~ CWM ~
ဟော်မုဇ် အဖွင့်အပိတ်က ကမ္ဘာ့ရေနံဈေးနှုန်းအတက်အကျနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ အဖွင့်အပိတ်ဇယားကလည်း ခုချိန်ထိ မငြိမ်သေးဘူး။ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်သွားလို့ ထရမ့်က တခုခုလုပ်မယ်ဆိုပြီး စစ်ရေးပြင်လိုက် ရေနံဈေးနှုန်းက ပြန်တက်သွားလိုက်၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်ပြောလိုက် ပြန်ကျသွားလိုက်နဲ့ ဂဏန်းက မငြိမ်ဘူး။ ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်လည်း ထိုနည်းလည်းကောင်းပဲ။ စစ်ရိပ်စစ်ငွေ့လေး ထပ်သန်းလာပြန်ရင် ရှယ်ယာဈေးတွေ ထိုးကျသွားလိုက်၊ အခြေအနေလေး ပြန်ကောင်းလာရင် ပြန်တက်သွားလိုက်နဲ့ ဇယားမငြိမ်ဘူး ဖြစ်နေတယ်။
ကမ္ဘာကြီးမှာတင် ဖြစ်နေလားဆိုတော့ ဒီမှာလည်း ဖြစ်နေတာပါပဲ။ ဖေဖော်ဝါရီလနောက်ဆုံးပတ် အီရန်စစ်ပွဲ မဖြစ်ခင်က ရန်ကုန်မှာ ဓါတ်ဆီ-၉၂ တလီတာမှ ၂၅၀၀-၂၆၀၀ လောက်ပဲ ရှိနေရာက ခု ဧပြီလလယ်မှာ ၄၇၃၅ ကျပ်ဖြစ်သွားပြီ။ ၉၅ က ၂၆၀၀-၂၇၀၀ ကနေ ခု ၄၉၄၅ကျပ်ဖြစ်သွားပြီ။ မြန်မာပြည် ဓါတ်ဆီဈေးကတော့ သူများတွေနဲ့ မတူ နှစ်ဆတက်တယ်။ ခုရက်ထဲ သင်္ကြန်ကျနေတော့ ဆီဆိုင်တွေမှာ ကားတန်းက သိပ်မရှည်ကြဘူး။ သင်္ကြန်မတိုင်ခင်တုန်းကတော့ ကားတန်းတွေ တော်တော်ရှည်တယ်။ ခွဲတမ်းစနစ် လုပ်လိုက်တော့ အရင်လောက် တန်းမရှည်တာ့ပေမယ့် ဆီဆိုင်တချို့က ခဏရောင်းပြီးတာနဲ့ ကုန်ပြီဆိုပြီး ဆိုင်ပိတ်သွားတာလည်း တွေ့ရတယ်။ အမြဲရနေတာကတော့ မက်စ်ဆီဆိုင်တွေပဲ။
ဆီဈေးအတက်အကျက ဟော်မုဇ်ရေလက်ကြား အဖွင့်အပိတ်နဲ့လည်းဆိုင်တော့ တကမ္ဘာလုံးက ဒါပဲ စောင့်ကြည့်နေကြတယ်။ ပြီးခဲ့တဲ့တပတ်က အမေရိကန် နဲ့ အီရန်ကိုယ်စားလှယ်တွေ ပါကစ္စတန်နိုင်ငံမှာ တွေ့ဆုံညှိနှိုင်းခဲ့ကြရာမှာ အဆင်မပြေ အဖြေမထွက်ခဲ့လို့ အခြေအနေက ပြန်တင်းမာလာခဲ့တယ်။ ပါကစ္စတန်က ကမကထပြုလုပ်ပြီး စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား ပြေလည်မှုရအောင် ကြိုးစားပေးတာပါ။ အမေရိကန်ဘက်က ဒု-သမ္မတ ဂျေဒီဗန့် တက်ရောက်ပြီး အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရပ်ချီ တက်ရောက်တာ တွေ့ရတယ်။ စစ်ကြီးက နှစ်ဖက်စလုံးကို အကြီးအကျယ် ထိခိုက်နေပြီမို့ နှစ်ဖက်စလုံးက ပြီးဆုံးမယ့်အဖြေကို ရှာချင်နေကြပုံရတယ်။ ဒါပေမယ့် အဓိက ကိုင်စွဲထားတဲ့ ရပ်တည်ချက်တွေကိုတော့ နှစ်ဖက်စလုံးက အလျော့ပေးလိုဟန် မရှိဘူး။
အီရန်အနေနဲ့ကြည့်ရင် အတော်အထိနာထားပြီလို့ ဆိုရမယ်။ သူတို့ရဲ့ အထွတ်အမြတ်ခေါင်းဆောင်(supreme leader) အယာတိုလာ အလီခါမေနီ အသတ်ခံရတဲ့အပြင် စစ်ဗိုလ်ချုပ်အများအပြား အမေရိကန် နဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးထားရတယ်။ နောက်ထပ်တိုက်ခိုက်မှုတွေမှာလည်း ရေနံထုတ်လုပ်ရေးဌာနတွေ၊ စက်ရုံတွေ၊ နျူးကလီးယားလက်နက်ထုတ်လုပ်တဲ့ စခန်းတွေ၊ ဒုံးပျံစခန်းတွေ ပါဝင်တယ်။
