~ CWM ~
စစ်ကတော့ ဖြစ်နေတုန်းပါပဲ။
ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ ရှိတယ်လို့ သိရတယ်။ ဒါက ခန့်မှန်းထားတဲ့စာရင်းပါ။ စစ်ပွဲတွေရဲ့သဘာဝအရ သူ့ဘက် ကိုယ့်ဘက် ပုံကြီးချဲ့ဝါဒဖြန့်ကြတော့ တကယ့်အရေအတွက်က ဒီထက်မကလည်း များနိုင်တယ်။
စစ်ပွဲက မပြီးသေးသလို အပြန်အလှန် တိုက်နေကြတုန်းပဲ။ အံ့ဩစရာကောင်းတာက ဒီစစ်ပွဲ ဒီလောက်ရှည်ကြာနေတာတောင် တဖက်ကလည်း အစိုးရအဖွဲ့က အရင်အတိုင်း ရှိနေသလို တဖက်ကလည်း ဘာမှ သိပ်အပြောင်းအလဲ မရှိကြဘူး။ အပြောင်းအလဲ မရှိဘူးဆိုတာ စစ်ကို စတင်သူနဲ့ စစ်ကို ခုခံသူ အစိုးရတွေကို ပြောတာ။
ယူကရိန်းသမ္မတ ဇီလန်းစကီးဆို စစ်ပွဲတွေကြားကပဲ ဝါရှင်တန်သွားလိုက်၊ ဥရောပသွားလိုက်၊ ကွန်းဖရင့်တွေတက်လိုက် ပုံမပျက်ဘူး။ နိုင်ငံခြားခေါင်းဆောင်တွေတောင် ကိယက်ဗ်မြို့ကို လာလည်ကြ၊ ဇီလန်းစကီးနဲ့ တွေ့ဆုံကြ။ တောက်လျှောက်ပါပဲ။ တခါတခါတော့လည်း တွေးမိတယ်။ ခုလို နိုင်ငံတကာခေါင်းဆောင်တွေ လာလည်တဲ့အချိန် ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်လိုက်တာမျိုး ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ လာတဲ့သူတွေကလည်း လုံခြုံရေးအာမခံချက်မရှိဘဲ လာကြမယ် မထင်ဘူး။ ထူးတော့ ထူးဆန်းတယ်။ တဖက်မှာ စစ်ပွဲတွေ ဖြစ်နေတယ်။ တဖက်မှာ အေးဆေးပဲ ဆိုတာမျိုး။
စစ်ပွဲက လေးနှစ်သာ ကြာလာတယ်။ တဖက်နဲ့ တဖက် အလျော့ပေးမယ့်လက္ခဏာတော့ မတွေ့ရသေးဘူး။ ဒီမနက်ဘဲ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေက ယူကရိန်းဓါတ်အားပေးစက်ရုံတခုကို ဖျက်ဆီးပစ်လိုက်တယ်။ ယူကရိန်းကလည်း အလျှော့မပေးပါဘူး။ ဒရုန်းတွေနဲ့ပဲ ပြန်ပစ်လို့ ရုရှား ရေနံချက်စက်ရုံအတော်များများ ထိမှန်ပျက်စီးပြီး မော်စကိုမှာ လောင်စာဆီပြသနာတောင် ပေါ်နေတယ်။ ယူကရိန်းဒရုန်းတွေက မော်စကို အနီးအနားထိအောင် ရောက်သလို ရုရှားရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ ကုန်စည်သိုလှောင်ရုံတွေ၊ ဒေတာစင်တာတွေကိုပါ ဖျက်ဆီးပစ်ခဲ့တယ်။
မြေပြင်တိုက်ပွဲတွေမှာ နှစ်ဘက်စစ်သားတွေ အတုန်းအရုန်း သေကြသလို အဝေးကလှမ်းပစ်တဲ့ ဒရုန်းတွေကြောင့် အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေ၊ လူနေရပ်ကွက်တွေ ထိမှန်ပြီး အရပ်သားတွေလည်း သေဆုံးကြရတယ်။ မြေပြင်စစ်ပွဲကလည်း ကာလတာရှည် ကြာလာတော့ စစ်သားအရေအတွက်လည်း လုံးပါး ပါးလာလို့ ရုရှားဘက်က မြောက်ကိုးရီးယားတပ်သားတွေ တွေတောင် အားဖြည့်နေရတယ်။
