~ CWM ~
(၁)
“ကျနော် တခုခု ခံစားဖို့ လိုလို့လား”
လက်ကောက်ဝတ်နှစ်ဖက် လက်ထိပ်ခတ် ခံထားရပြီး ကျဉ်းမြောင်းတဲ့ အချုပ်ခန်းထဲမှာ ခံစားမှုကင်းမဲ့နေတဲ့ မျက်လုံးနဲ့ လူက မေးတယ်။
လူစိမ်းတယောက်ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာနဲ့ ပတ်သက်ပြီး သူဟာ တရုတ် စုံစမ်းစစ်ဆေးရေးရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံနေရတာဖြစ်တယ်။
“အဲဒီလူဟာ အသက်ရှူနေသေးတဲ့ သက်ရှိလူသားတဦး မဟုတ်ဘူးလား”
တရုတ်ရဲတဦးက သူ့ကို မေးတယ်။
“ကျနော် ဘာမှ သိပ်မခံစားရဘူး”
အဲဒီလူက ဖြေတယ်။
ဒီမြင်ကွင်းဟာ ရာဇဝတ်မှုခင်း ရုပ်ရှင်ကားတခုရဲ့ ဇာတ်ဝင်ခန်းလို့ ထင်ရတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒါဟာ တရုတ်အစိုးရပိုင် မီဒီယာက ထုတ်လွှင့်နေတဲ့ မှတ်တမ်းရုပ်ရှင်ကားရဲ့ အပိုင်းတပိုင်းပဲဖြစ်တယ်။
ပုံမှန်အားဖြင့် လူတိုင်းကြည့်ခွင့်မရတဲ့ တရုတ်ပြည်ရဲ့ တရားစီရင်ရေးစနစ်နောက်ကွယ်က မြင်ကွင်းတွေကို ဒီမှာ မြင်တွေ့ကြရတယ်။
လက်ထိပ်ခတ် ခံထားရပြီး မေးခွန်းတွေကို ဖြေကြားနေသူဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ “ဝေ” မိသားစုအဖွဲ့ဝင်တဦးဖြစ်သူ ချန်ဒါဝေ ပဲဖြစ်တယ်။ ဝေမိသားစုဝင်တွေဟာ တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မှာ ကျင်လည်ကျက်စားနေတဲ့ အင်အားကြီးမားတဲ့ မားဖီးယားအုပ်စုတွေထဲက တခုပဲဖြစ်တယ်။
သူ့ရဲ့ ဖြောင့်ချက်တွေဟာ လ အတန်ကြာအောင် တရုတ်အာဏာပိုင်တွေက ထုတ်လွှင့်ပြသပေးနေတဲ့ မှတ်တမ်းရုပ်ရှင်ကားရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ဒီ မှတ်တမ်းရုပ်ရှင်ဟာ အရှေ့တောင်အာရှက ဒေါ်လာဘီလျံချီတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအကြောင်း တရုတ်ပြည်သူတွေကို သတိပေးတာဖြစ်သလို ထောင်နဲ့ချီတဲ့ လူတွေကို ထောင်ချောက်ဆင် ဖမ်းဆီးပြီး ငွေကြေးဘီလျံချီ ခိုးယူနေတဲ့ လုပ်ငန်းတွေရဲ့ နောက်ကွယ်ကလူတွေကို တရုတ်အစိုးရက ဘယ်လိုနှိမ်နင်းနေတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်။
တရုတ်အစိုးရက လူတွေကို သိစေချင်တဲ့သတင်းစကားက “ခင်ဗျားဟာ ဘယ်သူပဲဖြစ်နေပါစေ၊ ဘယ်မှာပဲ နေထိုင်ပါစေ၊ တရုတ်ပြည်သူတွေအပေါ် ခုလို လူမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်မယ်ဆိုရင် ထိုက်သင့်တဲ့တန်ဘိုးကို ပြန်လည်ပေးဆပ်ရမယ်ဆိုတာပဲ”။
တရုတ်ဆိုရိုးစကားတခုရှိတယ်။ “မျောက်ကို ကြောက်အောင် ကြက်ကို သတ်ရမယ်”
၂၀၀၀ ပြည့်လွန်နှစ်များအတွင်း လောက်ကိုင်မှာ တန်ခိုးထွားလာခဲ့ကြတဲ့ ” ဝေ”၊ “လီ”၊ “မြီ”၊ “ပယ်” မိသားစုတွေထက် ပိုကြီးတဲ့ ကြက်က နည်းနည်းပဲ ရှိတယ်။