အီရန်ဘက်ကလည်း ငြိမ်မနေဘူး။ ပင်လယ်ကွေ့ဒေသက အမေရိကန်စစ်စခန်းတွေ အပါအဝင် အဓိကနေရာတွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်သလို အစ္စရေးနိုင်ငံ တဲလ်အဗစ်အရောက် ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ငါတို့ လက်မြှောက်အရှုံးမပေးသေးဘူးဆိုတာ ပြသခဲ့တယ်။ အဆိုးဆုံးကတော့ အရှေ့အလယ်ပိုင်းက ကမ္ဘာ့ရေနံစိမ်း ငါးပုံတပုံ စီးဆင်းဖြတ်သန်းရာ ” ဟော်မုဇ်ရေလက်ကြား” ဖြတ်သန်းခွင့်ကို အီရန်က ထိန်းချုပ်လိုက်တာပါပဲ။
ဒေါ်နယ်ထရမ့် နဲ့ အစ္စရေးတို့ မူလတွက်ချက်ခဲ့တာက ရုတ်တရက် အပြင်းအထန် အလစ်အငိုက် ဝုန်းဒိုင်းကြဲ စစ်ဆင်ရေးပြုလုပ်လိုက်ရင် တဲတဲလေးကျန်တော့တဲ့ အီရန်ဘာသာရေးအစွန်းရောက် အစိုးရပြုတ်ကျသွားမယ်လို့ ထင်ခဲ့တာ။ ထရမ့် နဲ့ နေတန်ယာဟုတို့ ထင်သလို ဖြစ်မလာဘဲ အီရန်က ပြန်ချနေတော့ စစ်ကြီးက ချက်ချင်းမပြီးဘဲ ကြာနေတယ်။ ထရမ့်က သူ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို ရုတ်တရက် အလစ်အငိုက် ဝင်ဖမ်းပြီး ဗင်နီဇွဲလားအစိုးရအပြောင်းအလဲ ဖန်တီးခဲ့သလိုမျိုး အီရန်ကိုလည်း ခဏလေးနဲ့ ပြီးသွားမယ် ထင်ခဲ့တာ။ အီရန်က ဗင်နီဇွဲလားလိုမဟုတ်ဘဲ ခါမေနီအလွန် လက်ကျန်ခေါင်းဆောင်တွေက ဆက်ပြီး ခံချနေတဲ့အပြင် သူတို့ရဲ့ တုံ့ပြန်မှုဟာ ကမ္ဘာကြီးတခုလုံးရဲ့ စီးပွားရေးကိုပါ ဂယက်ရိုက်လာတဲ့အခါ နှစ်ဖကစလုံးက ” တွေ့ဆုံဆွေးနွေးရေး” ဖြစ်လာတယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း ကိုယ့်ချည်း လုပ်ယူလို့ရတာမဟုတ်တေ့ နှစ်ဖက်စလုံးနဲ့ အဆင်ပြေတဲ့ ပါကစ္စတန်ကို ကြားခံပြီး တွေ့ကြတာပါ။
ပါကစ္စတန်က အီရန်လိုပဲ အစ္စလာမ်မစ်နိုင်ငံ ဆိုပေမယ့် အများစုက ဆွန်နီတွေဖြစ်ပြီး အီရန်မှာကတော့ ရှီးယားမွတ်ဆလင် အများစုဖြစ်တယ်။ ထူးခြားမှုတခုက မွတ်ဆလင်ကမ္ဘာမှာ ပါကစ္စတန်က နျူးကလီးယားလက်နက် တရားဝင် ပိုင်ဆိုင်ထားတဲ့အပြင် အမေရိကန်နဲ့လည်းအဆင်ပြေတဲ့ ဆက်ံဆံရေး ရှိနေတာပါပဲ။
ဂျေဒီဗန့်စ် နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီတို့ အစ္စလာမာဘတ်မြို့မှာ တွေ့ကြတော့ နောက်ဆုံးမှာ ” နျူးကလီးယားကိစ္စ” နဲ့ပဲ တဖက်နဲ့ တဖက် အဆင်မပြေတော့ပဲ ပွဲပြီးသွားခဲ့တယ်။ ဒါက ဒီစစ်ပွဲရဲ့ အဓိကအကြောင်းတရားဖြစ်သလို အစ္စရေးရဲ့ အဓိကမျှော်မှန်းချက်လည်းဖြစ်တယ်။
