မဲခေါင်၊ ဧပြီ ၉
ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာတွင် မြေမြုပ်မိုင်းများ မကြာခဏပေါက်ကွဲနေသဖြင့် ဒေသခံများ တောင်ယာခြံစိုက်ပျိုးရေးလုပ်ငန်းခွင်များသို့ မသွားရဲအောင်ပင် ဖြစ်နေကြောင်း သိရသည်။
ဧပြီလ၈ ရက် ညနေ၆ နာရီဝန်းကျင်တွင် ကုန်းညောင်ရွာ အနောက်ဘက် ကုန်းကြောင်းရွာဘက်သွားလမ်းရှိ ပြောင်းခြံအဝင်လမ်းတွင် မြေမြုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ကုန်းညောင်ရွာတောင်သူတစ်ဦးက ပြောသည်။
“အခုက တောင်ယာသွားလမ်းတွေမှာ ဗုံးတွေ ခဏခဏကွဲနေလို့ ခြံတောင်မသွားရဲတော့ဘူး”ဟု ၎င်းက ပြောသည်။
ဧပြီလ ၆ ရက် ည ၆ နာရီခွဲခန့်ကလည်း မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သူ မရှိခဲ့သော်ကြောင်း၊ ဧပြီလ ၂ ရက်နေ့ ည ၆ ခွဲကျော်ခန့်ကလည်း ခြံရှင်းပြီး အမှိုက်မီးရှို့စဥ် မိုင်းတစ်လုံးကွဲပြီး စစ်ကောင်စီစစ်သားများ လာရောက်စစ်ဆေးစဥ် နောက်ထပ်တစ်လုံး ထပ်ကွဲသဖြင့် စစ်သား ၂ ယောက်နှင့် သွားကြည့်သူ အရပ်သား ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ချိန်ကိုက်မိုင်း သို့မဟုတ် အဝေးထိန်းမိုင်းများမှာ တစ်လုံးကွဲပြီးပါက မိနစ်အနည်းငယ်အကြာတွင် နောက်တစ်လုံးထပ်ကွဲတတ်သည့်အတွက် သွားရောက်ကြည့်ရှုသူများ သတိထားရန်လိုအပ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက သတိပေးပြောဆိုသည်။
ယမန်နှစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက် ညပိုင်းကလည်း ရွာအတွင်း လမ်းကမူမြေမှ မိုင်း ၂ လုံးပေါက်ကွဲသဖြင့် ဒဏ်ရာရသူ ၂ ဦးကို ဟိုပုံးဆေးရုံသို့ ပို့ဆောင်ခဲ့ရသေးကြောင်း သိရသည်။
ကုန်းညောင်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်များရှိသလို တိုင်းရင်းသားလက်နက်ကိုင် တပ်များလည်းရှိကြောင်း၊ မည်သည့်တပ်ဖွဲ့ဖြစ်စေ ကျေးရွာအနီးအနားတွင် မိုင်းများမထောင်ရန် မေတ္တာရပ်ခံလိုကြောင်း ရွာခံတစ်ဦးက ပြောသည်။
ကုန်းညောင်ရွာသည် ဟိုပုံးမြို့မှ ၂၇ မိုင်ခန့်ဝေးကာ ပြောင်း၊ နှမ်းနှင့် မြေပဲ၊ ပဲပုတ်များကို စီးပွားဖြစ်စိုက်ပျိုးသည့် တောင်ယာခြံအများအပြားရှိနေပြီး မကြာခဏ မိုင်းပေါက်ကွဲမှုများကြောင့် တောင်သူများ လုပ်ငန်းခွင်ဝင်ရန် စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။
မဟာ
#MeKongNews
#မြေမြုပ်မိုင်း
#ဟိုပုံးမြို့
#ချိန်ကိုက်မိုင်း
#တောင်ယာ








