~ CWM ~
တနေ့တနေ့ မရိုးအောင် သူ့သတင်းတွေ ဖတ်ရတယ်။ သူ့သတင်းတွေကလည်း လျှို့ဝှက်သည်းဖိုဝတ္ထုလို ဇာတ်ရှိန်အတက်အကျ မြန်တယ်။ ခု တမျိုး တော်ကြာ တမျိုး။ ခု စာကလေးကြော်၊ ခု ဆီထမင်း။ သူ့ကို ဘယ်သူမှ မနိုင်ကြတော့ဘူး။ စိတ်ထင်ရာ လုပ်၊ ထင်တိုင်းကြဲသလိုဖြစ်နေတယ်။
သူက အပြောလည်းကောင်း၊ အိုက်တင်လည်း ကောင်း။ ပရိယာယ်လည်း ကြွယ်။
ကမ္ဘာ့ အင်အားကြီး စူပါ ပါဝါနိုင်ငံဆိုတော့လည်း သူ့ကို (ကြောက်တာမဟုတ်တောင်) ကျန်နိုင်ငံတွေ(မဟာမိတ်တွေရော၊ မဟာမိတ်မဟုတ်သူတွေကပါ) ခပ်ရို့ရို့လေး နေကြရတယ်။ သူနဲ့ ထိပ်တိုက် မတွေ့ဖို့ ဟန်ဆောင်နေကြရတယ်။
သူကတော့ အားလုံးက သိနေကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်။
ဒိန်းမတ်က ရာစုနှစ်တခုကျော် ပိုင်ဆိုင်ထားတဲ့ ဂရင်းလန်းကို သူက သိမ်းပိုက်မယ်ဆိုတော့ ဥရောပနိုင်ငံတွေ ပျာယာခတ်ကုန်ကြတယ်။ ဘယ်လိုလုပ်ကြမလဲ။ ဒိန်းမတ်ဆိုတာ အီးယူအဖွဲ့ဝင်၊ နေတိုးအဖွဲ့ဝင်နိုင်ငံ။ ကိုယ့်အုပ်စုထဲက နိုင်ငံတနိုင်ငံကို bullied လုပ် အင်အားသုံး သိမ်းပိုက်မယ်ဆိုတာက ဘယ်လိုမှ ကြားမကောင်းဘူး။ အနီးဆုံးမဟာမိတ် ဗြိတိန်ရော၊ ပြင်သစ်၊ ဂျာမနီကပါ ဒီကိစ္စ ဘယ်လိုမှ လက်ခံလို့မရ။
“ ကောင်းပြီ ခင်ဗျားတို့ လက်မခံဘူးဆိုရင် တော့ ခင်ဗျားတို့အားလုံးကို အခွန် ၁၀%တိုးကောက်ရမှာပဲ”
သူက မိတ်ဆွေရော မဟာမိတ်ရော မရှောင်ဘူး။ ဂရင်းလန်းကို အမျိုးသားလုံခြုံရေးအရ သူက လိုချင်တာ။ နို့မဟုတ်ရင် တရုတ်နဲ့ ရုရှားရဲ့ အန္တရာယ်ရှိတယ်။ ဘယ်လိုနည်းနဲ့ရရ လိုချင်တယ်။ အင်အားသုံးသိမ်းပိုက်ဖို့လိုရင် သိမ်းပိုက်မယ်။ မဆီမဆိုင် ဆွဲထည့်လိုက်ပုံက “ ကျုပ်ရသင့်တဲ့ နိုဘယ်ဆုကို ခင်ဗျားတို့က မပေးတော့ ကျုပ်ကလည်း ငြိမ်းချမ်းရေးကို လိုက်နာဖို့ မလိုတော့ဘူးလေ” တဲ့။
အခြေအနေက သိပ်မကောင်းဘူး။ ဆွစ်ဇာလန်မှာ ကျင်းပတဲ့ “ ကမ္ဘာ့စီးပွါးရေးဖိုရမ်” ကို သူ လာတက်ဖို့ရှိတယ်။ လာတက်တော့မှပဲ သူနဲ့အေးအေးဆေးဆေး ဆွေးနွေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကိုင်စတာမာက ဆိုတယ်။ စီးပွါးရေးဖိုရမ်မှာ ပြင်သစ်သမ္မတ မက်ခရွန်ရော၊ ကနေဒါဝန်ကြီးချုပ် မာ့ကာနေးကပါ သူ့လုပ်ရပ်ကို ဝေဖန်တယ်။ မက်ခရွန်က ကမ္ဘာကြီးဟာ ဥပဒေမဲ့သွားပြီ။ အားကြီးသူက အနိုင်ကျင့်နေပြီ။ ကျုပ်တို့လိုချင်တာ အပြန်အလှန်လေးစားမှု၊ နိုင်ထက်စီးနင်းမဟုတ်ဘူးလို့ ပြောသလို ကနေဒါကလည်း ကမ္ဘာကြီးဟာ အလယ်အလတ်ပါဝါတွေ ပူးပေါင်းရမယ့် အချိန်ရောက်ပြီလို့ ဆိုတယ်။ ဥရောပနိုင်ငံတွေက ဘယ်သူမှ သူနဲ့သဘောမတူဘူး။ အခွန်တိုးကောက်လည်း ကောက်။ ဒီလို အနိုင်ကျင့်သလိုမျိုး ဂရင်းလန်ကို သိမ်းပိုက်ဖို့ ကြိုးစားတာကိုတော့ လက်မခံဘူး။