အီရန်ဟာ အမေရိကန် အစ္စရေး နဲ့ အနောက်အုပ်စုကို ဆန့်ကျင်နေပြီး အကြမ်းဖက်မှုတွေ တင်ပို့ အားပေးနေတဲ့ ဆန့်ကျင်ဘက် အစွန်းရောက်နိုင်ငံဖြစ်တယ်။ အီရန်ဟာ နျူးကလီးယားလက်နက်ပိုင်ဆိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး အစ္စရေးနဲ့ အမေရိကန်ကလည်း အီရန် နျူးကလီးယားလက်နက်ပိုင်ဆိုင်သွားရင် အရှေ့အလယ်ပိုင်းဒေသကို ခြိမ်းခြောက်လာတော့မှာကို မလိုလားဘူး။ အီရန်ဟာ နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို မရောက်သေးပေမယ့် သူ့မှာ သန့်စင်ပြီးသား ယူရေနီယံတွေ ရှိနေပြီ။ ဒီသန့်စင်ပြီးသား ယူရေနီယံက နောက်ဆင့်ဆို နျူးကလီးယားဗုံး ထုတ်လုပ်နိုင်ပြီ။ အစ္စရေးရော အမေရိကန်ကပါ အီရန်ရဲ့နျူးကလီးယားအစီအစဉ်တွေကို လုံးဝ ရပ်ဆိုင်းစေချင်တယ်။
အီရန်ဘက်ကလည်း သူတို့ လုပ်နေတဲ့ နျူးကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ရည်ရွယ်တာဖြစ်တယ်။ လက်နက်ထုတ်လုပ်ဖို့ မဟုတ်ဘူး။ နောက်တချက်က ” ဘယ်နိုင်ငံမဆို နျူးကလီးယားကို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ထုတ်လုပ်ပိုင်ခွင့်ရှိတယ်။ မလုပ်ရဘူးလို့ တားဆီးပိုင်ခွင့် မရှိဘူး” လို့သူတို့ဆိုတယ်။ အမေရိကန်နဲ့ အစ္စရေးကတော့ ” ဟင့်အင်း..” မရဘူးပဲ။ ” အီရန် နျူးကလီယားထုတ်လုပ်ရေးစခန်းတွေကို ဖျက်ဆီးပစ်ရမယ်” ” သူတို့ကို နျူးကလီးယားပိုင်ဆိုင်ခွင့် လုံးဝမရှိစေရ” ။
ဂျေဒီဗန့်စ် နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီတို့ အစ္စလမ္မာဘတ်မြို့မှာ တွေ့ဆုံပြီး အဆင်မပြေဖြစ်ပြီး ဂျေဒီဗန့်စ်ပြန်လာချိန်ကစလို့ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ဖျက်သင်္ဘောနှစ်စီးနဲ့ အခြားရေတပ်သင်္ဘောတွေ စေလွှတ်ပြီး ပိတ်ဆို့ထားလိုက်
တယ်။ ဟော်မုဇ်ရေလက်ကြားကနေပြီး အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာမယ့် ရေနံတင်သင်္ဘော တစီးမှ ဖြတ်ခွင့်မရှိတော့ဘူးလို့ ကြေညာတယ်။ အီရန်နဲ့ မပတ်သက်တဲ့ သင်္ဘောတွေလည်း အမေရိကန်ရဲ့ ခွင့်ပြုချက်ယူရမယ်လို့ ဆိုတယ်။ အမေရိကန်ပိတ်ဆို့ထားတဲ့ နေရာအနီးကို ရောက်လာတဲ့ အီရန် အမြန်သွားမော်တော်ဘုတ်တွေကိုလည်း ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။
ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားလိုက်ချိန်ကစလို့ သတင်းတွေအမျိုးမျိုး တက်လာတယ်။ အမေရိကန် ပိတ်ဆို့ထားတဲ့ကြားက တရုတ်ရေနံတင်သင်္ဘောတစီး ဖြတ်သွားတယ်ဆိုတဲ့ သတင်း။ တခြားသတင်းတွေအရ ပိတ်ဆို့ထားချိန်ကစလို့ ဖြတ်သန်းသွားလာတဲ့ သင်္ဘော မရှိသလောက်ဖြစ်သွားတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ အဆိုအရ ရေလက်ကြားပိတ်ပြီး ၂၄ နာရီအတွင်း အမေရိကန်ရဲ့ ညွှန်ကြားချက်အရ သင်္ဘော(၆)စီး ပြန်လှည့်သွားတယ်လို့ သိရတယ်။ သင်္ဘောသွားလာမှု စောင်ကြည့်ရေးအချက်အလက်တွေအရ ပိတ်ဆို့ပြီးနောက် အီရန်နဲ့ ဆက်စပ်တဲ့ သင်္ဘော လေးစီး ရေလက်ကြားကို ဖြတ်သွားတယ်လို့ ဆိုတယ်။ ထရမ့်က ဟော်မုဇ်ကို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်ကလည်း ” အန္တရာယ်ကြီးမားပြီး တာဝန်မကင်းတဲ့ လုပ်ရပ်” လို့ ဝေဖန်ပြီး ပိတ်ဆို့မှုကြောင့် ” တင်းမာမှုတွေ ပိုမြင့်လာစေသလို အထိမခံတဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း ဖျက်ဆီးလိုက်တယ်” ဆိုတယ်။
ဒီအခြေအနေမှာ ဒေါ်နယ်ထရမ့်က ဒီတပတ်အတွင်း အီရန်နဲ့ ဆွေးနွေးပွဲ ပြန်စနိုင်မယ်လို့ ဆိုလိုက်ပြန်တယ်။ ဒီအခြေအနေကြောင့် ရေနံဈေးက ဒေါ်လာ ၁၀၀ အောက် ပြန်ရောက်သွားပြန်တယ်။ ပါကစ္စတန်က ပြန်လာတဲ့ ဂျေဒီဗန့်စ်ကလည်း ဆွေးနွေးပွဲ ပြန်စမှာပါ။ သူတို့(အီရန်)ဘက်က အရမ်းကို ညှိနှိုင်းချင်နေတယ် လို့ ဆိုတယ်။ ခန့်မှန်းချက်အရ လာမယ့် အပတ်အတွင်း အီရန် နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ပါကစ္စတန်မှာ ပြန်တွေ့ကြဖို့ ရှိနေတယ်။ ဒါမှလည်း နှစ်ဖက် မပြတ်သေးတဲ့ကိစ္စ ရှင်းလို့ရမှာဖြစ်သလို မပြီးဆုံးသေးတဲ့ အီရန်စစ်ပွဲကြီး ပြီးဆုံးနိုင်မှာပါ။
ရေးနေကြတဲ့ သတင်းတွေအရ အမေရိကန်က အီရန်ကို ” နှစ် ၂၀ အတွင်း နျူးကလီးယားလက်နက်ပိုင်ဆိုင်ဖို့ မကြိုးစားရ” ဆိုပြီး တောင်းဆိုထားပြီး အီရန်က ၅ နှစ် ထားပေးပါဆိုပြီး ဈေးဆစ်ထားတယ်။ နှစ်ဖက် ညှိလို့ ရကြရင် စစ်ပွဲက ပြီးသွားနိုင်တယ်။ ဟော်မုဇ်ရေလက်ကြားလည်း ပြန်ပွင့်သွားပြီး ကမ္ဘာ့စီးပွားရေးခြိမ်းခြောက်မှုအန္တရာယ်ကလည်း လွတ်မြောက်မှာဖြစ်တယ်။ ခု အခြေအနေအတိုင်း ဆက်ပြီး နှစ်ဖက် တင်းမာပြီး စစ်ပွဲရှည်ကြာနေခဲ့ရင် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီး ဆိုက်ရောက်တဲ့အထိ အခြေအနေ ဆိုးနိုင်တယ်လို့ ဝေဖန်နေကြတယ်။
ဒီစစ်ပွဲက ဒေါ်နယ်ထရမ့် အတွက်မှားခဲ့တဲ့ စစ်ပွဲပါ။ စစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ သူ့ရဲ့ နိုင်ငံရေးအနာဂတ်က စိုးရိမ်စရာဖြစ်လာတယ်။ ထရမ့်ဆင်နွှဲနေတဲ့ စစ်ပွဲကို သမိုင်းတလျှောက် အဓိကမဟာမိတ် ဗြိတိန်က မထောက်ခံသလို ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ တို့ကလည်း မထောက်ခံဘူး။ ဒီအခြေအနေမှာ ဥရောပနိုင်ငံတချို့က တရုတ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတယ်။
ထရမ့်အနေနဲ့ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေပုံ ရတယ်။ ဒါ့ကြောင့် သူ့ရဲ့ခြိမ်းခြောက်လိုက်၊ နောက်ဆုတ်လိုက်၊ ခန့်မှန်းမရတဲ့ (TACO) မူဝါဒနဲ့အတူ ဟော်မုဇ်ရေလက်ကြားကလည်း ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာပါ..။
#CWM ref: Reuters, BBC CBS News.








