မနေ့က ည ၈ နာရီ ၅၀ မိနစ်က သရက်-ကံမ ကားလမ်းဘေးမှာ “ စစ်ခွေး နိဂုံး ၂၀၂၃” စာသားပါ တော်လှန်ရေး ဘန်နာ ချိတ်ဆွဲပြီး ကနဦး အဝေးထိန်းမိုင်း တစ်လုံးကို အသံပေး ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
ည ၉ နာရီ ၁၀ မိနစ်မှာ မိုင်းသံကြားရာသို့ စစ်သားနဲ့ ရဲသားအချို့ ရောက်ရှိလာပြီး သေနတ်တွေနဲ့ ရမ်းသန်း ပစ်ခတ်နေစဉ် အဝေးထိန်းမိုင်း နောက်တစ်လုံး ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ Eagle Force သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ကျွန်တော်တို့ အရပ်သတင်းပေးရဲ့ ပြောတဲ့ သတင်းအရ ၃ ယောက် ထိခိုက်တယ်လို့ သိရပါတယ်။ သူတို့ သတင်းအရတော့ လူအထိအခိုက် မရှိဘူးလို့ သိရပါတယ်။ သူတို့ဘက်က အထိအခိုက် အကျအဆုံး ရှိရင် သတင်းဖုံးတာမျိုး လုပ်တာတွေတော့ ရှိပါတယ်။ သတင်း အတိအကျတော့ အတည်မပြုနိုင်သေးဘူး ခင်ဗျာ
လို့ သူက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်း ပကဖ- Eagle Force တပ်ဖွဲ့က ပြုလုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် မနက် ၇ နာရီက သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး ဆိုသူ ဦးစိုးငြိမ်းကို ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။
အဲဒီ ဦးစိုးငြိမ်း သေဆုံးမှုကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးပါ ယာဉ်ကို ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။