စစ်ပွဲတခု တာရှည်နေခြင်းဟာ သက်ဆိုင်ရာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်၊ ကုန်ထုတ်လုပ်မှုတွေကို ပြုန်းတီးစေရုံမက စီးပွားရေးနဲ့ လူမှုဘဝဆိုးကျိုးတွေကိုပါ အကြီးအကျယ် ထိခိုက်စေတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲ မဖြစ်မီက စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးမှာ အင်အားကြီးမားတဲ့ နိုင်ငံတခုဖြစ်ခဲ့ပေမယ့် ယူကရိန်းနဲ့ စစ်ဖြစ်ပြီး လေးနှစ်အကြာမှာ ဥရောပနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့်ရော စစ်အသုံးစရိတ်ကြောင့်ပါ အင်အားချိနဲ့တဲ့ အနေအထားကို ရောက်ရှိခဲ့ရပြီး တဖြည်းဖြည်းအင်အားတောင့်တင်းလာတဲ့ တရုတ်ကို အမီသဟဲပြုလာရတဲ့ အနေအထား ဆိုက်ရောက်ခဲ့တယ်။
စစ်ကြောင့် ယူကရိန်းလည်း လုံးပါး ပါးလာခဲ့တာပါပဲ။ နောက်ကွယ်က ဥရောပ နဲ့ အမေရိကန်ကသာ ထောက်ပံ့မှုမရှိရင် ယူကရိန်း ခုလောက်ထိ ရပ်တည်ဖို့ မလွယ်ဘူး။
စစ်ပွဲ လေးနှစ်ကြာလာတဲ့အခါ အခြေအနေတွေလည်း ပြောင်းလာတယ်။ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့၊ စစ်ပြေငြိမ်းဖို့ ဒေါ်နယ်ထရမ့်က ကြိုးစားပေမယ့်လည်း အောင်မြင်မှု မရသေးဘူး။ ဆွေးနွေးပွဲစားပွဲဝိုင်းကို ရုရှားသမ္မတ ပူတင်က လုံးဝ တက်မလာသလို ဇီလန်းစကီးလည်း အလျှော့မပေးဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အင်မတန် နားလည်ရခက်တဲ့ ခေါင်းဆောင်တဦးပါ။
ပြီးခဲ့တဲ့အပတ်ကပဲ ရုရှား နဲ့ ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြပြီလို့ သူပိုင် Truth ဆိုရှယ်မီဒီယာပေါ်မှာ ရေးတယ်။ ထရမ့်က ရုရှား နဲ့ ယူကရိန်းတို့ ( Energy Ceasefire) ရကြပြီလို့ ရေးတယ်။ ထရမ့်ပြောတဲ့ “စွမ်းအင်အပစ်အခတ်ရပ်စဲရေး” ဆိုတာ ယူကရိန်းကလည်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို ဒရုန်းနဲ့ မပစ်နဲ့။ ရုရှားကလည်း ယူကရိန်းဓါတ်အားပေးစက်ရုံတွေကို မတိုက်ခိုက်နဲ့။ စွမ်းအင်ပစ်မှတ်တွေကို ရှောင်ရှားဖို့ သဘောတူကြတယ်ပေါ့။
ထရမ့်က သူ့ရဲ့ Truth ပေါ်မှာသာ energy ceasefire လို့ ရေးနေတာ။ ကာယကံရှင်တွေဖြစ်တဲ့ ယူကရိန်းရော ရုရှားပါ ဒီကိစ္စ ဘာမှ မသိကြသေးဘူး။ ထရမ့် ဆိုရှယ်မီဒီယာပေါ် ရေးလိုက်တဲ့နေ့မှာပဲ ရုရှား ဒရုန်းလက်ချက်နဲ့ ယူကရိန်းစွမ်းအင်စက်ရုံ ခြောက်ခု ပစ်ခတ်ဖျက်ဆီးခြင်း ခံရတယ်။ ဇီလန်းစကီးကိုယ်တိုင် ထရမ့်ရဲ့ စွမ်းအင်အပစ်အခတ်ရပ်စဲရေး ဆိုတာ အသစ်ပဲလို့ ပြောတယ်။
