~ လင်းမောင် ~
၂၀၂၅ အောက်တိုဘာ ၄ ရက်ည၊ ကမ္ဘောဒီးယားနိုင်ငံ တရုတ်စက်မှုဇုန်ခေါ် ဆီဟာနွိုက်ဇ်ဗီလီ (Sihanoukville’s Chinatown Industrial Park) ထဲ ရုန်းရင်းဆန်ခတ် ကမောက်ကမအနေအထား ဖြစ်ပွားကုန်သည်။ တရုတ်ပိုင်ကုမ္ပဏီများတွင် အလုပ်လုပ်ကြသည့် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၁၀၀ ကျော် ဒေါသစိတ်ဖြင့် ရုံးခန်းများ၊ အဆောင်များ၊ အသုံးအဆောင်ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကြသည်။ လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ကမ္ဘောဒီးယား အထူးတပ်ဖွဲ့များ မိုးလင်း ချိန် ဝင်ရောက်ထိန်းချုပ်ခဲ့သော်လည်း အပျက်အစီးများက များခဲ့ပြီးဖြစ်သည်။ သတင်းများအရ အဆိုပါ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အလုပ်သမားများသည် တရုတ်ပိုင် ကုမ္ပဏီများတွင် အလုပ်လုပ်ရ သူများဟုဆိုသည်။ ထိုကုမ္ပဏီများအလုပ်ဆိုသည်ကလည်း အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်း လိမ်လည်မှု တစ်နည်းအားဖြင့် ကျားဖြန့်လုပ်ငန်းများလုပ်ရသူများသာဖြစ်သည်။ အဆိုပါအဓိကရုဏ်း သည် လစာအငြင်းပွားမှုနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများကြောင့်ဟု ဆိုသည်။ ထိုပြဿနာက တရုတ်၏ ခါးပတ်လမ်းမကြီးအစီအစဉ်ခေါ် BRI စီမံကိန်းကြီး ချဲ့ထွင်နေရာ နယ်မြေများတစ်လျှောက် တရုတ်၏ရာဇဝတ်မှုလုပ်ငန်းများ၊ အမြတ်ထုတ်မှုနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ခြယ်လှယ်မှုများက တစ်တွဲတည်း ကပ်ပါလာနေမှုများ တိုးသထက်တိုးလာသည့်ပုံစံခွက်တစ်ခုအဖြစ် မီးမောင်းထိုးပြ လိုက်ပြီဖြစ်သည်။
ဆီဟာနွိုက်ဇ်ဗီလီဆိုသည်မှာ တစ်ချိန်က တိတ်ဆိတ်အေးချမ်းလှသည့် ကမ်းခြေမြို့လေးသာဖြစ်သည်။ BRI စီမံကိန်းအောက်တွင် တရုတ်တို့သာ လွှမ်းမိုးခြယ်လှယ်သော နယ်မြေအဖြစ် အသွင်ပြောင်းသွားခဲ့ သည်။ ပေကျင်းအစိုးရက BRI ဆိုသည့် ခါးပတ်လမ်းမကြီးစီမံကိန်းသည် အခြေခံအဆောက်အအုံ များနှင့်ဖွံ့ဖြိုးမှုတို့စတင်အခြေတည်ရာ ယာဉ်ကြီးတစ်စီးဟု လိမ်ညာစွဲဆောင်သည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြသည်။ သို့သော် အဆိုပါ ခါးပတ်လမ်းကြီးသည်ကား ဧကန်စင်စစ် ရာဇဝတ်အဝေး ပြေးလမ်းမကြီးဟုသာ ဝေဖန်ကြကုန်တော့သည်။ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) နှင့်အခြားသော စောင့်ကြည့်အဖွဲ့အစည်းများ က တရုတ်အစိုးရချိတ်ဆက် ရာဇဝတ်ကွန်ရက်များသည် မြန်မာအပါ အရှေ့တောင်အာရှတစ်ခွင် ချဲ့ထွင်လာနေသည့် မှတ်တမ်းများကို ရရှိတင်ပြနေကြသည်။ တရုတ်၏ဟန်ယောင်ပြ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များဆိုသည်အရိပ်အောက်တွင် ဒုစရိုက်ကွန်ရက်များသာ ယှက်ဖြာကြီးထွားလာနေသည်။
