မဲခေါင်၊ ဇန်နဝါရီ ၂၆
အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေး ကျောင်းတွေရဲ့ စာရင်းကို ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ကြားကာလ ပြည်သူ့ပညာရေး ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားဖို့ အကောင်အထည်ဖော်လျက်ရှိရာ စိစစ်ပြီး ကျောင်းတွေရဲ့ စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“အခုလို ထုတ်ပြန်လိုက်တာ ကောင်းပါတယ်။ ကြားကာလမှာ အမြတ်ထုတ် ကိုယ်ကျိုးရှာတဲ့ ဂျင်းကျောင်း အသီးသီးကို မိဘတွေ မှားယွင်း အပ်မိမှာစိုးလို့ အခုလို ကြေညာလိုက်တာ ဖြစ်မယ်။ မိဘတွေလည်း NUG လက်အောက်မှာရှိတဲ့ ကျောင်းတွေကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်မှာ ဖြစ်တယ်” လို့ ဖက်ဒရယ်ကျောင်း တစ်ခုက တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အွန်လိုင်း အခြေပြု ပြည်သူ့ ပညာရေး ဖက်ဒရယ် ပညာရေး ကျောင်းပေါင်း ၃၃ ကျောင်း ပါဝင်ပြီး ပြည်သူ့ပညာရေးကျောင်း အသိ အမှတ်ပြု မူဝါဒ (၁၁) ချက်နဲ့ Information and Technology Security Guideline တွေကို လိုက်နာ ဆောင်ရွက်ပါမယ်လို့ ဝန်ခံကတိပြုထားတဲ့ Online ကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
“စောစောသာ ထုတ်ပြန်လိုက်ရင် ပိုကောင်းမယ်။ ကျောင်းတွေက လုံခြုံရေး ပေါက်ကြားတာတွေ ရှိတော့ မအပ်ရဲဘူး။ အခုတော့ ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ရှိတယ်ဆိုတော့ ကောင်းပါတယ်။ ဒီလိုကျောင်းတွေ ရှိတယ်ဆိုတော့ ကျွန်မတို့ မိဘတွေက သားသမီးတွေရဲ့ ပညာရေး စိတ်မပူရတော့ဘူး” လို့ ကျောင်းသား မိဘတစ်ဉီးက ပြောပါတယ်။
ဒါ့အပြင် စိစစ်ဆဲ Online ကျောင်းတွေကို သတ်မှတ်ချက်နဲ့ ညီညွတ်ပါက အသိအမှတ်ပြု ကြေညာပေးဖို့ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး မြေပြင် ပြည်သူ့ပညာရေး ကျောင်းတွေကိုလည်း အသိအမှတ်ပြု လက်မှတ် ပေးအပ်မယ်လို့ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းက သင်ကြားတဲ့ ကြားကာလ အခြေခံ ပြည်သူ့ပညာရေးေ ကျောင်းပေါင်း ၇၀ ကျော် ရှိနေပြီး မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေလည်း အများအပြား ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
MK-010
#MeKongNews