မဲခေါင်၊ မတ် ၁၅
မြန်မာဒေသခံများသာမက ထိုင်းပြည်သူများကိုပါ ထိခိုက်မှုရှိသည့်အတွက် မိုင်းဆတ်မြို့နယ်တောင်ဘက် နမ့်ခုတ်မြစ် (ဒေသအခေါ် မိုင်းခုတ်ချောင်း) ပေါ်တွင် ရွှေတူးဖော်မှုများကို ကန့်ကွက်ကြောင်း ထိုင်းပြည်သူများမှ မတ်လ ၁၄ ရက်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ ယနေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်၊ တာတွန်းကျေးရွာရှိ ဒေသခံပြည်သူများမှ မတ်လ ၁၄ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ နမ့်ခုတ်မြစ်အတွင်း ရွှေတူးဖော်မှုများကို ဆန္ဒပြခြင်းဖြစ်ပြီး ဒေသခံ ၇၀၀ ကျော်က မြို့နယ်စာသင်ကျောင်း၌ စုဝေးကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုလိုမျိုး ရွှေတူးဖော်မှုတွေက မြန်မာတစ်နိုင်ငံတည်း ထိခိုက်တာမဟုတ်ဘဲ နှစ်ဘက်ထိခိုက်မှုတွေ ရှိလာတာဖြစ်ပါတယ်။ အခုလိုမျိုး ဒီရွှေတွင်းတွေပိတ်ဖို့ ထိုင်းပြည်သူတွေကပါ ဆန္ဒရှိလာလို့ ဝမ်းသာပါတယ်” SHRF ပြန်ကြားရေး ယိင်းလျန်းဟန်က မဲခေါင်ကို ပြောသည်။
နမ့်ခုတ်မြစ်တစ်လျှောက်ရှိ သတ္တုတူးဖော်မှုနှင့် သစ်တောခုတ်ထွင်မှုများကြောင့် ယမန်နှစ်ကဖြစ်ပေါ်ခဲ့သော မကြုံစဖူး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်မှုများကဲ့သို့ နယ်စပ်ဖြတ်ကျော်အကျိုးသက်ရောက်မှုများကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ထိုင်းဒေသခံ ပြည်သူများသည် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ထိုင်းဒေသခံဦးဆောင်သူများမှ ဖတ်ကြားသော ထုတ်ပြန်ကြေညာချက်တွင် “မိုးခေါင်မှု၊ ရေကြီးမှု၊ တောမီးလောင်မှု၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ဟာ လူတိုင်းရဲ့ ဘဝနဲ့နေထိုင်မှုကို သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ဒီကပ်ဘေးတွေဟာ လူတွေက လုပ်ယူတာဖြစ်ပြီးတော့ နမ့်ခုတ်နဲ့ တခြား မြစ်တွေကို ဖျက်ဆီးနေတဲ့ သစ်တောခုတ်ထွင်းတာ၊ ရည်ရွယ်ချက်နဲ့တောမီးရှို့တာ၊ သတ္တုတူးတာနဲ့ ဆည်ကြီးတွေကို ဆောက်တာတွေကြောင့်ပဲဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအဝင် မိမိတို့လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို ဤသက်ရောက်မှုများအပေါ် အသိပညာရှိစေရန်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းနှင့် အနာဂတ်ကို ထိခိုက်စေနှိင်သည့် သဘာဝသယံဇာတဖျက်စီးမှုများကို ရပ်တန့်နိုင်ရေးအတွက် သတိပေးလိုပါသည်” ဟု ပါရှိသည်။
ပွဲဦးဆောင်စီစဥ်သူများက ယခုလှုပ်ရှားမှုသည် ပြည်သူလူထုများအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများကို အဓိကဦးတည်ရန်နှင့် ယခုဖြစ်စဥ်များကို တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကိုသာမက အနီးအနားနိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ဆိုသည်ကို သိရှိစေရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင်ပြီးခဲ့သည့် ၂၀၂၃ ခုနစ်မှစတင်ကာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA တပ်ဖွဲ့ထိန်းချုပ်ထားသော မိုင်းဆတ်မြို့တောင်ပိုင်းနှင့် မိုင်းယွန်းမြို့တို့ရှိ နမ့်ခုတ်မြစ်ကမ်းတစ်လျှောက်တွင် အကြီးစား ရွှေတူးဖော်မှုများကို ပြုလုပ်လာခဲ့သည်ဟု ပါရှိသည်။
ယင်းရွှေတူးဖော်မှု စွန့်ပစ်ပစ္စည်းများ၏ သက်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၌ နမ့်ခုတ်မြစ်ပေါ် တွင် ကြီးမားသောရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ရာ မိုင်းယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်းရှမ်းရွာသည် ရွံမြေနှင့် ရေဆိုးများဖြင့်နှစ်မြုပ်သွားသည့်အပြင် ထိုင်းဘက်ကမ်းနယ်စပ် တာတွန်းနှင့် ချင်းမိုင်ခရိုင် မြောက်ဘက် နမ့်ခုတ်မြစ်တစ်လျှောက်ရှိ ကျေးရွာများသည်လည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည်ဟု ဆိုသည်။
နမ့်ခုတ်မြစ်ခေါ် မိုင်းခုတ်ချောင်းအတွင်း ရွှေတူဖော်မှုများအကြောင်း မဲခေါင်သတင်းဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သတင်းဖော်ပြခဲ့ပြီး ယင်းသတင်းထဲတွင် နမ့်ခုတ်မြစ်သည် ရွှေတူးဖော်မှုကြောင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၂ နှစ်ကျော်ကာလအတွင်း သိသာစွာ ပျက်စီးသွားကြောင်း အထောက်အထားများဖြင့် ဖော်ပြခဲ့သည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် တရားမဝင်ရွှေတူးဖော်မှုများ၊ သတ္တုတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးလာပြီး ၂၀၂၄ ခုနှစ် မိုးရာသီအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဆိုးရွာသည့် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရပြီး အိုး၊ အိမ်များစွာ ပျက်စီးကာ လူရာနှင့်ချီ သေဆုံးခဲ့ရသည်။
#MeKongNews
#နမ့်ခုတ်မြစ်
#မိုင်းခုတ်ချောင်း
#ရွှေတူး
#SHRF
#ထိုင်းနိုင်ငံ








