မဲခေါင်၊ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီ ၅၅ မိနစ်မှာ ကျွန်းလှမြို့နယ် လယ်လှနဲ့ ကံပေါက်ရွာဘက်မှ အင်အားထပ်ဖြည့်ပြီး ထွက်လာတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၆၈) နဲ့ ပျူစောထီး စုပေါင်း အင်အား ၁၅၀ ခန့်ဟာ ကန့်ဘလူမြို့နယ် အင်းမရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မနက် ၁၁ နာရီ ၁၅ မိနစ်မှာ အင်းမရွာကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အင်းမရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ဒုတိယအကြိမ် ခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က အိမ်ခြေ ၂၄၀ ရှိတဲ့ အင်းမရွာကို စစ်ကောင်စီတပ်မှ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၅ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကြောင်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ အခုအချိန်ထိ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း ၉ ရွာမှ နေအိမ်တွေနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၁ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်ေ့ာင်းက ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ အမျိုးသမီး ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဂါးဂလော်ရွာမှ ဖမ်းဆီးခံ အမျိုးသမီး ၂ ဦးမှာ ဒီကနေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အင်းမ၊ ပင့်သာ၊ ဖလားရ၊ ချောင်းကြားနဲ့ ရှမ်းကုန်းရွာ စတဲ့ ရွာ ၅ ရွာမှ ပြည်သူ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။
MK-003