ထင်ရှားသည့် ဇုန်တစ်ခုကိုပြရမည်ဆိုလျှင် ရွှေတြိဂံဒေသ လာအိုဘက်ခြမ်း၌ တရုတ် စီးပွားရေးသမား ယောင်ဝေ (Zhao Wei) ထူထောင်ခဲ့သည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို ပြနိုင်သည်။ တရားဝင် ကြော်ငြာမှုတွင် ဖွံ့ဖြိုးရေးဗဟိုချက်တစ်ခုဟုဆိုသော်လည်း နာမည်ဆိုးဖြင့် ဖုံးမရ ဖိမရ ကျော်ကြားလာ သည့် လောင်းကစား၊ မှောင်ခိုနှင့် လိမ်လည်မှုရဇဝတ်ကွန်ရက်၏ ဗဟိုချက်တစ်ခုသာ ဖြစ်လာခဲ့သည်။ ယောင်ဝေသည် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အလွန်နီးကပ်စွာ ချိတ်ဆက်ယှက်နွယ်ခဲ့သူဖြစ် ရာ ၎င်းနောက်ကွယ်၌ တရုတ်အစိုးရ ပါဝင်ပတ်သက်မှု သို့မဟုတ် မျက်ကွယ်ပြု အကာအကွယ်ပေး ထားမှုတော့ ရှိမည်သာဖြစ်ကြောင်း နားလည်ထားကြသည်။ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန် မတိုင် ခင် ယောင်ဝေ၏ စွန့်စားထူထောင်လုပ်ငန်းများထဲ မြန်မာနိုင်ငံအတွင်း ထူထောင်ခဲ့သော Blue Shield Casino လုပ်ငန်းကြီး ရှိခဲ့သည်။ ထိုစီမံကိန်းသည်လည်း တရုတ်အစိုးရနှင့် ချိတ်ဆက်နေသည့် သင်္ကေတ လက္ခဏာများစွာ ရှိနေရာ ပိုမိုနက်ရှိုင်းသော အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှုများရှိနေသည်ဆိုခြင်းကို ညွှန်းဆိုသက်သေပြနိုင်သည်။
ကိုဗစ်-၁၉ ကပ်ဘေးကြီးဆိုက်ရောက်လာချိန်တွင် သာမန်ကာစီနိုလုပ်ငန်းများမှသည် အွန်လိုင်းငွေလိမ် မှုဆိုသည့် ကျားဖြန့်လုပ်ငန်းဘက်သို့ အရှိန်အဟုန်ဖြင့် အသွင်ပြောင်းသွားသည်။ ကိုဗစ်ကြောင့် နယ်စပ် များပိတ်လိုက်ခြင်း၊ လောင်းကစားကို တရုတ်အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ကန့်သတ်လိုက်ခြင်းများ ကြောင့် ကာစီနိုအခြေခံသော ဒုစရိုက်ကွန်ရက်သည် တယ်လီကွန်းလိမ်လည်မှု၊ အားနည်းချက်ရှိ၊ နားလည်မှုအားနည်းသော လူထုကြီးထံမှ အမြတ်ထုတ်နိုင်ရေး နိုင်ငံဖြတ်ကျော် မိုဘိုင်းအခြေခံ အဆောက်အအုံကြီးများကို ဖန်တီးလာကြသည်။ မြန်မာနိုင်ငံ မြ၀တီမြို့တွင် KK Park ဆိုသည့် စီးပွားရေးဖွံ့ဖြိုးမှုဟန်ပြ ဇုန်ကြီးပေါ်လာကာ လက်တွေ့တွင် ကမ္ဘာအား ပတ်လိမ်သည့် ကျားဖြန့် လုပ်ငန်းဗဟိုချက်တစ်ခုသာဖြစ်လာသည်။ လူမှောင်ခိုကူးခြင်းများဖြင့် ထိတ်လန့်စရာ ကံကြမ္မာများကို ရင်ဆိုင်ကြရတော့သည်။ အဓမ္မ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ကာ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူပြီး ဒုစရိုက်အမှောင်စျေးကွက်အတွင်း ရောင်းစားခြင်းများလုပ်ရာ KK Park ကြီးဖြစ်သွားခဲ့သည်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ကြီးက အရှေ့တောင်အာရှသည် လူမှောင်ခို လုပ်ငန်း၏ အန္တိမလမ်းဆုံးဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။
