းစိန် ထောင်အတွင်း ဖမ်းဆီး ခံထားရသူဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ရဲတပ်ကြပ်စောလေးဖောနဲ့ အောင်ထက်တို့ ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ပြီး တပ်ကြပ်စိုးဝင်းနိုင်မှာ ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး စစ်ဆေးရုံသို့ ပို့ဆောင်ကုသပေမယ့် ရရှိထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
သေဆုံးတဲ့ ရဲ ၃ ဦးဟာ သာကေတ အမှတ် (၂) ရဲစခန်းက ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သာကေတမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ဒေသခံအချို့ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ကာ ညပိုင်း ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ရဲတွေ အသုဘချမယ့် နေရာနဲ့ အချိန်ကို နာရေးဖိတ်စာမှာ ဖော်ပြထားတာ မရှိဘဲ မတ်လ၂၃ ရက်နေ့မှာ ရက်လည် ဆွမ်းသွပ် နေအိမ်မှာ ပြုလုပ်မယ်လို့ ဖိတ်စာမှာ ဖော်ပြထားပါတယ်။
MK-005
MekongNews