~ လင်းမောင် ~
မကြာသေးမီက အစားအစာများအတွင်း ခံဆိပ်များပါဝင်နေခြင်းမှသည် တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းမှ ကလေးပေါင်း ၂၀၀ ကျော် ဆေးရုံတင်ရသည့် အဖြစ် ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံမှ များပြားလှ စွာသော စက်မှုစွန့်ပစ် ဓာတုညစ်ညမ်းပစ္စည်းများ ရန်စွယ်သည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများအပေါ် လိုက်နာမှု အားနည်းခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ၌ ပေါ့ဆခြင်း၊ အစိုးရကိုယ်တိုင်ကပင်လျှင် ဖုံးကွယ်ထားခြင်း သို့မဟုတ် အရေးမယူ ခြင်းများကြောင့် တရုတ်နိုင်ငံတစ်ဝန်း အဆိပ်အတောက်ဖြစ်စေသည့် ဓာတုအန္တရာယ်များက ခြိမ်းခြောက် ဖြစ်တည်လာနေခဲ့ပြီဖြစ်သည်။
ဇူလိုင်လအတွင်း Gansu ပြည်နယ် Tianshui ရပ်မှ မူကြိုကျောင်းသားကလေးငယ် ၂၀၀ ကျော် စားမိသည့် အစားအသောက်များထဲတွင် ခဲဆိပ်များစွာပါဝင်နေခဲ့သဖြင့် အစုလိုက်အပြုံလိုက် ဆေးရုံ တင်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အစားအသောက်များအတွင်း ပါဝင်သည့် ခဲဆိပ်သည် အမျိုးသား ဘေးကင်းလုံခြုံရေး လစ်မစ်ထက် အဆ ၂၀၀၀ ကျော်အထိ ပိုမိုများပြားစွာပါဝင်နေသည်က အထူး စိုးရိမ်စရာဖြစ်ခဲ့ရသည်။၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလားတူ ဖြစ်ရပ်ဆိုးကို ပြန်လည် အမှတ်ရ စေသည့် ကိစ္စဖြစ်သည်။
ပြည်သူပေါင်းများစွာသည်လည်း ထိုဖြစ်ရပ်များကြောင့် အစိုးရ၏ ညံ့ဖျင်း သော အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုတို့အပေါ် လွန်စွာ ဒေါသထွက်ပေါက်ကွဲကြရသည်။ တရုတ်လူမှု ကွန်ရက် Weibo ပေါ်တွင် လူတစ်ဦးက အစားအသောက်များ ဘေးကင်းလုံခြုံရေးကဏ္ဍသည် မည်သည့်အကြောင်းနှင့်မှ မသိကျွိုးကျွံနေလို့မရကြောင်းနှင့် အနာဂတ်သားကောင်းရတနာ ကလေး ငယ်များအသက်နှင့်ဘ၀လုံခြုံရေးကြီးကိုပင် ထိုမျှ ထိပါခဲ့သည်အား တာဝန်ယူမှု တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း၊ ကျူးလွန်သူများကို ကြီးလေးသော ပြစ်ဒဏ် ပေးကို ပေးရမည်ဖြစ်ကာ အစိုးရကိုယ်တိုင် က မသိကျွိုးကျွံ နေထိုင်နေသည်ဟု ဝေဖန်ခဲ့သည်။
၂၀၁၆ ခုနှစ်က Jiangsu ပြည်နယ်၊ ချန်ဇူး နိုင်ငံခြားဘာသာသင်ကျောင်း (Changzhou Foreign Languages School) သည် စာသင်ကျောင်းအား ယခင် ဓာတုဗေဒ စက်ရုံဟောင်းနေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ရာမှ ရာနှင့်ချီသော ကျောင်းသားငယ်များစွာ ဆိုးရွားသည့် ဝေဒနာများ ခံစားခဲ့ရဖူးသည်။ ကျောင်းသား ၆၄၁ ယောက်အား ဆေးစစ်ခဲ့ရာတွင် ၄၉၃ ယောက် အဆိပ်သင့်မှုကြောင့် ဖျားနာဝေဒနာ ခံစားရကြောင်း တွေ့ရှိခဲ့ရသည်။ ထိုစဉ်က ဝေဒနာခံစားခဲ့ရသော ၁၂ နှစ်အရွယ် ကျောင်းသားလေးက ခြေထောက်များကြွက်တက်ခြင်း၊ ဝက်ခြံဖုများထွက်ကာ ယားယံခြင်း၊ လက်များ နီရဲလာခြင်းများ ဖြစ် ခဲ့သည်ဟု ပြောဆိုခဲ့သည်။ တချို့သော စစ်ဆေးမှုများတွင် သွေးဖြူဥအားနည်းခြင်းနှင့် သွေးကင်ဆာ ဖြစ်ပွားမှုများပင် တွေ့ရှိခဲ့ရသည်။ လည်ချောင်းနာခြင်း၊ သွေးဖြူဥများ ချို့တဲ့သည့် ကင်ဆာဖြစ်နိုင် သော အဆင့် အထိ ကျောင်းသားများစွာ အဆိပ်သင့်ခဲ့ရခြင်းဖြစ်သည်။
