~ လင်းမောင် ~
တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် လက်ရှိတွင် ပိုမိုကျယ်ပြန့်လာနေသည်။ ကနဦးတွင် အစိုးရအရာရှိများနှင့် “ကျားကြီးများ”ဟု ကင်ပွန်းတပ်ထားသည့် ဩဇာကြီးမားသော ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထား နှိမ်နင်းရန် စတင်ခဲ့ရာမှ ယခုတွင် ပိုမိုသိမ်မွေ့သော နယ်ပယ်တစ်ခုဖြစ်သည့် အစိုးရဝန်ထမ်း များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လူနေမှုဘဝများနှင့် ပြည်ပဆက်နွှယ်မှုများကို စစ်ဆေး ထိန်းချု ပ်လာခြင်းဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်အတွင်းတွင် ပေကျင်းသည် ယခင်ကတည်းက ရည်ရွယ်ထားခဲ့သော “Naked officials” ဟု အမည်ပေးထားသည့် အုပ်စုကိုသာ မကန့်သတ်တော့ဘဲ စောင့်ကြည့်စစ်ဆေးမှုကို တိတ်တဆိတ် တိုးချဲ့လာခဲ့သည်။ “Naked officials” ဆိုသည်မှာ ဇနီး သို့မဟုတ် ခင်ပွန်းနှင့် သားသမီးများ ပြည်ပတွင် နေထိုင်ကြသူ အရာရှိများကို ဆိုလိုခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီအတွင်းပိုင်း၌ “quasi -naked officials ဟုဆိုသည့် မိသားစုအချို့ ပြည်ပတွင် နေထိုင်သော အစိုးရအရာရှိများကို သတ်မှတ်ထားသော အုပ်စုအသစ်တစ်ခုကိုပါ စောင့်ကြည့် စစ်ဆေးမှုများ တိုးမြှင့်လာခဲ့သည်။ ထိုအုပ်စုတွင် သားသမီးများ ပြည်ပတွင် နေထိုင်နေသော်လည်း ဇနီး သို့မဟုတ် ခင်ပွန်းမှာ တရုတ်နိုင်ငံအတွင်းတွင်ပင် နေထိုင်နေသည့် အရာရှိများ ပါဝင်ကြသည်။
တရုတ်နိုင်ငံ၏ ဗျူရိုကရေစီ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် စစ်တပ်ကို သမ္မတရှီကျင့်ဖျင်က ဆယ်စုနှစ်တစ်ခု ကျော်ကြာ ပြန်လည်ပုံဖော်ပြီးဖြစ်သော လှုပ်ရှားမှုဖြင့် ရှေ့ဆက်လုပ်ဆောင်နေချိန်တွင် ယင်းပြောင်းလဲမှုသည် နိုင်ငံရေးစည်းကမ်း တင်းကျပ်မှုကို သင်္ကေတပြနေသည်။
တရုတ်တွင် Naked officials ကို နှစ်ပေါင်းများစွာ သံသယရှိခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် ကွန်မြူနစ်ပါတီ၏ ဩဇာကြီးမားသော ဝန်ထမ်းအဖွဲ့မှ ညွှန်ကြားချက်တစ်ခုအရ ၎င်းတို့အား ပါတီအဖွဲ့ အစည်းများ၊ စစ်တပ်နှင့် နိုင်ငံပိုင်ကုမ္ပဏီများတွင် အဓိကခေါင်းဆောင်မှု အခန်းကဏ္ဍများသို့ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ခန့်အပ်ခြင်းမပြုရန် တားမြစ်ထားသည်။ ယင်းလုပ်ရပ်နောက်ကွယ်မှ အကြောင်းပြချက်က ရှင်းလင်းလှသည်။ ပြည်ပရှိ မိသားစုဝင်များသည် တရားမဝင် ငွေကြေးလွှဲပြောင်းမှုများအတွက် လမ်းကြောင်းများ ဖြစ်လာနိုင် သလို ပြည်ပဩဇာလွှမ်းမိုးနိုင်သည့် အားနည်းချက်များအဖြစ် အသုံးချနိုင်ခြင်းကြောင့် ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းရေး ပြန်လည်သုံးသပ်ချက်များနှင့် နီးစပ်သော သတင်းရင်းမြစ်များစွာ၏ အဆိုအရ စုံစမ်းစစ်ဆေးမှု နယ်ပယ်က ပိုမို ကျယ်ပြန့်လာသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းကတည်းက အကြီးတန်းအရာရှိများနှင့် အမှုဆောင်အရာရှိများ၏ ပြည်ပဆက်နွှယ်မှုများကို ရှာဖွေဖော်ထုတ်ရန် အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် ကွင်းဆင်းစစ်တမ်း ကောက်ယူခြင်းများနှင့် နောက်ကြောင်း စစ် ဆေးမှုများ ပြုလုပ်ခဲ့သည်။
ပါတီ၏ ရာထူးခန့်အပ်မှုများအတွက် တံခါးမှူးသဖွယ်ဖြစ်သော ဗဟိုအဖွဲ့အစည်းဌာနသည် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်တွင် အရေးပါသောရာထူးများ၌ တာဝန်ထမ်းဆောင်သော အရာရှိများကို အဓိကထား၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းမှာ အမှားအယွင်း ကျူးလွန်ကြောင်း သက်သေပြရန်ထက် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်သာ အလေးပေး ထားကြောင်း ပါတီအတွင်းလူများက ဆိုသည်။
ပြည်ပတွင် ပညာသင်ကြားနေသော သို့မဟုတ် အခြေချနေထိုင်သော သား၊ သမီးများရှိသော အရာရှိများသည် ယခုအခါ ပို၍ တင်းကျပ်သော စောင့်ကြည့်စစ်ဆေးမှုအောက်သို့ ကျရောက်နေသည်။ ၎င်းတို့သည် သက်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ တင်ပြရမည်ဖြစ်သည်။ အရေးပါသော နယ်ပယ်များတွင် တာဝန်ထမ်းဆောင်နေသူ အချို့ကို ရာထူးနေရာ အပြောင်းအလဲလုပ်ခဲ့သည်။ အချို့မူမှာ ရာထူးတိုးများ ရပ်တန့်သွားသည်ကို တွေ့ရှိရသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစည်းကမ်းထိန်းသိမ်းရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် စည်းကမ်း စစ်ဆေးရေး ဗဟိုကော်မရှင်သည် ပြီးခဲ့သည့်နှစ်က အကြီးတန်းအရာရှိ ၆၃ ဦးကို စံချိန်တင် စုံစမ်း စစ် ဆေးခဲ့သည်။ ယင်း ကိန်းဂဏန်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုသည် ဟန်ပြသက်သက်မဟုတ်ဘဲ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြသနေသည်။
အပြောင်းအလဲက အဓိကဦးတည်ချက်ပင် ဖြစ်သည်။
ယင်းလှုပ်ရှားမှုသည် အဂတိလိုက်စားမှုကို အပြစ်ပေးအရေးယူခြင်းမှနေ၍ နိုင်ငံတွင်းမှ ငွေကြေးများ ပြည်ပသို့ မစီးဆင်းသွားမီ ဟာကွက်ဟုယူဆရသော အချက်များကို ကြိုတင်ပိတ်ဆို့သည့်စနစ်သို့ ကူးပြောင်းလာခြင်းဖြစ်သည်။ ပြည်ပရှိ မိသားစု အဆက်အသွယ်များသည် အဂတိလိုက်စားမှု ကွင်းဆက်တွင် အရေးပါသော ချိတ်ဆက်မှု တစ်ခုဖြစ်ကြောင်း ကွန်မြူနစ်ပါတီ အတွင်းလူများက ဆိုကြသည်။ အကြောင်းမှာ ထိုအဆက်အသွယ်များသည် ငွေကြေးလွှဲပြောင်းမှုများကို လွယ်ကူစေခြင်း သို့မဟုတ် တရားမဝင် ရရှိထားသော အကျိုးအမြတ်များအတွက် ဘေးကင်းရာနေရာများအဖြစ် ဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။
ယခုရှုမြင်ချက်အရ အရာရှိတစ်ဦး၏ ရင်သွေး ပြည်ပတွင်မွေးဖွားခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်ခုသက်သက် မဟုတ်တော့ပေ။ ယင်းသည် စည်းမျည်းလိုက်နာမှုနှင့် နိုင်ငံရေးအရ ယုံကြည်စိတ်ချရမှုဆိုင်ရာ ပြဿနာတစ်ခုလည်း ဖြစ်လာသည်။
