~ လင်းမောင် ~
တောင်တရုတ်ပင်လယ်တွင် စိုးမိုးနေသော တရုတ်ကို တွန်လှန်မှုအသစ်အဖြစ် အိန္ဒိယက ဖိလစ်ပိုင်နှင့် ရေတပ်စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို ပထမဆုံးအကြိမ်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။ အငြင်းပွားတောင်တရုတ်ပင်လယ် ရေပိုင်နက်အတွင်းမှာပင် ရေကြောင်းပူးပေါင်းလှုပ်ရှားမှု (MCA) ကို ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသည် ဖိလစ်ပိုင်နှင့်ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းက တရုတ်သည် အဆိုပါပင်လယ်၌ တစ်ကိုယ်တော် မင်းလုပ်အုပ်စိုးနိုင်စွမ်း မရှိဆိုသည်ကို ခိုင်မာစွာ သတင်းပါးလိုက်ခြင်းပင်ဖြစ်သည်။
အထူးသတိပြုမိသည်မှာ အဆိုပါ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်တစ်ပြိုင်နက် ဖိလစ်ပိုင် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိခြင်းဖြစ်သည်။ ထိုသို့ ပြိုင်တူ ဖြစ်တည်နေခြင်းမှာ တိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်ပေ။ တောင်တရုတ်ပင်လယ်တွင် အိန္ဒိယနှင့်ဖိလစ်ပိုင်တို့ အကျိုးစီးပွားအတွက် နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စီမံကိန်းတစ်ခု ရေးဆွဲ လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု စင်ကာပူ ISEAS – Yusof Ishak Institute ၏ ဧည့် ပညာတော်သင် ဒေါက်တာ အရီယက်စ်အရူဂေးက သုံးသပ်ခဲ့သည်။
အိန္ဒိယ၏ အငြင်းပွားတောင်တရုတ်ပင်လယ်ရေမျက်နှာပြင်တွင် ဖိလစ်ပိုင်နှင့်ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုက ရိုးရှင်းသော စစ်ရေးလေ့ကျင့်မှုသက်သက်မဟုတ်ဘဲ ထိုထက် များစွာပိုသည့် နည်းဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုသာဖြစ်သည်။ တရုတ်ကို ဆန့်ကျင်ခြင်းဖြင့် ဖိလစ်ပိုင်နှင့် မဟာမိတ်လုပ်လိုက်သည့်သဘောကို အလေးပေးဖော်ပြခြင်းဟု စင်ကာပူအခြေစိုက် S. Rajaratnam School of International Studies မှ စီနီယာသုတေသီ နစ်ရှ်ဟန့်ရာဂျစ်ကလည်း သုံးသပ်သွားခဲ့သည်။
အိန္ဒိယနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံစလုံးသည် တရုတ်နှင့် နှစ်ရှည်လများ နယ်မြေပိုင်ဆိုင်မှုပြဿနာများ အသီးသီးရှိခဲ့ကြသော နိုင်ငံများဖြစ်သည်။ ယခု ရေတပ်စစ်ရေးပူးပေါင်းလေ့ကျင့်ခြင်းကြောင့် နှစ်နိုင်ငံ ကြားပိုမို ရင်းနှီး နီးကပ်သွားသည်။ နှစ်နိုင်ငံစလုံး၏ ဘုံရည်မှန်းချက်သည် ရန်လိုသော တရုတ်အား တန်ပြန်တိုက်ခိုက်ရန်သာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းခြင်းဖြင့် ပန်-အင်ဒို-ပစိဖိတ်မဟာဗျူဟာအား ယုံကြည်စွာတည်ဆောက်ခြင်းနှင့်အတူ တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့၏ မဆုတ်မနစ်သော ရပ်တည်မှုအား တရုတ်ကို ရှင်းလင်းစွာ ပြသလိုက်ခြင်းလည်းဖြစ်သည်ဟု မနီလာအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ချက်စတာကာဘယ်လ်ဇာက ဆိုသည်။
လွန်ခဲ့သည့် တစ်နှစ်ကတည်းက အိန္ဒိယသည် တရုတ်၏ အားကောင်းမောင်းသန် ဖိနှိပ်ခံလာရမှုကို တွန်းလှန်နေခဲ့သော ဖိလစ်ပိုင်ကို အားပေးထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခြင်းကို တရုတ်ဘက်မှ ပြင်းထန်သော တုံ့ပြန်မှုအဖြစ် မည်သို့ပင်ဆိုစေကာမူ မိမိတို့နှင့် ဖိလစ်ပိုင်ကြား မည်သည့် တတိယအင်အားစုမှ ပါဝင်ပတ်သက်ပိုင်ခွင့်မရှိဟု ထုတ်ပြန်ခဲ့သည်။ တရုတ်ကို ပြန်လည်ဆန့်ကျင်မှုအဖြစ် အိန္ဒိယစစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်း ခုတ်မောင်းဖြတ်သန်းပြနေခဲ့ပြီဖြစ်သည်။
