~ လင်းမောင် ~
ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ရာသီဥတုပြင်းထန်ဆိုးရွားခဲ့ခြင်းများသည် တရုတ်အစိုးရ၏ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့လွန်းနေမှုကို လုံးလုံးလျားလျားပေါ်လွင်ထင်ရှားစေခဲ့သည်။ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်ဗဟိုချက်ဖြစ်သော ကွမ်တုံပြည်နယ်မှသည် ဖူကျန့်ပြည်နယ်အထိ တရုတ် အာဏာပိုင်များသည် ဆိုးရွားသော ရာသီဥတုအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေခဲ့ရသည်။ တရုတ်နိုင်ငံတောင်ပိုင်းသို့ ရာဂါဆာ တိုင်ဖွန်းမုန်တိုင်းကြီး ဝင်ရောက် လာမည်ဆိုခြင်းအတွက် တရုတ်တာဝန်ရှိသူများ ကြိုတင်ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေခဲ့ကြရသည်။ အဆိုပါမုန်တိုင်းက လူပေါင်းများစွာ၊ အခြေခံအဆောက်အအုံပေါင်းများစွာ၊ စိုက်ပျိုးမြေများ၊ စက်မှုထုတ်ကုန်လုပ်ငန်းများအားလုံးကို ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ နောက်ဆုံးရရှိသော သတင်းအရ ရှန်းကျန်းပြည်နယ်အာဏာပိုင်များသည် ရာဂါဆာတိုင်ဖွန်းဒဏ် ရှောင်ရှားနိုင်ရန် လူပေါင်း ၄၀၀၀၀၀ ကို ရွှေ့ပြောင်းရန် ပြင်ဆင်နေခဲ့ရသည်ဟု သိရသည်။ (စက်တင်ဘာလ နှောင်းပိုင်းတွင် အဆိုပါမုန်တိုင်း တိုက်ခတ်သွားပြီးဖြစ်သည်)
ဇူလိုင်လအတွင်း ပေကျင်းတွင် မကြုံစဖူး မိုးရေချိန်ဖြင့် ၃ ရက်ဆက် ရွာသွန်းမှုကြောင့် ၄၄ ဦးသေဆုံး ခဲ့ရပြီးဖြစ်သည်။ လူပေါင်း ၁၀၀၀၀၀ ကျော်လည်း ရွှေ့ပြောင်းပေးခဲ့ရသေးသည်။ နေအိမ်အဆောက် အအုံ ထောင်ချီပျက်စီးခဲ့သည်။ လမ်း၊ တံတား၊ ရေအားလျှပ်စစ်တပ်ဆင်ထားရှိမှုများပါ မကျန် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။
ယခုနှစ် တရုတ်၏ Climate Change Blue Book အရ နိုင်ငံအနေအထားသည် သဘာ၀ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် သက်ရောက်သည့် ဆိုးကျိုးများမှာ အလွန်ထိရှလွယ်သည့် အခြေအနေရောက်နေ သည်ကို သိသာထင်ရှားစေခဲ့သည်။ ကမ္ဘာလုံးမှ ပျမ်းမျှ ပိုမိုပူနွေးလာမှုထက် တရုတ်တွင် ပိုပြီး လျှင်မြန်စွာပူနွေးလာနေသည်။ ပြင်းထန်ဆိုးရွားသော ရာသီဥတုအခြေအနေသည် မကြာခဏ ကြိမ်ရေ များပြားတိုးတက်ဖြစ်ပေါ်နေသည်၊ ပိုမိုလည်း ပြင်းထန်လာသည်။ တရုတ်၏ သဘာ၀ပတ်ဝန်းကျင် ပြောင်းလဲမှုမှ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ အပူလှိုင်းများဖြတ်ခြင်း၊ နွေရာသီ အပူချိန် မြင့်တက်ခြင်း၊ အလွန်အေးခဲသော ဆောင်ရာသီနှင်းရိုက်ခတ်မှုများ ကြိမ်ရေများစွာ တိုးတက်လာခြင်း၊ ပြည်နယ်ဒေသ များစွာမှ စိုက်ပျိုးရေးကဏ္ဍရှိ ကောက်ပဲသီးနှံခင်းများ ဆိုးရွားစွာပျက်စီးခြင်းများကို ဖြစ်ပေါ်စေပြီး စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်များ တည်ငြိမ်မှုကို ဆိုးရွားစွာ ပျက်ပြားစေခဲ့သည်။