မကြာသေးမီက ဖြစ်ရပ်များစွာတွင် ထိုအကျိုးဆက်များကို ဖော်ပြနေသည်။ ၎င်း၏ သားသမီးသည် အမေရိကန် အမြဲတမ်းနေထိုင်ခွင့် (Green card) ကိုင်ဆောင်ထားကြောင်း ပေါ်ပေါက်လာပြီးနောက် အရာရှိတစ်ဦးအား ရာထူးမှ ဖယ်ရှားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ အခြားဖြစ်ရပ်တစ်ခုတွင် ဝန်ကြီးဌာနနှင့် ဆက်စပ်နေသော အဖွဲ့အစည်းတစ်ခုမှ ဒါရိုက်တာတစ်ဦးသည် ၎င်း၏ သားဖြစ်သူ အမေရိကန်နေထိုင်ခွင့် အဆင့်အတန်းကို အသိပေးတင်ပြရန် ပျက်ကွက်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်တွင် အဆင့်မြင့်ရာထူးမှ ဖယ်ရှားခံရခြင်းသည် အစိုးရရာထူးတစ်ခု နိဌိတံသွားခြင်းကို ဆိုလိုသည်။
ထိုကဲ့သို့သော ဆက်နွှယ်မှုများကို စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များအား ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခြင်းသည် နောက်ဆက်တွဲ အန္တရာယ်များကို သယ်ဆောင်လာစေသည်။ ဖုံးကွယ်ထားခြင်းသည် တရား ဝင်စုံစမ်းစစ်ဆေးမှုနှင့် ထုတ်ပယ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
စုံစမ်းစစ်ဆေးမှုကွန်ရက် ပိုမိုကျယ်ပြန့်လာခြင်းသည် ပိုမိုနက်ရှိုင်းသော အပြောင်းအလဲတစ်ခုကို ညွှန်ပြနေသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် အဂတိလိုက်စားမှုကို အမြစ်ပြတ် ဖယ်ရှားရုံသာမက နိုင်ငံရေးစည်းကမ်းကို အားကောင်းစေခြင်း၊ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုကို ပိတ်ဆို့ခြင်းနှင့် အုပ်ချုပ်သူအလွှာအတွင်း ပြည်ပထိတွေ့မှုကို လျှော့ချခြင်းတို့နှင့်လည်း သက်ဆိုင်သည်။
“အစိုးရတစ်ပိုင်းအရာရှိ” များထံ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ပေကျင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုများနှင့် အများပြည်သူ၏ နိုင်ငံရေးယုံကြည်မှုအကြား ပိုမိုခိုင်မာသော စည်းတစ်ကြောင်းကို တားဆီးလိုက်ခြင်းဖြစ်သည်။ တစ်ချိန်က ရေပေါ်ဆီမိသားစုများကြားတွင် အဆင့်အတန်း အမှတ်အသားတစ်ခုဖြစ်ခဲ့သည့် ပြည်ပတွင်ပညာသင်ယူမှု သို့မဟုတ် နေထိုင်ခွင့်မှာ အုပ်ချုပ်မှုဆိုင်ရာ အန္တရာယ်တစ်ခုအဖြစ် ပိုမိုသတ်မှတ်လာကြသည်။
ယင်းသတင်းစကားက ရှင်းလင်းလှသည်။ နိုင်ငံရေးအရသစ္စာစောင့်သိမှုနှင့် အဖွဲ့အစည်းဆိုင်ရာထိန်းချုပ်မှုသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာထိတွေ့မှုထက် ပို၍အရေးပါနေသည်။ လက်ရှိ အခြေအနေတွင် သွယ်ဝိုက်သော ပြည်ပဆက်သွယ်မှုများသည်ပင်လျှင် အစိုးရအရာရှိတစ်ဦး၏ ရာထူးတက်လမ်းကို ပြောင်းလဲသွားစေနိုင်သည်။
တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် လျော့ကျသွားခြင်း မရှိဘဲ ပိုမိုဝင်ရောက်စွက်ဖက်ပြီး ကြိုတင်ကာကွယ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အဂတိလိုက်စားမှု ထိန်းချုပ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သတိရှိမှုများကို တစ်ခုတည်းသော စည်းမျဉ်းစည်းကမ်း မူဘောင်အတွင်း ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။
#MeKongNews