အခြေအနေတွေ တင်းမာနေချိန်မှာ ဒါးဗို့စ်ကို သူရောက်လာတယ်။ မိန့်ခွန်းပြောတော့လည်း အားလုံးကို ပတ်ရမ်းသွားတယ်။ အိမ်ရှင် ဆွစ်ဇာလန်တောင် မကျန်ဘူး။ ခင်ဗျားတို့ ဆွစ်တွေ ကျုပ်တို့သာ စစ်(ဒုတိယကမ္ဘာစစ်)ထဲ ပါမလာဘူးဆိုရင် ခင်ဗျားတို့ ခု ဂျာမန်စကားပြောနေရပြီ။(တကယ်က ဆွစ်လူမျိုးအများစု ဂျာမန်စကားပြောနေတယ်)။ ဂရင်းလန်ကိုလည်း အိုက်စ်လန်နဲ့ မှားမှားပြီး ခဏခဏပြောတယ်။ လွန်ခဲ့တဲ့ရာစုနှစ်က လှေတစီးလာဆိုက်ကပ်ခဲ့ရုံနဲ့ ပိုင်ဆိုင်တယ်လို့ ပြောမရဘူး။ စစ်အတွင်းက ဒိန်းမတ်ကို ကျုပ်တို့ လွတ်မြောက်အောင် လုပ်ပေးထားခဲ့တယ်။ နေကာမျက်မှန်တပ်ပြီး မိန့်ခွန်းပြောတဲ့ မက်ခရွန်ကို လှောင်ပြောင်သလို ကနေဒါဝန်ကြီးချုပ် ကာနေးကိုလည်း ခင်ဗျားတို့က ကျုပ်တို့ကို ကျေဇူးတင်ရမှာ၊ အမေရိကန်မရှိဘဲ ကနေဒါဆိုတာ ရပ်တည်လို့ မရဘူးဆိုတာမျိုးပြောတယ်။ လေအားလျှပ်စစ်တာဘိုင်ပန်ကာတွေ ဥရောပနေရာအနှံ့မှာ တွေ့နေရတယ်။ တရုတ်ပြည်မှာသွားကြည့် လေအားလျှပ်စစ်တာဘိုင်တွေ မရှိဘူး။ ဒါက ခင်ဗျားတို့ကို တရုတ်က ဂျင်းထည့်ပြီး ရောင်းနေပုံမျိုး ပြောတယ်။ သူ့ရဲ့ သမ္မတသက်တမ်း တစ်နှစ်မှာ အမေရိကန်နိုင်ငံကြီး စီးပွါးရေးအင်အားတောင့်တင်းလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အဆမတန်တိုးပွါးခဲ့တယ်ပြောပြီး ဂျိုးဘိုင်ဒင်လက်ထက်မှာ ဆုတ်ယုတ်ကျဆင်းခဲ့တယ်လို့လည်းဆိုတယ်။
ဒါးဗို့စ် ဖိုရမ်မှာ မိန့်ခွန်းပြောပြီးတော့ နေတိုးအထွေထွေအတွင်းရေးမှူး မာ့ ရု(တ်)နဲ့ တွေ့ဆုံဆွေးနွေးတယ်။ မာ့ရု(တ်) နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာတော့ သူ့လေသံ ပြောင်းသွားတယ်။
ဂရင်းလန်းကို အင်အားသုံး သိမ်းပိုက်တော့မှာ မဟုတ်သလို ဥရောပ (၈)နိုင်ငံကိုလည်း အခွန်တိုးမကောက်တော့ပါဘူးတဲ့။
ဂရင်းလန်းကိစ္စ အခြေခံမူဘောင် သဘောတူညီချက်ရရှိထားပြီး အနာဂတ်မှာ ဆက်လက်ညှိနှိုင်းဖို့ သဘောတူကြတယ်လို့ ဆိုတယ်။ ဒီတော့မှပဲ ဥရောပနိုင်ငံတွေက စိတ်အေးသွားကြတယ်။ ဒါပေမယ့် ဘယ်လိုမူဘောင်တွေ သဘောတူထားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောဘူး။
