မဲခေါင်၊ ဇန်နဝါရီ ၁၄
စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေတဲ့ CDM ကျောင်းဆရာ၊ ဆရာမတွေကို လစဉ် ထောက်ပံ့နိုင်ဖို့ အတွက် ရန်ပုံငွေ ကံစမ်းပွဲ အစီအစဉ် ပြုလုပ်နေတယ်လို့ Education and Healthcare for Myanmar – EHM က ထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်မှာ ကျောင်းလခ သတ်မှတ် ကောက်ခံမှု မရှိဘဲ ပညာ သင်ကြားပေးနေတဲ့ Online ဖက်ဒရယ် သင်တန်းကျောင်း အတွက် ရန်ပုံငွေ ရရှိဖို့ သာမက သင်ကြားပေးနေတဲ့ CDM ဆရာ ဆရာမတွေကိုပါ လစဉ် ထောက်ပံ့နိုင်ဖို့ အတွက် ပြုလုပ်တာလို့ ဆိုပါတယ်။
တော်လှန်ရေး အတွက် အနစ်နာခံ ကြိုးစားနေတဲ့ CDM ဆရာ၊ ဆရာမတွေနဲ့ မတရားမှုကို ဆန့်ကျင်ကာ စစ်အာဏာရှင် ကျောင်းကို ကျောခိုင်း တော်လှန်နေတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေး အတွက် ကူညီနိုင်မယ့် အခွင့်အလမ်း ဖြစ်လို့ လက်မလွတ်တမ်း ပါဝင်ပေးကြဖို့ EHM က ဖိတ်ခေါ်ထားပါတယ်။
ကံစမ်းမဲ စတင်ရောင်းချမယ့်ရက်နဲ့ ကံစမ်းမဲ ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကို Education and Healthcare for Myanmar ရဲ့ Facebook စာမျက်နှာမှာ မကြာမီ ကြေငြာပေးမယ်လို့ ဆိုပါတယ်။
MK-010