မဲခေါင်၊ ဇွန် ၁၅
တာချီလိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လအတွင်းက ပြောင်းလဲခန့်ထားသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်ထဲမှ အချို့မှာ ပြည်သူလူထုထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သူ စိုင်းခမ်းဟုန်မှာ ထောက်ခံစာများရယူရာတွင် လာဘ်ငွေမပေးပါက ထုတ်မပေးကြောင်း၊ အရောင်းအဝယ်စာချုပ်များ ချုပ်ပါကလည်း တစ်ခါလျင် ဘတ် ၃သောင်း၊ ၄ သောင်း တောင်းခံကြောင်း၊ ပါဆပ် ရပ်ကျေးစာရေးဖြစ်သူ မင်းသိုက်ထွန်းမှာလည်း အကြောင်းအမျိုးမျိုးပြပြီး ရစ်ကာ ငွေတောင်းခံကြောင်း ပါဆပ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်လုံးမှာ ပါဆပ်က အဆိုးဆုံးပဲ။ စည်ပင်ကိုတင်မယ့် ထောက်ခံချက်တောင်းရင်လည်း မပေးဘူး၊ ပိုက်ဆံမပေးရင်။ တရားရုံးမှာလည်း အမှုပွဲစားလုပ်တယ်။ တက်လာတာ မကြာသေးဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် ဝိန်းကျောက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာသူ ဦးအေးမောင်မှာလည်း ယင်းကဲ့သို့ပင် စာချုပ်ချုပ်ဆိုမှုများ၊ ထောက်ခံစာရယူမှုများအပေါ် ငွေကြေးအများအပြား တောင်းခံကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
“သူ့ကိုက အုပ်ချုပ်ရေးမှူးဖြစ်မယ်လို့ သတင်းထွက်ကတည်းက ရပ်ကွက်နေပြည်သူတွေက မကြိုက်တာ။ သူက ရပ်ကွက်နဲ့အဆင်မပြေဘူး။ ငွေတောင်းလည်း ကြမ်းတယ်” ဟု ဝိန်းကျောက်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး အများစုကို ပြီးခဲ့သည့် မတ်လအတွင်းက အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ၏ ဆန္ဒမပါဘဲ ရွေးချယ်သည့်အပေါ် အများက ဝေဖန်မှုများ ရှိနေသည်။
ဇော်မြင့်
#MeKongNews
#တာချီလိတ်
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ပါဆပ်ရပ်ကွက်
#ဝိန်းကျောက်ရပ်ကွက်