ဒါးဗို့စ် ဖိုရမ်မှာ သူ တင်ပြလာတဲ့ ခေါင်းစဉ်တခုကတော့ Board of Peace ပါ။ သူ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တည်ထောင်ကြောင်းနဲ့ သူ့အဖွဲ့ထဲကို ကမ္ဘာ့နိုင်ငံအများအပြားက ဝင်ဖို့ သဘောတူကြောင်း၊ ဒီအထဲမှာ ရုရှားသမ္မတ ပူတင်လည်းပါကြောင်း ပြောတယ်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲဝင်ဖို့ နိုင်ငံပေါင်း(၆၀)ကို ကမ်းလှမ်းထားရာမှာ ၃၅ နိုင်ငံက ဖိတ်ကြားမှုကို လက်ခံပြီး ဝင်ဖို့ သဘောတူခဲ့တယ်လို့ဆိုတယ်။
ဒီအဖွဲ့က အနာဂတ်ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့နဲ့ မတည်ငြိမ်တဲ့ဒေသတွေကို တည်ငြိမ်စေပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ရည်ရွယ်တယ်လို့ ဆိုတယ်။ သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace)က ကုလသမဂ္ဂနဲ့ စင်ပြိုင်သဘောဆောင်လား မေးကြည့်တော့ သူက မဟုတ်ပါဘူး။ သူဟာ ကုလသမဂ္ဂကို အားပေးသူပါတဲ့။ ဒါပေမယ့် ခုချိန်မှာ ကုလသမဂ္ဂက အလုပ်မဖြစ်တော့ပါဘူးလို့ ဆိုတယ်။
သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲကို ဒေါ်လာ(၁)ဘီလျံထည့်ဝင်ရင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရမှာဖြစ်ပြီး သာမန်အဖွဲ့ဝင်သက်တမ်းက (၃)နှစ်ပဲလို့ သိရတယ်။ သူက ရာသက်ပန် ဥက္ကဌ အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်အားလုံးဟာ အတည်ဖြစ်တယ်။ အဖွဲ့ဝင်တာ၊ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တာ သူ့သဘောအတိုင်းပဲဖြစ်တယ်။ ဒီ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ မူလအစက ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်က စတင်ခဲ့တာဖြစ်တယ်။ ဂါဇာမှာငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက်မှာ ဂါဇာပြန်လည်ထူထောင်ရေးအစီအစဉ်ကို သူက ကမကထ ဦးဆောင်ခဲ့တယ်။ ဒီအထဲမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ပါဝင်သလို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လည်းပါဝင်တယ်။
