~ ထက်ခိုင် ~
အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇန်နဝါရီလက စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်မပြုဘဲ ထိပ်သီးအစည်းအဝေးတွေကို မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ အာဆီယံရဲ့ ဖိအားတွေကိုပါ လိမ္မာပါးနပ်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကင်ဘာရာ (ဩစတြေးလျအစိုးရ) အနေနဲ့လည်း သူများနောက်ကနေ တုံ့ပြန်နေရုံသက်သက် မဟုတ်ဘဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအဆင့်အတန်းနဲ့ အနေအထားတွေ အလွန်လျင်မြန်စွာ ပြောင်းလဲလာနိုင်ချေရှိတာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
အခုဆိုရင် အာဆီယံဟာ သံတမန်ရေးရာ လုပ်ငန်းစဉ်တွေအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ပုံစံ ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလအစောပိုင်းမှာ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇွန်လတုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အမေရိကန်နဲ့ မြန်မာစစ်ကောင်စီတို့ လျှို့ဝှက်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပြီး၊ ဒါဟာ စက်တင်ဘာလမှာ အမေရိကန်အဆင့်မြင့်အရာရှိတွေနဲ့ မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံနိုင်ဖို့ လမ်းခင်းပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
Reuters ရဲ့ ဖော်ပြချက်အရတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်အတွင်းဝန် မိုက်ကယ်ဗန့်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ်ကာစတီလိုကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေပြည်တော်ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ထရမ့်အစိုးရအနေနဲ့ အချိန်အတော်ကြာကတည်းက လုပ်ချင်နေခဲ့တဲ့ ထိတွေ့ဆက်ဆံမှုတစ်ခုအတွက် အဆင်ပြေတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သံသယဖြစ်စရာကောင်းတာက၊ အမေရိကန်လုပ်ငန်းရှင် ကာစတီလိုဟာ လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေ၊ ဂျက်အင်ဂျင်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေလိုမျိုး ခေတ်မီနည်းပညာနေတွအတွက် အလွန်အရေးပါတဲ့ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ ရှားပါးမြေရှားသတ္တုတွေကို ဝင်ရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေအကြောင်း အစိုးရထံကို အရင်က အဆိုပြုတင်ပြဖူးပါတယ်။
ဒါပေမဲ့ ပြဿနာက မြန်မာစစ်တပ်ဟာ အဲဒီမြေရှားသတ္တုတွေ ထွက်ရှိရာ ဒေသတွေကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသလို၊ တရုတ်နိုင်ငံကလည်း ထုတ်လုပ်ရေးထောက်ပံ့ရေးကွင်းဆက်တွေကို အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
တရုတ်နိုင်ငံဟာ မင်းအောင်လှိုင်အစိုးရကို အဓိက ကျောထောက်နောက်ခံပြုပေးနေသူဖြစ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေကို ထောက်ခံအားပေးတာ၊ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ လုပ်လာအောင် ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဆီကနေ စစ်တပ်က အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်၊ ပေကျင်းရဲ့ လွှမ်းမိုးမှုကသာ အာဏာချိန်ခွင်လျှာကို စစ်တပ်ဘက်ကို သိသိသာသာ ယိမ်းသွားစေခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က နေပြည်တော်နဲ့ ကပ်ချင်တဲ့အပေါ် နောက်မကျန်ခဲ့စေဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖန်ရွှီပင်း ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာလည်း အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးပါတီ ၉ ပါတီနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်တပ်ရဲ့ လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ကြံ့ ဖွံ့ပါတီ (USDP) နဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ စစ်ကောင်စီက ခွင့်ပြုထားတဲ့ အခြားပါတီ ၈ ပါတီ ပါဝင်ပါတယ်။ ဆွေးနွေးချက်တွေဟာ တရုတ်နိုင်ငံအပေါ် ပြည်သူတွေရဲ့ မြင်ပုံသုံးသပ်ချက်ကို နားလည်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာလာစေဖို့ကို အဓိကထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်တစ်ခုကို အဆုံးသတ်စေခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ သံအမတ်ကြီး သောမတ်စ်ဗက်ဂျ်ဒါ ထွက်ခွာသွားပြီးနောက် အမေရိကန်က သံတမန်ရေးရာ အဆင့်အတန်းကို လျှော့ချခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဝါရှင်တန်ဒီစီရဲ့ ဦးစားပေးစာရင်းမှာ လုံးဝကို ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ထရမ့်အစိုးရသစ်က ချဉ်းကပ်ပုံအသစ်တွေအပေါ် ပွင့်လင်းမြင်သာစွာ လက်ခံလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အာဏာရှင် အင်အားကြီးနိုင်ငံတွေရဲ့ အပြိုင်အဆိုင်ဖြစ်မှုက ပြန်လည်ရှင်သန်လာခဲ့ပါပြီ။