သုတေသနပညာရှင်များက ထိုမျှ ပျက်စီးထိခိုက်စေမှုသည် ရာသီဥတုပြောင်းလဲမှုကို အစိုးရက ပြည်သူ များအကြား သိရှိစေနိုင်ရေး ကြိုးပမ်းမှု အားနည်းလွန်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိသည့် Nature ဂျာနယ်ကြီးမှပင် တရုတ်၏ သဘာ၀ပတ်ဝန်းကျင်ပြောင်း လဲမှုအရေး ပြည်သူများအပေါ် အသိပေးမှုအတိုင်းအတာသည် ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် သမိုင်းတွင်စွာ ဖြင့် နောက်ကျကျန်နေရစ်ခဲ့ပြီဟု ဖော်ပြသွားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲ မှုဆိုသည့်စကားလုံးကို တရုတ်နိုင်ငံ၌ အရွယ်ရောက်ပြီးသူအားလုံးအနက် ၆၂ ရာခိုင်နှုန်းသာ ကြားဖူးကြ သည်။ မြောက်အမေရိက၊ ဥရောပနှင့် ဂျပန်တို့တွင် ထိုအချိန်က သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲခြင်းဆို သည်ကို ၉၀ ရာခိုင်နှုန်းက ဗဟုသုတအသိဖြင့် သိခဲ့ကြပြီးဖြစ်သည်။ တရုတ်စစ်တမ်းအများစုသည် အရေးပါသော ဒေသဆိုင်ရာ မတူကွဲပြားနေရာများကို အဓိကပြည့်စုံစွာကောက်ခံခြင်းမဟုတ်ဘဲ နိုင်ငံ အဆင့် စစ်တမ်းများ၊ မြို့အဆင့် စစ်တမ်းများအဆင့်ဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
Dialogue Earth တွင် ဖော်ပြပါရှိခဲ့သော ဆောင်းပါးတစ်ပုဒ်၌ ပြင်းထန်သော ရာသီဥတု ကပ်ဆိုးများ သည် တရုတ်နိုင်ငံအတွင်းသာ သီးခြားရိုက်ခတ်သည်မဟုတ်ဟု ဆိုသည်။ တရုတ် မိုးလေဝသစီမံခန့်ခွဲ ရေးဌာနမှ ကောက်ယူထားသော အချက်အလက်များအရ ၁၉၈၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြား သဘာ၀ ဘေးအန္တရာယ်ကပ်ဆိုးများကြောင့် တရုတ်နိုင်ငံ၏ တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုပမာဏသည် ပျမ်းမျှ အားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ ရှိသည်ဟု ဖော်ပြပါရှိသည်။ ချင်းဟွာတက္ကသိုလ် စွမ်းအင်၊ သဘာ၀ပတ်ဝန်းကျင်နှင့် စီးပွားရေးသိပ္ပံဌာနမှ လေ့လာခဲ့သော စစ်တမ်း၌ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြား မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ တိုင်ဖွန်းမုန်တိုင်းများတိုက်ခတ်ခြင်း၊ အအေးလှိုင်းများ ဖြတ်ခြင်းတို့သည် လူသားများလုပ်သော သဘာ၀ပျက်စီးခြင်းမူဘောင်အောက်၌ တိုက်ရိုက်ဆုံးရှုံးမှု ပမာဏ ၂၇ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်စေခဲ့သည်ဟု အဖြေထွက်ခဲ့သည်။ သဘာ၀ပတ်ဝန်းကျင် ပြောင်းလဲခြင်းနှင့် ချိတ်ဆက်နေသည့် မိုးခေါင်ခြင်းကြောင့် ဆုံးရှုံးမှုသည် ၅၈ ရာခိုင်နှုန်းရှိခဲ့သည်။ ရေကြီးမှုကြောင့် ဆုံးရှုံးမှရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းရှိကာ မုန်တိုင်းများကြောင့် ဆုံးရှုံးပျက်စီးရမှုက ၈၁ ရာခိုင်နှုန်းရှိခဲ့သည်။ စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အများဆုံး နစ်နာထိခိုက်ခဲ့ရသည်။ ၄၀ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီး တိုက်ရိုက်အရှုံးပြမှုကို ဖြစ်ပေါ်စေခဲ့သည်။ ရေရင်းမြစ် အခြေခံအဆောက်အအုံများပျက်စီးမှုက ၁၅ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း အရှုံးပေါ်မှုက ၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု စစ်တမ်းအရ သိရှိခဲ့ရသည်။ ထို တိုက်ရိုက် ထိခိုက်ပျက်စီးခြင်းအပြင် ရာသီဥတုဆိုးရွားဖောက်ပြန်ခြင်းက ဘေးအန္တရာယ်လွတ်ကင်း ရာဒေသများရှိ ထောက်ပံ့ရေးကွင်းဆက် များ၊ စက်မှုလုပ်ငန်းများကိုပါ တစ်ဆင့်ခံ သက်ရောက်ပြီး အရှုံးများပေါ်စေခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို အရှုံးချဲ့တွင် တိုက်စားခံရခြင်း (loss amplification) ဟု ခေါ်ဆိုကြသည်။
တရုတ်နိုင်ငံ အုပ်ချုပ်စီမံရေး အခင်းအကျင်းတွင် တရုတ်ကွန်မြူနစ်ပါတီသည် ထိပ်ဆုံးအဆင့်မှ အောက်ဆုံးအဆင့်အထိကို သက်ဦးဆံပိုင်စနစ်ဖြင့် ထိန်းချုပ်သောကြောင့် သဘာ၀ပတ်ဝန်းကျင် ပြောင်းလဲမှုအား ဒေသဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း လွန်စွာ အားနည်းစေခဲ့သည်။ သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲမှု ထိန်းချုပ်ရေး လှုံ့ဆော်လှုပ်ရှားမှုများတွင် လည်း တင်းကြပ်သော ကြိုတင်အမိန့်ပေးဇာတ်ညွှန်းများ၌ မန်ဒရင်းဘာသာဖြင့်သာ လှုံ့ဆော်သည်။ ဒေသအလိုက်ကွဲပြားခြားနားသော ဘာသာစကားများ၊ ဒေသအလိုက် ရိုးရာအခြေခံနောက်ကြောင်းများ၊ လွတ်လပ်အဖွဲ့အစည်းများဦးဆောင်သည့် အမြင်များကို ဗဟိုအစိုးရအား ပုန်ကန်စိန်ခေါ်သည် နိုင်ငံ ရေးစိန်ခေါ်မှုအဖြစ် အငြှိုးထားသည့် မူဝါဒကြောင့်လည်း မသိနားမလည်ခြင်းများကို ပိုမို ဖြစ်ပေါ် စေခဲ့ခြင်းဖြစ်သည်။ ပေကျင်းဗဟိုအစိုးရကသာ မူဝါဒများ ချမှတ်အမိန့်ပေးခြင်းက ရပ်ရွာအဖွဲ့အစည်း များအတွင်း အကောင်အထည်ဖော်မှုများတွင် အကျိုးသက်ရောက်မှု အနည်းငယ်မျှသာ ရှိစေတော့ သည်။ နိုင်ငံရေး ထိန်းချုပ်မှုသည်သာ အရေးအကြီးဆုံးအဖြစ် ယခုလို ဗဟိုချုပ်ကိုင်မှု၊ တစ်ဖက်ပိတ် ချဉ်းကပ်မှုများကြောင့် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် စီမံခန့်ခွဲမှု အဝန်းအဝိုင်းများ ပျက်ပြား မှေးမှိန်ခြင်း များကြောင့် အန္တရာယ်ရှိသော ကွာဟမှုများကို ဖြစ်တည်စေသည်။