၂၀၂၅ အောက်တိုဘာလအတွင်း မြန်မာပြည်မြောက်ပိုင်း၌ ဒုစရိုက်ကွန်ရက်ကြီး ထူထောင်ခဲ့သော မင် မျိုးဆက်မိသားစုဝင် ၃၉ ယောက်ကို တရုတ်တရားရုံးတစ်ခုက စီရင်ချက်ချခဲ့သည်။ ၁၁ ဦးမှာ သေဒဏ် ချမှတ်ခံရသည်။ မင် မိသားစု တရားလက်လွတ် ဒုစရိုက်လိမ်လည်မှုလုပ်ငန်းများမှ ရရှိခဲ့သော ငွေကြေး သည် အမေရိကန်ဒေါ်လာ ၁ . ၄ ဘီလီယံအထိ ရှိခဲ့သည်။ နောက်ထပ် တရုတ်မှ ဒုစရိုက်ကွန်ရက် ခေါင်းဆောင်တစ်ယောက်မှာ ကျန်းရှီ (Shi Jiang) ဖြစ်သည်။ မြ၀တီကျားဖြန့်များ အခြေစိုက်ရာ ရွှေကုက္ကိုလ် ရထိုက်မြို့သစ်စီမံကိန်းကြီး၏ ခေါင်းကိုင်ဖခင်၊ ကရင်နယ်ခြားစောင့်တပ် BGF မှ ခေါင်းဆောင်စောချစ်သူ အားထားကိုးကွယ်ရာ တစ်ယောက်အဖြစ်လည်း လူသိများသည်။ မှောင်ခိုမှုနှင့် ကျားဖြန့်ငွေလိမ်မှုများမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရရှိသွားသူဟုဆိုကာ ထိုင်းက ဖမ်းဆီးခဲ့သည်။ ကျန်းရှီနှင့် အမှုတွဲသူ ကျန်းရှာဂျူ (Shaju Jiang) က မိမိတို့သည့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အေးဂျင့်ဟောင်းများဟု ထွက်ဆိုဖူးသလို နောက်ပိုင်းခေတ် ရာဇဝတ်ဇာတ်ကောင်ကြီးများသည် တစ်ချိန်က တရုတ်အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုအောက်မှ ဒလံများသာဖြစ်သည်ဟု ကိုယ်တိုင် ပြောကြားခဲ့ဖူးသည်။
အယ်လ်ဂျာဇီးယားသတင်းဌာနနှင့်အင်တာဗျူးတွင် ကျန်းရှာဂျူက တရုတ်အစိုးရ၏ မဟာဗျူဟာ ခါးပတ်လမ်းစီမံကိန်းကြီးသည် စီးပွားရေးစီမံကိန်းမျှသာမဟုတ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဘဏ္ဍာရေး နှင့် ရာဇဝတ်ကွန်ရက်များကို ဖြတ်သန်းအသုံးချပြီး ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးနိုင်ရေးအတွက် မဟာဗျူဟာလက်နက်တစ်ခုအဖြစ် အသုံးချနေခြင်းဟု ဖွင့်ချပြောဆိုသွားသည်။ တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်များ၏ အသိ၊ လက်ရှိ သမ္မတဖြစ်နေသော ရှီကျင့်ဖျင် အသိတရားများသည် ထိုနည်း အတိုင်းသာဖြစ်သည်ဟုပါ နှပ်ကြောင်းပေး ဖောက်သည်ချခဲ့သည်။
ကမ္ဘောဒီးယား အဓိကရုဏ်းသည် သီးခြားဖြစ်စဉ်တစ်ခု မဟုတ်ပေ။ ၎င်းသည် တရုတ်ရင်းနှီးမြှုပ်နှံ မှုများနှင့် ဆက်စပ်နေသော မငြိမ်မသက်မှုနှင့် အမြတ်ထုတ်မှုပုံစံကို ပိုမိုကျယ်ပြန့်စွာ ထင်ဟပ်စေသည်။ ကမ္ဘောဒီးယားရှိ Prince Group Holdings ကုမ္ပဏီကြီးသည်လည်း ပစိဖိတ်ကျွန်းနိုင်ငံများတွင် ငွေကြေးခဝါချခြင်းနှင့် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများအား အဓိက လုပ်ဆောင်နေခဲ့သည်ဟု အမေရိကန်က ထုတ်ပြန်ကြေညာသည်။ Romance scam syndicates ဆိုသော အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများကို အများအားဖြင့် တရုတ်နိုင်ငံသားများက ဦးဆောင် လိမ်လည်လုပ်ကိုင်ကြသည်။ ထိုင်း၊ မြန်မာနှင့် စင်ကာပူတို့တွင် ထို ဝမ်းနည်းဆွတ်ပျံ့ စာနာဖွယ်ဟန်ယောင်ပြ ငွေလိမ်မှုများက ပြန့်ပွားသထက် ပြန့်ပွားလာနေသည်။ တရုတ်နိုင်ငံတွင် ဆယ်လီတစ်ဦးဖြစ်သော ရှင်းဝမ် (Wong Shing) မြန်မာနိုင်ငံ ကျားဖြန့်ရပ်ဝန်းသို့ လိမ်လည်ခေါ်ဆောင်ခံရကာ ပြန်ပေးဆွဲခံရမှုက မြေအောက်ဒုစရိုက် ကွန်ရက်၏ လူမှောင်ခိုမှုစွမ်းပကားအား ဖော်ထုတ်လိုက်ခြင်းလည်းဖြစ်ခဲ့သည်။ ကျားဖြန့်လုပ်ငန်းများ အတွင်း တစ်နှစ်တစ်နှစ် လိမ်လည်ခေါ်ဆောင် လူမှောင်ခိုကူးမှုဖြင့်ရောက်ရှိရသူပေါင်း ၇၀၀၀၀ ကျော်အထိရှိနေပြီဖြစ်သည်။
တရုတ်အစိုးရမှ ဆင်ဆာမဖြတ်တောက်မီ တရုတ်လူမှုကွန်ရက်မီဒီယာပေါ်တွင် တက်လာသည့် ပေါက်ကြားမှုသတင်းတစ်ရပ်ရှိသည်။ ထိုင်းနိုင်ငံတွင် မြ၀တီ၊ ဘုရားသုံးဆူ၊ ကမ္ဘောဒီးယားနယ်စပ်၊ လာအိုနယ်စပ်ဒေသတို့မှ တုထည်ကြီးမားသည့် ကျားဖြန့်အဆောက်အအုံကြီးများ ရှိမနေသော်လည်း အဆိုပါ ကျားဖြန့်လုပ်ငန်းကြီးများနှင့် ထိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲများ ချိတ်ဆက်မှုရှိနေသည်ဟု တရုတ်လူမှုကွန်ရက်ပေါ် သတင်းပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ထိုသတင်းတွင် ထိုင်း စစ်ဘက်အကြီး အကဲများ၊ ဟောင်ကောင် ဖျော်ဖြေရေးသမားများနှင့် ကွမ်တုံမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ တစ်သားတည်း ချိတ်ဆက်နေကြသည်ဟု ပါရှိသည်။
သုတေသီများက အဆိုပါ နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းကြီးများသည် နိုင်ငံရေးအကာအကွယ် ပေးမှု တစ်နည်းအားဖြင့် သက်ဆိုင်ရာနိုင်ငံမှ အစိုးရအကြီးအကဲများ၏ ကာကွယ်ပေးမှု မရှိလျှင် ရှင်သန်ရပ်တည်နိုင်စွမ်း မရှိဟု အခိုင်အမာသုံးသပ်ထားကြသည်။ ချေမှုန်းမှုများဆိုသည်မှာလည်း ရန်ဖန်ရန်ခါသာရှိရာတွင်ပင် အပေါ်ယံမျှသာ ဟန်ပြလုပ်ပြခြင်းများဖြစ်သည်။ တကယ့် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် Boss ကြီးများသည် တရုတ်အစိုးရ အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အကြီးအကဲများနှင့် နီးစပ်စွာ ချိတ်ဆက်နေထိုင်ကြမြဲဖြစ်သည်။ ၎င်းတို့က ဒုစရိုက်လုပ်ငန်းများသည် မိမိတို့နှင့်မဆိုင် ဘဏ်များ၊ တယ်လီကွန်းကုမ္ပဏီများ၊ လူမှုကွန်ရက်ပလက်ဖောင်းများကြောင့်သာ ဖြစ်တည်နေရသည်ဟု လက်လွတ်စပယ်လမ်းလွှဲ ပြောလေ့ရှိသည်။