ယခု အိန္ဒိယနှင့် ဖိလစ်ပိုင်တို့ ပူးတွဲစစ်ရေးလေ့ကျင့်နေမှုတွင် တရုတ်ဘက်မှ စစ်ရေးအရ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်လာခြင်းမရှိသော်လည်း ပူးပေါင်းစစ်ဆင်ရေးတွင် ပါဝင်သည့် ဖိလစ်ပိုင် တိုက်သင်္ဘောတစ်စီးအနီးအနားသို့ ပဲ့ထိန်းဒုံးပါ ဖျက်သင်္ဘောတစ်စီးအပါအဝင် တရုတ်ရေတပ် စစ်သင်္ဘောများ နီးကပ်စွာ နေရာယူစောင့်ကြည့်နေသည်ကိုမူ တွေ့ရသည်။ “ကျွန်တော်တို့မှာ ဆိုးရွားတဲ့ အဖြစ်အပျက်မျိုးတွေ မကြုံရသေးပေမယ့် အရိပ်အယောင်ရှိနေတာကိုတော့ သိတယ်။ မျှော်လင့်ထားပြီးသားပါ” ဟု ဖိလစ်ပိုင် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာက ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းမှာ မိမိတို့ပိုင်နက်ဖြစ်သည်ဟု သမိုင်းထဲမှ (U) ပုံသဏ္ဍန် ရေကြောင်းလိုင်း ၉ ခုသီအိုရီလက်ကိုင်ထားကာ တွင်တွင်ပြောနေခဲ့သည်။ တရုတ်၏ အဆိုကို HAGUE အခြေစိုက်အငြင်းပွားမှုဖြေရှင်းရေးခုံရုံး ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (UNCLOS) ကပင် လက်မခံနိုင်ဟု ပယ်ချခဲ့ပြီးဖြစ်သည်။ သို့သော် တရုတ်က ဖိလစ်ပိုင် ရေပိုင်နက်အဖြစ်သတ်မှတ်ထားသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရန်လိုအနိုင်ကျင့်မှုများအား ဆက်လိုက်လုပ်ဆောင်လာသည်။
ဖိလစ်ပိုင်၏ မဟာမိတ်များအဖြစ် အမေရိကန်၊ ပြင်သစ်၊ နယူးဇီလန်၊ ဩစတြေးလျနှင့်ဂျပန်တို့က ဝိုင်းဝန်းကူညီကြသည်။ ထိုကြားထဲကမှ ဖိလစ်ပိုင်သည် အိန္ဒိယနှင့်ပိုမို ထိတွေ့ဆက်ဆံကာ လုံခြုံရေးအတွက် လက်နက်ပိုင်းဆိုင်ရာ ဝယ်ယူလိုမှုများကိုလည်း လုပ်ဆောင်လို သဖြင့် အိန္ဒိယနှင့်စစ်ရေးပူးပေါင်းလေ့ကျင့်လာခြင်းဖြစ်သည်။ Brahmos ဒုံးစနစ် ဝယ်ယူတင်သွင်းကာ ရေကြောင်းကာကွယ်ရေး ပိုက်လိုင်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ယခု အိန္ဒိယသည် တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်ရေပိုင်နက်ကို ကာကွယ်နိုင်ရေး အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့ပါဝင်သော Quad အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လာပြီဖြစ်သည်။
ယခု အိန္ဒိယနှင့် ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ်အတွင်း ပူးပေါင်း စစ်ရေးလေ့ကျင့်နေမှုအား Quad အဖွဲ့ဝင် ရေတပ်များက ဝိုင်းပတ်အကာအကွယ်ပေးထားမည်ကို တရုတ်ဘက်က ရိပ်မိသည်။ အလွန် ကြီးမားသည့်အဆင့်တစ်ခုအဖြစ် ရောက်ရှိနေသည်ကိုလည်း သိထားသည်။ “ တရုတ်အတွက် အချက်ပြမီးရောင်အားလုံးက အနီရောင်အဆင့်ဖြစ်ကုန်ပြီ။ သူတို့ဘက်က ဘာတိုးတက်ဖြစ်ထွန်းနိုင်ချေ မှမရှိဘူး။ ဒီတော့လည်း သူတို့ဟာ အိမ်နီးချင်းတွေကိုပဲ ပိုမဲပြီး ရန်လိုမှုတွေတိုးမြှင့်လုပ်ဆောင် လာပါလိမ့်မယ်” ဟု ယိုကိုဆူကာကောင်စီ အာရှ-ပစိဖိတ်လေ့လာရေး (တရုတ်အထူးပြု) သုတေသန ပညာရှင် ဘန်ဂျမင်ဘလန်ဒင်က သုံးသပ်ပြောဆိုသည်။
