မဲခေါင်၊ စက်တင်ဘာ ၂
ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်လေ့ရှိသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်၊ ပန်ကွဲတောင်အဆင်းတွင် ယနေ့ နံနက်ပိုင်းက ယာဥ်တစ်စီးတိမ်းမှောက်ခဲ့သည့်အတွက် မော်တော်ယာဥ်ပေါ်ပါ လူ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၂ရက် နံနက်၇နာရီကျော်ခန့်တွင် လမ်းလုပ်သားအဖွဲ့ လိုက်ပါစီးနင်းလာသည့်ယာဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ခြေလက် ခေါင်းထိတာ များတယ်။ စိုးရိမ်ရတာ ၂ ယောက်အထက်ရှိတယ်။ ကုန်းဆင်းမှာ ဝိတ်နဲ့ ဘရိတ်မနိုင်တာပေါ့ဗျာ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
ကားမှောက်သည့် ဒဏ်ရာရ လူနာများအား ဆေးရုံကြီးသို့ မိဘသွေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ၂၂ ရက်နေ့ကလည်း ယင်းပန်ကွဲတောင်အဆင်းမှာပင် ဓာတုဆေးတင်သည့် မော်တော်ယာဥ်တစ်စီး ဘရိတ်မနိုင်ဘဲ တိမ်းမှောက်သဖြင့် လူ၂ဦး ဒဏ်ရရခဲ့သေးသည်။
#MeKongNews
#ရှမ်းအရှေ့
#တာချီလိတ်
#ထိခိုက်ဒါဏ်ရာ
#ပန်ကွဲတောင်
#ယာဉ်တိမ်းမှောက်မှု