သူတို့လက်ထက်မှာ ဆင်းရဲစုတ်ပြတ်နေတဲ့ တောကြိုအုံကြားအရပ်ဟာ ခေတ်မီတိုက်တာတွေ၊ မီးရောင်တထိန်ထိန်နဲ့ ကာစီနိုရုံတွေ၊ ပြည်တန်ဆာတွေရဲ့ မီးနီရပ်ကွက်တွေအဖြစ် ပြောင်းလဲသွားတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဒီထက်မက အွန်လိုင်းလိမ်လည်မှုစခန်းတွေပါ ပေါ်လာတယ်။ ဒီစခန်းတွေဟာ ပစ်မှတ်သားကောင်တွေကို အွန်လိုင်းကတဆင့် လိမ်လည်ဖို့ လူအမြောက်အများကို အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်း အလုပ်ခိုင်းစေတဲ့နေရာတွေဖြစ်တယ်။ ဒီမှာ ခိုင်းစေခံရသူတွေဟာ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် သတ်ပစ်တဲ့အထိ အပြစ်ပေးခံကြရတယ်။ ဖမ်းဆီးခိုင်းစေခံရသူ အများစုဟာ တရုတ်တွေဖြစ်သလို ပစ်မှတ်သားကောင်တွေကလည်း တရုတ်တွေပဲ ဖြစ်တယ်။
၂၀၂၄ ခုနှစ်မှာတော့ (ပြင်းထန်လာတဲ့ ရှမ်းမြောက်ဒေသစစ်ပွဲနဲ့အတူ) ဒီမိသားစုတွေကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး တရုတ်အစိုးရလက်ထဲ အပ်နှံလိုက်တယ်။ အဲဒီအချိန်ကစပြီး တရုတ်အစိုးရက သူတို့ကို လိမ်လည်မှု၊ လူကုန်ကူးမှု၊ လူသတ်ဖြတ်မှု စတာတွေနဲ့ စွဲချက်တင် စစ်ဆေးနေတာ ဖြစ်တယ်။
ခုတော့ နမူနာ အရေးယူမှုတွေ ထွက်ပေါ်လာပါပြီ။ မြီ မိသားစုဝင် (၁၁)ဦး နဲ့ ပယ် မိသားစုဝင်(၅)ဦးကို မကြာမီက သေဒဏ်အပြစ်ပေးခဲ့ပြီး ကျန်တဲ့သူအများအပြားကိုတော့ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တယ်။ “လီ” နဲ့ “ဝေ” မိသားစုဝင်တွေကိုတော့ တရုတ်အာဏာပိုင်တွေက ဆက်ပြီး စစ်ဆေးနေတုန်းပဲဖြစ်တယ်။
ဒီမိသားစုဝင်တွေရဲ့ ကျဆုံးခန်းဟာ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားသလို သူတို့ဝတ်ဆင်ထားတဲ့ အကျဉ်းသားယူနီဖောင်း၊ သူတို့ရဲ့လက်ထိပ်တွေလိုပဲ ရှင်းလင်းပြတ်သားနေတယ်။
လွန်ခဲ့တဲ့ နှစ် နှစ်လောက်က ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား နေထိုင်ခဲ့တဲ့ သူတို့ရဲ့ဘဝဟာ ခုတော့ လုံးဝ တခြားစီဖြစ်သွားပါပြီ။
သေဒဏ်ချမှတ်ခံရပြီးတဲ့နောက် ဆေးရုံမှာ သေဆုံးသွားပြီဖြစ်တဲ့ ပယ်ဆောက်ချိန်ကို လောက်ကိုင်ရဲ့ ဂေါ့ဖားသားလို့ မီဒီယာတွေမှာ ရေးသားကြတယ်။ သူဟာ လောက်ကိုင်ဒေသရဲ့ အကြီးအကဲလည်းဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ သူကောင်းပြုမှုလည်း ခံရသူဖြစ်တယ်။ လောက်ကိုင်ဒေသမှာ မြီ မိသားစု၊ ပယ် မိသားစု၊ ဝေ မိသားစု၊ လီ မိသားစု အစရှိတဲ့ မိသားစုတွေဟာ နှစ်ပေါင်းများစွာ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းများက ဝင်ငွေ ရရှိနေခဲ့ကြတယ်။
သိပ်မကြာသေးခင်ကာလကတော့ သူတို့တွေဟာ အွန်လိုင်းကတဆင့် လိမ်လည်မှုမျိုးစုံကျူးလွန်တဲ့ cyberscam လုပ်ငန်းတွေကို လုပ်ဆောင်လာကြတယ်။ ဒီ မိသားစုတွေဟာ ဒါဇင်နဲ့ချီတဲ့ အွန်လိုင်းလိမ်လည်မှု စခန်းတွေ၊ ကာစီနိုရုံတွေကို ထိန်းချုပ်ထားပြီး ဘီလျံနဲ့ချီတဲ့ ဒေါ်လာဝင်ငွေတွေ ရရှိခဲ့ကြတယ်။
တရုတ်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒီမိသားစုတွေဟာ စည်းစိမ်အပြည့်နဲ့နေပြီး အကောင်းစားဇိမ်ခံကားတွေ စီးနေပေမယ့် နောက်ကွယ်က scam compound လို့ ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှု ပြုလုပ်ရာ ခြံဝင်းထဲမှာတော့ အကြမ်းဖက် ရက်စက်မှုမျိုးစုံ ကျူးလွန်နေကြတယ်လို့ ဆိုတယ်။
လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်အရ လက်ချောင်းတွေကို ဓါးနဲ့ ခုတ်ဖြတ်တာ၊ လျှပ်စစ်ကြိမ်တုတ်နဲ့ ထိုးတာတွေက သူတို့ရဲ့ ပုံမှန်လုပ်နေကျလို့ ဆိုတယ်။ သူတို့ခိုင်းတဲ့အတိုင်း လိုက်မလုပ်သူတွေကိုတော့ အမှောင်ခန်းကျဉ်းထဲမှာ အစာမကျွေးဘဲ လက်မြှောက်အရှုံးပေးတဲ့အထိ သော့ခတ်ပိတ်လှောင်ထားတယ်လို့ ဆိုတယ်။
တရုတ်အလုပ်သမားအများအပြားဟာ အဲဒီမှာ အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့ စည်းရုံးမှုနဲ့ ရောက်ရှိလာခဲ့ကြတယ်။ (နောက်ပိုင်းမှာ နိုင်ငံစုံက နိုင်ငံခြားသားတွေပါ ရောက်ရှိလာကြတယ်)။
ဒီစခန်းတွေထဲက ထိတ်လန့်တုန်လှုပ်ဖွယ် ဇာတ်လမ်းတွေဟာ တရုတ်လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့လာတယ်။
၂၀၂၃ ခုနှစ်က “No More Bets” ဆိုတဲ့ ရုပ်ရှင်ကားဟာ တရုတ်ပြည်မှာ လူကြည့်အများဆုံး ရုပ်ရှင်ကားဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပြည်ပအွန်လိုင်းလူလိမ်ဂိုဏ်းတခုက တရုတ်လူမျိုးတွေကို လူကုန်ကူးဖမ်းဆီးနှိပ်စက်ပုံတွေ ရိုက်ကူးပြသထားတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တရုတ်ရုပ်ရှင်မင်းသား ဝမ်ကျင်းဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို ရောက်ရှိလာပြီးတဲ့နောက် မြန်မာနယ်စပ်မှာ ပျောက်သွားတဲ့သတင်း ထွက်ပေါ်လာတယ်။ မိသားစုဝင်တွေက ဝမ်ကျင်းကို ပြန်လည်ရှာဖွေတဲ့သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်ဆုံးမှာ ကယ်တင်နိုင်ခဲ့တယ်။ တရုတ် ရုပ်ရှင်မင်းသား ဝမ်ကျင်းကို ပြန်ရှာတွေ့ပေမယ့် အွန်လိုင်းလိမ်လည်စခန်းတွေမှာ ပျောက်ဆုံးပြီးအစအန ပြန်မတွေ့ရတော့တဲ့ တရုတ်လူမျိုးတွေ အများကြီး ရှိတယ်လို့ ဆိုတယ်။
(၂)
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမြောက်ပိုင်းက “ကျားဖြန့်” လို့ ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေကို ရှင်းလင်းပြီးနောက်ပိုင်းမှာ ကျားဖြန့်အုပ်စုတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို ရွှေ့လာကြတယ်။ တကယ်တော့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ဒေသမှာ အွန်လိုင်းလောင်းကစားမှုမျိုးစုံနဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေ ပေါ်ပေါက်နေတာ ကြာပါပြီ။ ၂၀၂၀ အစောပိုင်းမှာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူ နဲ့ တရုတ်နိုင်ငံသား ရှီကျိကျန်းတို့ ပူးပေါင်းပြီး ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်တယ်။ လေးနှစ်တာကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ကေကေပါ့ခ် အပါအဝင် တရုတ်တွေရဲ့ အိမ်ရာစီမံကိန်းတွေ အလျှိုလျှိုပေါ်လာပြီး တိုက်တာအဆောက်အဦးသစ်တွေ၊ လမ်းတွေ၊ ဟိုတယ်၊ စားသောက်ဆိုင်တွေနဲ့ စည်ကားလာခဲ့တယ်။