မျှော်လင့်ထားသည့်အတိုင်း တရုတ်သည် အင်ဒို-ဖိလစ်ပိုင်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအား တောင်ပိုင်းတိုင်စစ်ဌာနချုပ် (ရေ) အား အထူးသတိထားစောင့်ကြည့်ခိုင်းထားသည်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်အတွင်း အိန္ဒိယဝင်ရောက်လာခြင်းကိုလည်း တရုတ်အစိုးရ လွန်စွာ အံ့အားသင့်နေသည်။ ပေကျင်းအစိုးရက ဖိလစ်ပိုင်အား ပြည်ပ စစ်တပ်များအား မဟာမိတ်အဖြစ် ခေါ်ဆောင်လာမှုသည် ပြဿနာဖန်တီးသူ အသွင်သာဆောင်သည်ဟု ရှုတ်ချခဲ့သည်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က “ တရုတ်နိုင်ငံသည် ၎င်း၏သန္နိဋ္ဌာန်ကို မည်သည့်အခါမှ မယိမ်းယိုင်ဘဲ နိုင်ငံပိုင်နက်၊ အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများ၊ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကာ ဖိလစ်ပိုင်ဘက်မှ ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသား တန်ပြန်အရေးယူသွားမည်” ဟု ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ရန်လိုမှုများအပေါ် စိုးရိမ်နေရမှုများကြောင့် နှစ်နိုင်ငံပိုမို နီးကပ်ထိတွေ့ဆက်ဆံရမှုတွင် အိန္ဒိယနှင့် ဖိလစ်ပိုင် ၂ နိုင်ငံစလုံးအတွက် နိုင်ငံရေးမျက်နှာစာတွင်သာမက ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်သည်။ အိန္ဒိယအား မဟာဗျူဟာမြောက် ပါတနာအဖြစ် လက်တွဲလိုက် ခြင်းနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ မားကို့စ်က “ ပထမဆုံးတုံ့ပြန်သူ အိန္ဒိယရဲ့ ဩဇာရှိမှုအပေါ် ကျွန်တော် အသိအမှတ်ပြုပါတယ်။ အရေးပါတဲ့ နယ်ပယ်အရေးမှာ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ် ပွင့်လင်းစွာ သွားလာနိုင်ရေး အိန္ဒိယနဲ့ ကျွန်တော်တို့ လက်တွဲ အလုပ်လုပ်ချင်ခဲ့တာပါ” ဟု ပြောသွားခဲ့ သည်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကလည်း “ ပင်လယ်ရေပိုင်နက်ရှိတဲ့ နိုင်ငံအချင်းချင်း ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ သဘာ၀ကျတယ်၊ မရှိမဖြစ်လည်း လိုအပ်တယ်။ အိန္ဒိယ သမုဒ္ဒရာမှသည် ပစိဖိတ်အထိ တန်ဖိုးများကို မျှဝေခြင်းဖြင့် ကျွန်တော်တို့တွေ စုစည်းညီညွတ်ကြရမှာပါ” ဟု ပြောဆိုခဲ့သည်။
တရုတ် ကာနီဂျီရှိ နေထိုင်သူမဟုတ်သော စကော်လာရ ပညာရှင် Li Mingjiang အပါအဝင် တရုတ် လေ့လာစူးစမ်းသူများစွာက ဖိလစ်ပိုင်၏ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းတွင် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျအပြင် အိန္ဒိယပါ ပါဝင်နေခြင်းသည် တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာရပြီဟု ယူဆကြသည်။ တရုတ်အပေါ် စိုးရိမ်ကြောက်ရွံ့ရခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများ သည် စစ်ရေးချင့်တွက်မှုဖြင့် ရေကြောင်းပိုင်နက်ကို ကာကွယ်ရေး ဒေသတွင်း မဟာမိတ်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းခြင်း၊ ဒေသတွင်းမဟုတ်သော နိုင်ငံများနှင့် ပိုမို ပူးပေါင်းခြင်းများ လုပ်ဆောင်လာ ကြကြောင်း Li Mingjiang က ရှုမြင်သည်။ ကာကွယ်ရေးနှင့်မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ စီနီယာသုတေသီ ကောလင်းကို့ချ်ကလည်း “ MAC ဆိုင်ရာအတွက် ဖိလစ်ပိုင်ရဲ့ နှစ်နိုင်ငံသဘောတူ၊ နိုင်ငံများစွာသဘောတူပုံစံအမျိုးမျိုးနဲ့ ပါတနာတွေ တိုးပွားလာခြင်းဟာ တရုတ်အစိုးရရဲ့ အတင်းအကြပ်အပြုအမူတွေအပေါ် ဆန့်ကျင်ပြီး ဖိလစ်ပိုင်ဘက်က ကာကွယ်ရပ်တည်ပေးဖို့ ဒီနိုင်ငံတွေက မကွယ်မဝှက်တမ်း သက်သေပြလိုက်တာပဲဖြစ်တယ် “ ဟု သုံးသပ်သွားခဲ့သည်။
#MeKongNews