အခု ဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကတော့ အနာဂတ်ကမ္ဘာ့ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်တယ်လို့ဆိုတယ်။ သူက ဒီအဖွဲ့ထဲဝင်ဖို့ နိုင်ငံအများအပြားကို ဖိတ်ခေါ်ခဲ့ရာမှာ အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ တူရကီ၊ အီဂျစ်၊အစ္စရေး၊ ပါကစ္စတန်၊ အစရှိတဲ့နိုင်ငံတွေက အဖွဲ့ဝင်ဖို့ ချက်ချင်းသဘောတူခဲ့ကြတယ်။
လက်ရှိချိန်ထိ ထရမ့်ရဲ့ board of peace မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့နိုင်ငံတွေက အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊အာမေးနီးယား၊ အဇာဘိုက်ဂျန်၊ ဘာရိန်း၊ ဘီလာရုစ်၊ဘူဂေးရီးယား၊ အီဂျစ်၊ ဟန်ဂေရီ၊အက်ဒိုနီးရှား၊ အစ္စရေး၊ ဂျော်ဒန်၊ကာဇက်စတန်၊ ကိုဆိုဗို၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ မော်ရော့ကို၊ ပါကစ္စတန်၊ပါရာဂွေး၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ယူအေအီး၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ် တို့ဖြစ်တယ်။
သူက ရုရှားက ဝင်ဖို့ သဘောတူထားတယ်ဆိုပေမယ့် ရုရှားက စဉ်းစားနေတုန်းပါလို့ ဆိုတယ်။ ထူးခြားမှုက ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် အစရှိတဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အဆုံးအဖြတ်မပေးသေးတာ ဖြစ်တယ်။ ထူးခြားမှု နောက်တခုက အမေရိကန်ရဲ့ ပိတ်ဆို့မှုခံထားရတဲ့ ရုရှားမဟာမိတ် ဘီလာရုစ်က ဒီအဖွဲ့ထဲ ပါဝင်လာတာပဲ ဖြစ်တယ်။
ထရမ့်က သူ အမေရိကန်သမ္မတအဖြစ်က အနားယူသွားလည်း ဒီအဖွဲ့ကြီးမှာ ရာသက်ပန်ဥက္ကဌအနေနဲ့ ပါဝင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်နေဖို့ ရည်ရွယ်တယ်။
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စင်ပြိုင်အဖွဲ့အစည်းမဟုတ်ဘဲ အနာဂတ်ကမ္ဘာ့ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ ရည်ရွယ်တာလို့ ဆိုပေမယ့် သူ့ရဲ့ဩဇာနယ်ပယ်ကို မလွန်ဆန်လိုသူတွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာတာကိုတွေ့ရတယ်။
ကမ္ဘာကြီးဟာ မထင်မှတ်တဲ့ အရွေ့တွေနဲ့ လျင်လျင်မြန်မြန် ရွေ့နေတယ်။ အထူးသဖြင့် သူ့လက်ထက်မှာ ကမ္ဘာ့အစီအစဉ်တွေ ပြောင်းလဲနေပြီး မထင်မှတ်တာအားလုံးဖြစ်နေတယ်။
သူသာ သမ္မတအဖြစ် ရွေးချယ်မခံရရင် ကမ္ဘာကြီးမှာ တတိယကမ္ဘာစစ်ဖြစ်နေလောက်ပြီလို့ ပြောဆိုသလို တခါတလေ သူက အာဏာရှင်တွေကို အားကျတယ်လို့လည်း ဆိုနေလေရဲ့..။
#CWM ref: CNN,Reuters,BBCWorld and others updated news.
#MeKongNews