အာဆီယံကတော့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ နေပြည်တော်ကို စုစည်းမှုထဲ ပြန်လည်ရောက်ရှိလာစေဖို့အတွက် ၎င်းတို့ရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကသာ အကောင်းဆုံး သံတမန်ရေးရာလမ်းကြောင်း ဖြစ်တယ်လို့ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အထူးထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဒီအစီအစဉ်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အဖက်ဖက်က ပုဂ္ဂိုလ်တွေအကြား ဆွေးနွေးဖို့၊ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့နဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ အစည်းအဝေးတွေမှာ အပြည့်အဝ ပြန်လည်ပါဝင်ခွင့်ရဖို့ဆိုတာ အလှမ်းဝေးဆဲ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဆီကို ခရီးစဉ်တွေ ဆက်တိုက် သွားရောက်နေတာကြောင့် အာဆီယံရဲ့ အများသဘောတူညီချက်အပေါ် မူတည်တဲ့ ရပ်တည်ချက်ဟာ အဓိပ္ပာယ်မရှိတော့သလို ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကြည့်မယ်ဆိုရင် ဒီတစ်နှစ်တည်းနဲ့တင် ဒီစစ်ခေါင်းဆောင်ဟောင်းဟာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲက ၅ နိုင်ငံကို သွားရောက်ခဲ့ပြီးပါပြီ။ မကြာခင်မှာလည်း အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေဆီကိုပါ ဆက်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေသတွင်း ခေါင်းဆောင်တွေနဲ့ အင်အားကြီးနိုင်ငံတွေက အရင်က အများနဲ့မတူ သီးခြားဖြစ်နေခဲ့တဲ့ နိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် အပြိုင်အဆိုင် အသည်းအသန် ကြိုးပမ်းလာကြတာနဲ့အမျှ၊ အာဆီယံဟာ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေဆီကနေ အဖက်လုပ်မခံရဘဲ တစ်ယောက်တည်း ကျန်ခဲ့ရမယ့် မလုံခြုံတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေဟာ လာမယ့်လမှာ ဖိလစ်ပိုင်ဆီကနေ အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းယူတော့မယ့် စင်ကာပူနိုင်ငံအတွက် ပိုပြီးတော့ ခေါင်းခဲစရာ ဖြစ်စေပါတယ်။ တကယ်တော့ စင်ကာပူအနေနဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာ့အစီအစဉ်အောက်မှာ ၂၁ ရာစုရဲ့ AI လုံခြုံရေး စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့နဲ့ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ဖို့ စတဲ့ အရေးတကြီး လုပ်စရာရှိတဲ့ ကိစ္စတွေကိုသာ ဦးစားပေး လုပ်ချင်နေမှာ သေချာပါတယ်။
ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ စင်ကာပူဟာ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးတွေမှာ အပြည့်အဝ ပါဝင်ခွင့်မပေးသေးဘဲ လက်ရှိ အနေအထားအတိုင်းပဲ နောက်ထပ် တစ်နှစ်လောက် ဆက်ထိန်းသွားဖို့ များပါတယ်။ ဒါပေမဲ့ ၂၀၂၈ ခုနှစ်မှာ ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလာတဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် အပြည့်အဝ ပုံမှန်ပြန်ဖြစ်ဖို့ကို ဘန်ကောက်က သေချာပေါက် ကြိုးပမ်းလာမှာပါပဲ။
ကင်ဘာရာအစိုးရအနေနဲ့လည်း သူများနောက်ကို လိုက်ပြီး တုံ့ပြန်နေရုံသက်သက် မဟုတ်ဘဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ အဆင့်အတန်း အရှိန်အဟုန်နဲ့ ပြောင်းလဲလာမှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဝါရှင်တန်၊ ပေကျင်း၊ နယူးဒေလီနဲ့ မော်စကိုတို့ အားလုံးက နေပြည်တော်ကို ဝိုင်းပြီး ချဉ်းကပ်နေကြချိန်မှာ၊ အာဆီယံရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းကလည်း မြန်မြန်ဆန်ဆန် ကျဆင်းလာနေပါပြီ။ ဒါကြောင့် ဩစတြေးလျ မူဝါဒချမှတ်သူတွေအနေနဲ့ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ဘယ်ဘက်ကို ဦးတည်သွားနေလဲဆိုတာကို သိနိုင်ဖို့ ဒေသတွင်း မိတ်ဖက်တွေနဲ့ရော ဝါရှင်တန်နဲ့ပါ သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကင်ဘာရာအနေနဲ့ ဒီလို ထိတွေ့ဆက်ဆံမှုတွေကြောင့် လက်တွေ့ကျတဲ့ အကျိုးဆက်တွေ ထွက်လာနိုင်ခြေ ရှိ၊မရှိဆိုတာကိုလည်း လက်တွေ့ကျကျ တွက်ဆဖို့ လိုပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာချုပ်ကိုင်ထားသမျှ ကာလပတ်လုံး မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
Ref: Lowy Institute
#MeKongNews