ဒီနေရာတွေဟာ အွန်လိုင်းလိမ်လည်မှုစခန်းတွေ လုပ်ကိုင်နေတဲ့နေရာဖြစ်ပြီး တရုတ် အပါအဝင် နိုင်ငံခြားသားအများအပြားကို ဖမ်းဆီးပိတ်လှောင်ထားရာနေရာတွေ ဖြစ်လာတယ်။ တရုတ်အစိုးရဟာ လောက်ကိုင်ဒေသက ကျားဖြန့်စခန်းတွေကို ဖြိုခွဲပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းဆီခံတရုတ်နိုင်ငံသား (၇၀၀၀)ကျော်ကို မြဝတီ၊ ရွှေကုက္ကိုဒေသက ပြန်လည် ခေါ်ယူခဲ့တယ်။
ရွှေကုက္ကိုစီမံကိန်းကို ဗိုလ်မှူးကြီးစောချစ်သူနဲ့အတူ အကောင်အထည်ဖော်ခဲ့ပြီး အွန်လိုင်းလောင်းကစားမှုနဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့သူအဖြစ် တရုတ်နိုင်ငံက အလိုရှိနေတဲ့ ရှီကျိကျန်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်။ ထိုင်းနိုင်ငံမှာ (၂)နှစ်ကျော် အကျဉ်းကျနေတဲ့ ရှီကျိကျန်းကို မကြာသေးမီက ထိုင်းအစိုးရက တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ အွန်လိုင်းလိမ်လည်စခန်း (cyber scam center) တွေကြောင့် ဒီနှစ်အတွင်း အမေရိကန်ပြည်သူတွေ ဒေါ်လာ (၁၆.၆)ဘီလျံ ဆုံးရှုံးနစ်နာခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ဆိုတယ်။ ထိုင်းအစိုးရက ရှီကျိကျန်းကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးပြီး မကြာမီမှာပဲ အမေရိကန်အစိုးရ မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်မှုစခန်းတွေကို ပစ်မှတ်ထားပြီး (scam center strike force) ကို ဖွဲ့စည်းလိုက်တယ်။
အဖြစ်အပျက်တွေဟာ လျင်မြန်လွန်းလှတယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့မြဝတီတောင်ဘက်က KK park မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်။ ရွှေကုက္ကိုက တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မြေငှားပေးရုံသက်သက်ပဲလို့ ကရင်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး မကြာမီ ပြီးခဲ့တဲ့နိုဝင်ဘာ(၁၈)ရက်မှာ ရွှေကုက္ကိုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးခဲ့တယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်အရေးနဲ့ပတ်သက်လို့ အမေရိကန်ဘက်က ဖိအားပေး၊ အရေးယူဖို့ ပြင်ဆင်လာနေသလို တရုတ်ကလည်း အနီးကပ်စောင့်ကြည့်နေတာ တွေ့ရတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျားဖြန့်မိသားစုတွေကို တရုတ်အစိုးရက ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် သေဒဏ်အပြစ်ပေး အရေးယူသလို မြဝတီနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေရဲ့ အနာဂတ်ကရော ဘာတွေဖြစ်လာဦးမလဲ။ စောင့်ကြည့်ကြရမယ်။
#CWM ref: Thousands of Chinese lured abroad and forced to be scammers- now Beijing is cracking down, by Koh Ewe. BBCWorld. CNA news.
#MeKongNews