တရုတ်ကွန်မြူနစ်ပါတီ CCP ၏ ပြည်တွင်းစောင့်ကြည့်ရေး ယန္တရားသည် ကမ္ဘာတွင် အရှုပ်ထွေးဆုံး ယန္တရားများထဲ ထိပ်ဆုံးမှပါဝင်သည်။ သို့သော် ၎င်းတို့ လိုချင်သော ပထဝီနိုင်ငံရေးအကျိုးစီးပွား အတွက် ဂွင်ဝင်စေသည့်၊ အကျိုးရှိစေသည့် ရာဇဝတ်လုပ်ငန်းကြီးများကိုမူ ကန်းနေသည့်အလား သိသိ ကြီးဖြင့် မမြင်ဟန်ဆောင်နေသည်။ အဆိုပါဆန့်ကျင်ဘက် သဘောတရားများကြောင့် အေးစက်သည့် မေးခွန်းတစ်ခုကို ဖြစ်တည်လာစေသည်။ ခါးပတ်လမ်းစီမံကိန်းကြီးမှယှက်ဖြာပြီး တရုတ်ကွန်မြူနစ်ပါ တီသည် ထိုလမ်းကြီးသွားရာတစ်လျှောက် ၎င်းတို့တည်ဆောက်ထားသော အာဏာရှင်ပုံစံခွက် (အကြောက်တရား၊ ထိန်းချုပ်မှုနှင့် အဂတိလိုက်စားမှုများဖြစ်တည်စေသော) အခင်းအကျင်းများကိုသာ အဓိကထား လမ်းခင်းနေသည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။
ကမ္ဘာက အကြွေးထောင်ချောက်ဒီပလိုမေစီဟု ခေါ်ဆိုနေသော ခါးပတ်လမ်းစီမံကိန်းကြီးကို ကမ္ဘောဒီး ယားခေါင်းဆောင်များက ဆက်လက် အကာအကွယ်ပေးနေဆဲဖြစ်သည်။ မြေပြင်လက်တွေ့အရှိတရား များကမူ ဆန့်ကျင့်ဘက်ပုံပြင်များသာဖြစ်နေသည်။ လက်ခံနိုင်ငံများမကြာခဏဆိုသလိုပင် ခါးပတ်လမ်းစီမံကိန်းနှင့်ပတ်သက်ပြီး ချိုးဖောက်ခံရမှုများဖြင့် ကြုံတွေ့နေကြရသည်။ လာဘ်စားမှုများ ဖြစ်တည်စေရန် ဖိအားပေးခံရသည်။ ရာဇဝတ်ဂိုဏ်းများ ခြေကုပ်ယူခြယ်လှယ်ခြင်းခံကြရသည်။ အခြေခံအဆောက်အအုံများ ငါတို့ရမည်၊ ရင်းနှီးမြှုပ်နှံမှုများ ငါတို့ဆီရောက်လာမည် ဆိုသည့် မက်လုံးကြောင့် ပြန်လည်ပေးဆပ်ရသည်များက မတန်တဆ များလွန်းနေခဲ့သည်။ BRI ဆိုသည့် ခါးပတ် လမ်းကြီး သွားရာတစ်လျှောက် တယ်လီကွန်းငွေလိမ်ဗဟိုချက်များ တစ်နည်းအားဖြင့်ကျားဖြန့် ဗဟို ချက်များ မှိုလိုပေါက်လာသည်။ ပုံမှန်မဟုတ်သည့် အနေအထားသက်သက်ဟု ရှုမြင်မရပေ။ ပိုမိုနက်ရှိုင်းသော စနစ်တစ်ခု၏ လက္ခဏာများဖြစ်ကာ စီးပွားရေးရည်မှန်းချက်နှင့် အာဏာရှင်ဆန်သော ချဲ့ထွင်မှုကို ရောနှောထားသော တရုတ်အစိုးရ၏ ကောက်ကျစ်စဉ်းလဲသည့် စနစ်တစ်ခုပင်ဖြစ်သည်။
ကမ္ဘာကြီးက ဆီဟာနွိုက်ဇ်ဗီလီ အဓိကရုဏ်း အကျိုးဆက်များကို စောင့်ကြည့်နေကြသည်။ ကြည့်နေရုံ ဖြင့်မရဘဲ ပိုမိုကျယ်ပြန့်သော အကျိုးဆက်များကိုပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရပေမည်။ ခါးပတ်လမ်းကြီးသည် တစ်ချိန်က ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ပေးမည့် လမ်းမကြီးအဖြစ် ရှုမြင် ချီးကျူးခဲ့မှုများ ရှိခဲ့ပေမည်။ သို့သော် ယခုအခါ ထိုလမ်းမကြီးသည် တရုတ်၏ အမြတ်ထုတ်ရာ၊ ရာဇဝတ်မှုများ မျိုးစေကျဲရာ၊ အာဏာရှင်ဆန်သော ၎င်းတို့ဩဇာလွှမ်းမိုးမှုများဖြန့်ကျက်ရာ လမ်းမကြီး ဖြစ်နေသည်ကို မျက်ဝါးထင်ထင် မြင်ကြရပြီဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် အိမ်ရှင်နိုင်ငံများထံမှသာမက ပေကျင်းအစိုးရကိုယ်တိုင်ထံမှပါ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုမှရတော့မည်ဖြစ်သည်။
#MeKongNews