ဒါတွေက ထရမ့်ရဲ့ အကြံအစည်တွေပါပဲ။ သူက ယူကရိန်းနဲ့ ရုရှားစစ်ပွဲကို ပြီးစေချင်တယ်။ ပြီးစေချင်တဲ့အကြောင်းထဲမှာ သူ့ကိစ္စလည်း ပါတယ်။ မကြာခင်ကျင်းပတော့မယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူ့ပါတီ ဆက်အနိုင်ရထားဖို့လိုတယ်။ လတ်တလောမှာ အမေရိကန်ပြည်သူတွေဟာ လောင်စာဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလိမ့် ခံစားနေရတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုရဖို့ လောင်စာဆီဈေး ကျအောင် လုပ်ဖို့လိုတယ်။
ပြီးခဲ့တဲ့ တပတ်ကျော်က ရုရှဆီက ဒီဇယ်ဆီ ဝယ်ယူဖို့ သူနဲ့ ပူတင် သဘောတူညီမှုရသွားပြီလို့ ထရမ့်က ရုတ်တရက်ကြေညာတယ်။ ရုရှားဆီက ဒီဇယ်ဆီတန်ချိန် ၃၀၀၀၀၀ အောက်တိုဘာလအတွင်း ဝယ်ယူမယ်လို့ ဆိုတယ်။ နောက်လမှာ တန်ချိန် ၅၀၀၀၀၀ ဝယ်မယ်။
တကယ်တော့ ရုရှား ဒီဇယ်ဆီ ဝယ်တဲ့ကိစ္စက အမေရိကန်ရဲ့ မူဝါဒနဲ့ ဆန့်ကျင်နေတယ်။ အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတယ်။ ဒီလို အရေးယူပိတ်ဆို့ထားရက်နဲ့ ရုရှားဆီက ဒီဇယ်ဆီ ဝယ်မယ်ဆိုတော့ ဒီမိုကရက်တွေတွရော ရီပတ်ဘလစ်ကင်တွေပါ သူ့ကို ဝိုင်းပြီး ဝေဖန်ပြစ်တင်ကြတယ်။ ဒါဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့ထားတဲ့ ၂၀၂၂ ခုနှစ် ဥပဒေကို ဆန့်ကျင်ရာရောက်တယ်တယ်။ ဘယ်လိုပဲ ဝေဖန် ဝေဖန် ထရမ့်က သူ လုပ်ချင်တာကို လုပ်တဲ့သူ ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်လကျော်ကပဲ ရုရှားဆီက ရေနံဝယ်ယူတဲ့နိုင်ငံတွေကို (Tariff) သွင်းကုန်ခွန် ၁၀၀% တိုးကောက်မယ်လို့ သူကိုယ်တိုင် ပြောခဲ့တယ်။ သူပဲ ပိတ်ဆို့အရေးယူထားတဲ့နိုင်ငံကို ဖောက်ပြီး ဒီဇယ်ဆီတွေ ဝယ်ယူတယ်။
ရုရှားဆီက ဒီဇယ်ဆီ ဝယ်ရခြင်းအကြောင်းတခုက အီရန်စစ်ပွဲကြောင့် အမေရိကန်မှာ လောင်စာဆီဈေးတွေ မြင့်တက်နေပြီး အမေရိကန်ပြည်သူတွေ အကျပ်ရိုက်နေတယ်။ အီရန်စစ်ပွဲ မဖြစ်ခင်က ဓါတ်ဆီ တဂါလံ (၃)ဒေါ်လာပဲ ပေးနေရာက ခုတော့ တဂါလံ (၄)ဒေါ်လာ ကျော်လာပြီ။ ဒီဇယ်ဆီဆို (၆.၂)ဒေါ်လာ။ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေကို ချွေးသိပ်ဖို့ လိုလာတယ်။ ရုရှားဆီက ဒီဇယ်ဆီ ဝယ်ယူတင်သွင်းရင် ဆီဈေးနှုန်း ကျဆင်းနိုင်တယ်လို့ ထရမ့်က တွက်ထားသလို ယူကရိန်းကိုလည်း ရုရှားရဲ့ လောင်စာဆီပစ်မှတ်တွေကို မတိုက်ခိုက်အောင် (energy ceasefire) ဆိုပြီး သူက လုပ်လိုက်တယ်။
ထရမ့်တင်သွင်းမယ့် ရုရှား ဒီဇယ်ဆီပမာဏက အမေရိကန်ပြည်သူတွေအတွက် ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ်။ ဆီဈေးကျဖို့ သိပ်မဖြစ်နိုင်ပေမယ့် ထရမ့်က ပူတင်နဲ့ အဆင်ပြေပြီး ယူကရိန်းစစ်ပွဲပြီးဆုံးစေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ သူက ပူတင်နဲ့ အဆင်ပြေအောင် မျက်နှာချိုသွေး ဆက်ဆံပေမယ့် ဇီလန်းစကီးကိုကျတော့ ဩဇာပေးချင်တယ်။ ဇီလန်းစကီးကိုလည်း ရွေးကောက်ပွဲကျင်းပပြီး ယူကရိန်းမှာ သမ္မတသစ်ရွေးဖို့ ပြောဆိုသလို ရုရှား ရေနံချက်စက်ရုံတွေကို ဆက်ပြီး တိုက်ခိုက်နေရင် ထောက်လှမ်းရေးသတင်းအချက်အလက်တွေရော လက်နက်တွေပါ ထောက်ပံ့မပေးတော့ဘူးလို့ သတိပေးတယ်။
