~ CWM ~
ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ လေဘာပါတီခေါင်းဆောင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် အဖြစ်က နှုတ်ထွက်ကြောင်း ရုတ်တရက် ကြေညာလိုက်တယ်။ ပါတီက သူ့အပေါ် ထောက်ခံမှု မရှိတော့တာကို သိလိုက်ရတဲ့အတွက် ပါတီခေါင်းဆောင်အဖြစ်က သူနှုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။
အမှတ်(၁၀)ဒေါင်းနင်းလမ်းနေအိမ်မှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ် ကီယာစတာမာက လွန်ခဲ့တဲ့ ၂ နှစ်က သူဒီနေရာကို ဂုဏ်ယူစွာနဲ့ ရောက်ရှိလာပြီး ၁၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် လေဘာပါတီအစိုးရကို ဦးဆောင်နိုင်ခဲ့ပေမယ့် ခုချိန်မှာ သူဟာ လောဘာပါတီခေါင်းဆောင်နဲ့ ထိုက်တန်ပါရဲ့လားဆိုတဲ့ မေးခွန်းတွေ မေးလာတာကြောင့် ထိုက်တန်သူကို နေရာပေးဖို့ ပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ကြောင်း ကြေညာသွားခဲ့တယ်။
ကီယာ စတာမာ ရုတ်တရက် နှုတ်ထွက်သွားခြင်းဟာ ဗြိတိန်နိုင်ငံရေးကို စောင့်ကြည့်လေ့လာနေကြသူတွေအတွက် အံအားသင့်စရာပါ။ ကီယာ စတာမာဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း ဗြိတိန်နိုင်ငံရဲ့ခြောက်ယောက်မြောက် ဝန်ကြီးချုပ်ပါ။
ဗြိတိန်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မကြာခဏ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ခဲ့ပြီး ကီယာစတာမာအပါအဝင် ဝန်ကြီးချုပ် ခြောက်ယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ခုလို ဝန်ကြီးချုပ်တွေ တယောက်ပြီးတယောက် အပြောင်းအလဲ မြန်ရတဲ့ အဓိကအကြောင်းရင်းတခုကတော့ ဗြိတိန်နိုင်ငံရေးစနစ်ရဲ့ အားနည်းချက်၊ ဥရောပသမဂ္ဂက နှုတ်ထွက်ခဲ့တဲ့ (Brexit)ဂယက်၊ ပါတီတွင်းအကွဲအပြဲများနဲ့ စီးပွားရေးကျဆင်းမှုကို ပြည်သူတွေက စိတ်မရှည်မှုတွေကြောင့်ပဲ ဖြစ်တယ်။
၂၀၁၆ ခုနှစ်မှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှုတ်ထွက်ခဲ့ပြီး ထရီဇာမေ တက်လာတယ်။ ထရီဇာမေက ၂၀၁၉ ခုနှစ်မှာ နှုတ်ထွက်သွားပြီး ဘောရစ်ဂျွန်ဆင် တက်လာပြန်တယ်။ ဘောရစ်ဂျွန်ဆင်လည်း ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကာလမှာ စည်းကမ်းဖောက်ပြီး ပါတီပွဲပေးလို့ ပါတီဂိတ်နဲ့ ရာထူးက ဖယ်ရှားခံရတယ်။ သူ့နောက်မှာ လစ်ဇ်ထရပ်စ် တက်လာပြီး (၄၉)ရက်ပဲ ခံတယ်။ အဲဒီနောက်မှာ အိန္ဒိယနွယ်ဖွား ရီရှီဆူနက် တက်လာပြီး ၂၀၂၄ ခုနှစ်မှာ ရာထူးက နှုတ်ထွက်ခဲ့ရပြန်တယ်။ ရီရှီဆူနက်အပြီးမှာ လက်ရှိဝန်ကြီးချုပ် ကီယာစတာမာ အာဏာရလာတယ်။ ကီယာစတာမာဟာ (၁၄)နှစ်အတွင်း ပထမဆုံးအကြိမ် လောဘာပါတီခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ ဗြိတိန်နိုင်ငံရေးမှာ ကွန်ဆာဗေးတစ်ပါတီတွေကသာ အမြဲတမ်းဦးဆောင်နေရာက လေဘာပါတီ ပြန်လည်အနိုင်ရရှိခြင်းလည်းဖြစ်တယ်။
လေဘာပါတီ ခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ ကီယာ စတာမာဟာ နှစ်နှစ်တာကာလအတွင်း ဗြိတိန်နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ပါတီတွင်းက သူ့ကို မနှစ်မြို့ကြသူတွေကြောင့် ရာထူးက နှုတ်ထွက်ပေးခဲ့ရတယ်။ စတာမာ ရာထူးက နှုတ်ထွက်သွားတဲ့အတွက် လာမယ့် ဇူလိုင်လ ဒုတိယပတ်အတွင်း လေဘာပါတီက ခေါင်းဆောင်သစ်တဦးကို တင်မြှောက်ကြမှာပါ။ အဲဒီခေါင်းဆောင်သစ်ဟာ ကီယာစတာမာ နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်လည်း ဖြစ်တယ်။
လတ်တလော ရေပန်းစားနေသူကတော့ မန်ချက်စတာ မြို့တော်ဝန်ဟောင်း အန်ဒီဘန်နမ် ပဲဖြစ်တယ်။ အန်ဒီ ဘန်နမ် လွှတ်တော်ထဲ ဝင်ရောက်နိုင်ဖို့ လေဘာပါတီ အမတ်တဦး ရာထူးက နှုတ်ထွက်ပေးခဲ့ပြီး ဇွန်လက ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘန်နမ်က အနိုင်ရသွားလို့ လွှတ်တော်အမတ်ဖြစ်လာခဲ့တယ်။ လေဘာပါတီဝင်တွေဟာ ကီယာစတာမာ နေရာကို ဘန်နမ်နဲ့အစားထိုးဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။
ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ လေဘာပါတီက အမတ်နေရာအများအပြား ရှုံးနိမ့်ခဲ့ရတာဟာလည်း ကီယာစတာမာအပေါ် ဖိအားကျရောက်ခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ဂျယ် ဖာရက်(Nigel Farage)ဦးဆောင်တဲ့ လက်ယာစွန်းပြုပြင်ပြောင်းလဲရေးပါတီ( Reform UK) က လေဘာပါတီမဲန္ဒနယ်အများအပြားကို သိမ်းပိုက်ပြီး အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။
ဇွန်လ(၂၂)ရက်မှာ ကီယာစတာမာ နှုတ်ထွက်ကြောင်း နဲ့ ဇူလိုင်လလယ်မှာ လေဘာပါတီခေါင်းဆောင်အပြောင်းအလဲနဲ့ အာဏာလွှဲပြောင်းရေး ကြေညာလိုက်စဉ်မှာ အတိုက်အခံ ပြုပြင်ပြောင်းလဲရေးပါတီက အထွေထွေရွေးကောက်ပွဲ ချက်ခြင်းကျင်းပဖို့ တောင်းဆိုခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီကတော့ ကီယာစတာမာရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ကျရှုံးမှုအပေါ် ဝေဖန်ခဲ့ကြတယ်။
ဝန်ကြီးချုပ် ကီယာစတာမာ နေရာကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ အန်ဒီ ဘန်နမ် ဟာ မေလ(၁၈)ရက်က ကျင်းပတဲ့ Makerfield ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီးလွှတ်တော်အမတ်ဖြစ်လာခဲ့တယ်။ သူ့ကို လေဘာပါတီဝင်တွေက ပါတီခေါင်းဆာင်အဖြစ် ထောက်ခံကြတဲ့အတွက် လာမယ့်ဇူလိုင်လမှာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်တယ်။
ဘန်နမ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ မန်ချက်စတာမြို့တော်ဝန်( Mayor of Greater Manchester) အဖြစ် (၉)နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ လေဘာအစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီး နဲ့ ယဉ်ကျေးမှု၊ မီဒီယာ၊ အားကစားဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်တယ်။
ဆယ်နှစ်အတွင်း ဝန်ကြီးချုပ်(၇)ယောက်အထိ အပြောင်းအလဲဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံရေးဟာ ရှုပ်ထွေးပြီး ပြောင်းလဲမှု မြန်ဆန်လှတယ်။ အထူးသဖြင့် ဥရောပကခွဲထွက်ခဲ့ Brexit နောက်ပိုင်း ဂယက်များ၊ ပါတီတွင်းအကွဲအပြဲများ နဲ့ စီးပွားရေးကျဆင်းခြင်းတွေ ပါဝင်တယ်။
၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ လေဘာပါတီဟာ ပြီးခဲ့တဲ့ မေလက ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ Nigel Farage ဦးဆောင်တဲ့ လက်ယာစွန်းပြုပြင်ပြာင်းလဲရေးပါတီ( Reform UK) ကို နေရာအများအပြားမှာ ရှုံးနိမ့်သွားခဲ့ခြင်းဟာ ဝန်ကြီးချုပ် ကီယာစတာမာ နှုတ်ထွက်ရခြင်းနဲ့ ဆက်စပ်နေတယ်။
ငါးနှစ်တကြိမ် ကျင်းပတဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်မှာ ကျင်းပတဲ့အခါ စစ်တမ်းတွေအရ အလားအလာအကောင်းဆုံး ဖြစ်နေတာက ပြုပြင်ပြောင်းလဲရေး(Reform UK) ပါတီလို့ သိရတယ်။ ပြုပြင်ပြောင်းလဲရေးပါတီဟာ လက်ရှိအချိန်မှာ လူထု ထောက်ခံမှု ၂၅% ကနေ ၂၇% အထိ ရရှိထားပြီး အာဏာရ လေဘာပါတီနဲ့ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီတို့ကို လူထုက စိတ်ပျက်နေချိန်မှာ Reform UK ပါတီက အမတ်နေရာ ၇၀% အထိ အနိုင်ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြတယ်။ လက်ရှိ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီဟာ ပြုပြင်ပြောင်းလဲရေးပါတီကို မကျော်နိုင်သေးသလို အာဏာရ လေဘာပါတီရဲ့ လူထုထောက်ခံမှုကလည်း ၁၈% ကနေ ၁၉% အထိ ကျဆင်းနေတယ်။
ဝန်ကြီးချုပ် ကီယာစတာမာ အလွန် ဗြိတိန်နိုင်ငံရေးက ရွေးကောက်ပွဲမတိုင်မီအထိ ထူးခြားမယ့်လက္ခဏာ မရှိသေးပေမယ့် ၂၀၂၉ ရွေးကောက်ပွဲအလွန်မှာတော့ လေဘာပါတီနေရာမှာ ပြုပြင်ပြောင်းလဲရေးပါတီက ဦးဆောင်တဲ့ အစိုးရသစ်တရပ် ပေါ်လာမယ့် အနေအထားတရပ်ကိုတော့ တွေ့မြင်နေကြရတယ်။
#CWM Ref: The Economist. June 27th 2026.
#MeKongNews