သုတေသနပြုမှုများက နိုင်ငံတော်အဆင့် တိုင်းတာမှုဖြင့် မူဘောင်များချမှတ်ခြင်းက ဒေသဆိုင်ရာ အလိုက် နက်နဲသော ကွဲလွဲမှုများကို ဖြစ်တည်စေသည်ဟု မီးမောင်းထိုးပြကြသည်။ တရုတ်ကွန်မြူနစ် ပါတီ (CCP) ၏ ဗဟိုချုပ်ကိုင်မှုအယူသည် အားလုံး သဟဇာတညီမျှနေရေးသာဖြစ်သည်။ ဒေသဆိုင်ရာ အားနည်းချက်များကို ဘေးဖယ်ထားပြီး တချို့သော ဒေသများတွင် ရာသီဥတုအန္တရာယ်မြင့်မားသော် လည်း ပြည်သူ့အန္တရာယ်ကြီးမားနေမှုအတွက် စိုးရိမ်ပူပန်ထုတ်ပြန်မှုပိုင်းက အားနည်းလွန်းမှုများ ဖြစ်စေရာမှ ပြင်ဆင်မှုများ ပိုနည်းပါးပြီး သေကြေ ထိခိုက်မှုများ ပိုဆိုးရွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွဲပြားမှုများကို မျက်ကွယ်ပြုခြင်းများက မညီမျှနိုင်သော သတိပေး၊ အသိပေးမှုများကို ပိုမိုဆိုးရွား သွားစေသည်။ ရာသီဥတုသက်ရောက်မှုများကို မညီမျှစွာ ထိတွေ့စေမှုများလည်း ပိုမို မြင့်မားသွားစေ ခဲ့သည်။ ဒေသအလိုက် အထူးပြု မဟာဗျူဟာများချမှတ်မှု ပျက်ကွက်ခြင်းက ပေကျင်းအစိုးရ၏ နိုင်ငံရေးထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှု ဦးစားပေးခြင်းမှ စွန့်စားရသည့် အန္တရာယ်များစွာ ကျရောက်စေသည် ကို ရောင်ပြန်ဟပ်ပြလိုက်ခြင်းပင်ဖြစ်သည်။
သုတေသနပညာရှင်များက တရုတ်အစိုးရ၏ မူဝါဒအမြင်ပိုင်း အားနည်းချက်များကြောင့် သဘာ၀ ကပ်ဆိုးများကို ပိုရင်ဆိုင်ရခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။ တရုတ်အစိုးရ၏ ခေတ်မီပြီး အလုံးစုံ ဖွံ့ဖြိုးပြီးသော နိုင်ငံအဖြစ် သဘာ၀ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများကို ချမှတ်ပေးနိုင်ရေး စီမံကိန်းကြီး တစ်ခုဖြစ်သော The Beautiful China Initiative သည်လည်း တတ်နိုင်စွမ်း လွန်စွာနည်းပါးခဲ့ကာ သဘာ၀ကပ်ဆိုးများဘေးကို ကိုယ်တွယ်ဖြေရှင်းမှုများတွင် ပိုမိုဆိုးရွားလာခဲ့ရသည်။ ScienceDirect ၏ ဆောင်းပါးတစ်ပုဒ်တွင် တရုတ်၏ မြို့ပြစံပြု သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရေး ကိုင်တွယ်ဖြေရှင်းပုံများသည် ထိရောက်မှု ကင်းမဲခြင်းကြောင့် ဆိုးရွားသော ရာသီဥတုရိုက်ခတ်မှုများ က လက်ရှိမျှော်မှန်းထားသည်ထက် များစွာကျော်လွန်ရိုက်ခတ်ရန်သာ ရှိတော့သည်ဟု သုံးသပ်ဖော်ပြ ခဲ့သည်။ အပူလှိုင်းများ၊ ပြင်းထန်လွန်းသောမုန်တိုင်းများ၊ မိုးခေါင်ရေရှားမှုများက ထုတ်လုပ်မှုကဏ္ဍကို ကျဆင်းစေဦးမည်ဖြစ်သလို သဘာ၀မျိုးစိတ်များ လျော့ကျလာခြင်းအား ပြန်မဖြည့်ဆည်းနိုင်မှုမရှိ၊ ရောဂါဘယများတိုးပွားလာမှုများကလည်း တစ်ပြိုင်တည်း ဖြစ်ပေါ်လာမည်သာဖြစ်သည်။ ကျွမ်းကျင် သူများက တရုတ်အစိုးရသည် ၂၀၃၅ ခုနှစ်နှင့် ၂၀၅၀ ပြည့်နှစ်များအတွက် သဘာ၀ပတ်ဝန်းကျင် အန္တရာယ်များကို သိပ္ပံနည်းကျ ခန့်မှန်းအကဲဖြတ်၊ ပြင်ဆင်ဆောင်ရွက်ခြင်းများ လုံလောက်စွာ မလုပ်ဆောင်နိုင်ဘဲ ပျက်ကွက်နေသည်ဟု ဝေဖန်တောက်ပြကြသည်။ ဆက်တိုက်ဆိုသလို ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် များပြားလှစွာသော ပြင်းထန်သည့် သဘာ၀ကပ်ဘေးများရှိနေပြီဖြစ်ရာ ကမ္ဘာကြီး တစ်ခုလုံးက ကနဦး ပဏာမပြင်ဆင်မှု ခြေလှမ်းများကို အသည်းအသန်ဖော်ဆောင်နေရချိန်တွင် တရုတ်သည် ကနဦးခြေလှမ်းမှာကတည်းက ထိရှလွယ်လွန်းသည့် အနေအထားအထိ ရောက်နေခဲ့ရပြီ ဖြစ်သည်။