ခု နောက်ဆုံးသတင်းတခုက ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းဒရုန်းတွေ ရုတ်တရက် မြန်နှုန်းကျဆင်းသွားပြီး စစ်မြေပြင်တိုက်ခိုက်မှုတွေ ဝရုန်းသုန်းကားဖြစ်သွားတာပဲ။ အီလွန်မတ်စ်ကတော့ ခုလို ယူကရိန်းဒရုန်းတွေ မြန်နှုန်းနှေးသွားရခြင်းရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရ ရှိနေတယ်လို့ ဆိုတယ်။
အီလွန်မတ်စ်ရဲ့ စတားလင့်ခ်ဆက်သွယ်ရေးကွန်ယက်ဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားဒရုန်းတွေကို ကာကွယ်ဖို့ရော၊ အလွန်ဝေးကွာတဲ့ ရုရှားအတွင်းပိုင်းပစ်မှတ်တွေထိ ယူကရိန်းဒရုန်းတွေရောက်ရှိပစ်ခတ်တိုက်ခိုက်ဖို့အတွက်ပါ အလွန်အရေးပါတဲ့ အင်တာနက်ဆက်သွယ်ရေး ကွန်ယက်တခုဖြစ်တယ်။
အီလွန်မတ်စ်ကတော့ စစ်ရေးမှာ အသုံးပြုတဲ့ Starshield ဆက်သွယ်ရေးစနစ်ကို အမေရိကန်အစိုးရက ထိန်းချုပ်ထားပြီး မြန်နှုန်းကို လိုသလို လျှော့ချပစ်နိုင်တယ်လို့ ဆိုတယ်။အထူးသဖြင့် ထရမ့်ကိုယ်တိုင် ဒီလိုလုပ်ဆောင်ဖို့ အမိန့်ပေးနိုင်တယ်လို့ ဆိုတယ်။
ဇီလန်းစကီးရဲ့ အကြံပေးကလည်း ခုလို စတားလင့်မြန်နှုန်း ရုတ်တရက်နှေးသွားရချိန်ဟာ အမေရိကန် နဲ့ ယူကရိန်းကြား ဆက်ဆံရေးအဆင်မပြေချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ ဆိုတယ်။
လတ်တလော အကြပ်ရိုက်နေသူက ဇီလန်းစကီးပါ။ ဥရောပ အီးယူနိုင်ငံတွေက သူ့ဘက်က ထောက်ခံမှုပေးနေကြသည့်တိုင်အောင် ထရမ့်ရဲ့ ဩဇာအာဏာကိုတော့ မလွန်ဆန်နိုင်ဘူး။
ဇီလန်းစကီးက သူဟာ ထရမ့်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရကြောင်း နဲ့ အိမ်ဖြူတော်ဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်အခြမ်းကို ရောက်ရှိနေတယ်လို့ စွပ်စွဲခဲ့တယ်။
လေးနှစ်ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲဟာ ခုချိန်ထိ အဆုံးမသတ်နိုင်သေးသလို စစ်ပွဲပြီးဆုံးဖို့လည်း ဘယ်သူမှ အလျှော့မပေးကြဘူး။ စစ်ပွဲကာလ တာရှည်လာတာနဲ့အမျှ ကျူးကျော်စစ်ပွဲကို စတင်သူရော ခုခံသူပါ လုံးပါး ပါးနေကြပြီဖြစ်တယ်။ စစ်ပွဲကြောင့် ရုရှားစီးပွားရေး ချွတ်ခြုံကျသွားသလို ယူကရိန်းလည်း စစ်ဒဏ်ကို နေ့ညမပြတ် အလူးအလိမ့် ခံနေရတုန်းပါ။
#MeKongNews