ဆက်တိုက်ဆိုးရွားသော ရာသီဥတုများရိုက်ခတ်နေခြင်းက တရုတ်နိုင်ငံ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးစနစ်၊ အခြေခံအဆောက်အအုံ ကဏ္ဍ အားလုံးကို ကြီးမားစွာ ဂယက်ရိုက်နေခဲ့ပြီဖြစ်သည်။ လယ်ယာမြေများ သည် မကြာခဏကြုံနေရသော မိုးခေါင်မှု၊ ရေကြီးမှု၊ အပူလှိုင်းဖြတ်မှုများကြောင့် နည်းသထက် နည်းလာပြီဖြစ်သည်။ ထိုအခြေအနေက ပြည်တွင်း စားနပ်ရိက္ခာလုံလောက်မှုကိုသာမက ကမ္ဘာလုံးဆိုင် ရာ ထောက်ပံ့ရေးကွင်းဆက်ကိုပါ ခြိမ်းခြောက်နေပြီဖြစ်သည်။ ကျေလက်စီးပွားရေးဘဏ်များတွင် ကပ်ဘေးကာလများအတွင်း ဘဏ်အပ်ငွေများ ကျဆင်းသွားခြင်းနှင့်အတူ ချေးငွေပမာဏများလည်း အကန့်အသတ်များစွာကြား လှောင်ပိတ်လာခဲ့ခြင်းသည် ကပ်ဘေးသင့်ဒေသများမှ ဘဏ္ဍာရေးတည်ငြိမ် မှုများကိုလည်း ပျက်ပြားစေသည်။ လမ်းများ၊ တံတားများ၊ ရေအားလျှပ်စစ် အသုံးအဆောင်များ မကြာခဏဆိုသလို သဘာ၀ကပ်ဘေးများကြောင့် ပျက်စီးယို့ယွင်းမှုများက ပို့ဆောင်ဆက်သွယ်ရေးနှင့် စက်မှုထုတ်ကုန်ကဏ္ဍကိုပါ နှောင့်ယှက်ခြင်းကြောင့် တစ်ဆင့်ခံစီးပွားရေးဆင့်ပွား ဆုံးရှုံးမှုများသည် လည်း ကဏ္ဍ ပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးစေတော့သည်။
တရုတ်သည် ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်သာမက ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ဗဟိုချက်၊ အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်ရာနိုင်ငံကြီးဖြစ်သည်။ တရုတ်အစိုးရ၏ သဘာ၀ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုမရှိသော အားနည်းချက်က ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှုကိုပါ ဆိုးကျိုးသက်ရောက်စေမည်။ ထို့မှတစ်ဆင့် ဘဏ္ဍာရေးမတည်ငြိမ်မှု၊ ထောက်ပံ့ရေးကွင်းဆက်များလည်း ကမ္ဘာလုံးဆိုင်ရာအဆင့်ဖြင့် ထိခိုက်ခံစားရမည်ဖြစ်သည်။ ကမ္ဘာလုံး ဆိုင်ရာ ဖိုရမ်များ၊ အထူးသဖြင့် UNFCCC၊ G20 နှင့် IMF တို့တွင် တရုတ်သည် ဓာတ်ငွေများ ထုတ်လွှတ်မှု လျှော့ချရေးကို မလုပ်ဆောင်နိုင်သည့်အပြင် အားလုံး ကပ်ဘေးဆိုးအသွင်ဆောင်သွားစေနိုင်သော သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဟာဗျူဟာများ ချမှတ်အကောင်အထည်မဖော်နိုင်ခြင်းများ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မဖြစ်မနေ တိုက်တွန်းပြောဆိုရတော့မည်ဖြစ်သည်။
#MeKongNews