ဓာတုစက်ရုံဟောင်းတွင် စာသင်ကျောင်းသွားနေရာယူခြင်းမှ ညစ်ညမ်းရေသောက်သုံးရခြင်း၊ ရေ၏ အနံသည်လည်း ဘဲဥပုပ်နံ့ထွက်ကာ ချဉ်စုပ်စုပ် ဖြစ်နေသည်ဟု ကျောင်းသားမိခင်တစ်ဦးက ဒေါသ တကြီး ဖွင့်ဟခဲ့သည်။ မိဘများ အဆိပ်သင့်နေကြရသော သားသမီးများကြောင့် စာသင်ကျောင်း နေရာ ပြန်လည်ရွှေ့ပြောင်းရန် တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက ကျောင်းနေရာပြောင်းရန် ငြင်းဆန် ခဲ့ကြသည်။ ထိုထက်ပိုဆိုးသည်မှာ ကျောင်းမပြောင်းပေးသည့်အပြင် အဆိုပါ ကျောင်းပရ၀ုဏ်အား ရွှံ့စေးဖြင့်သာ လိမ်းကြံအလွာထပ်ခြင်းကြောင့် ကျောင်းသားများသည် အဆိပ်သင့် မြေဆီနှင့် နစ္စဓူ၀ ထိတွေ့ကြရပြန်သည်။ အဆိုပါ ကျောင်းအတွင်း မြေသားနှင့် ရေထဲ အကြီးစား သတ္တုဓာတ်များပါဝင် သည့် အဆိပ်ဓာတ်များကို စစ်ဆေးတွေ့ရှိခဲ့သည်။ ကင်ဆာဖြစ်စေနိုင်သော ကလိုရို ဘန်ဇီနီပါဝင်မှု အဆင့်သည် safety limit ထက် အဆပေါင်း ၁၀၀၀၀၀ အထိပင် ပိုများနေသည်ကို သိရှိခဲ့ရသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေကျင်းအခြေစိုက် ပြည်သူနှင့်ပတ်ဝန်းကျင်ရေးရာသိပ္ပံ အဖွဲ့မှ ဒါရိုက်တာ Ma Jun က “ အရမ်း ဝမ်းနည်း၊ ကြေကွဲဖို့ ကောင်းပါတယ်။ အထူးသဖြင့် မိဘဖြစ်သူတွေဟာ သူတို့ သားသမီးတွေကို အဆိပ်သင့် မြေပေါ် လွှတ်ထားပေးရခြင်းက ဘယ်လောက် ဆိုးရွားတဲ့ ခံစားမှုကို ဖြစ်စေလိမ့်မလဲ ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
အားလုံးအတွက် စစ်မှန်သည့် တရားခံအဖြစ် ဝေဖန်စရာရှိ ဝေဖန်ခဲ့သည်က မျက်ကွယ်ပြုမှု၊ ပေါ့ဆမှု၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် ထိန်းကြောင်းမှုပျက်ကွက်ခဲ့သည့် တရုတ်အစိုးရသာဖြစ်ခဲ့ သည်။ ယခု မူကြိုကလေးငယ် ၂၀၀ ကျော် ခဲဆိပ်သင့်ပြီး ဆေးရုံတက်ခဲ့ရသည့် သတင်းအား Weibo တွင် တင်ခဲ့သည့် ပို့စ်မှာ Share သန်း ၃၀ ရောက်သည်အထိ အုံးအုံးထခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီး Greenpeace ကပင် စာသင်ကျောင်းများအား ယခုလို ဓာတုအဆိပ်သင့်မြေများပေါ် တည်ဆောက်ဖွင့်လှစ်ခွင့်ပေးထားခြင်းမှာ အထူးစိုးရိမ်စရာကောင်းသည် ဟု သတိပေးထုတ်ပြန်သည်။ Greenpeace ၏ အရှေ့အာရှအဆိပ်အတောက် campaign မန်နေဂျာ Ada Kong က Changzhou တွင် ဖြစ်ပွားသော ခဲဆိပ်သင့်ပြီး ကလေးများ ဆေးရုံပို့ခဲ့ရမှုကိုကြည့်လျှင် တရုတ်နိုင်ငံ၌ အန္တရာယ်များလွန်းသည့် ဓာတုပစ္စည်းများ စီမံခန့်ခွဲမှုအဆင့်မှာ အလွန် အားနည်း နိမ့်ကျ လွန်းနေခဲ့ပြီဟု စိတ်ပျက်စွာ ဖွင့်ဟ ခဲ့သည်။
Guangdong ပြည်နယ် Guiyu အရပ်မှ ကလေးငယ် ၈၀ ရာခိုင်နှုန်းတွင် သွေးတွင်း ခဲဆိပ်ပါဝင်နေမှု (BLL) အန္တရာယ်အဆင့် ရောက်နေသည်ဟု စစ်ဆေးတွေ့ရှိရသည်။ ထိုဖြစ်စဉ်မှာ လျှပ်စစ်စွန့်ပစ် ပစ္စည်း များကို မတော်မလျှော် စွန့်ပစ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးကြီးပင်ဖြစ်သည်။ ထို့ကြောင့်ပင် တရုတ် ကို ကမ္ဘာ့လျှပ်စစ်သင်္ချိုင်းကုန်းကြီးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ Guiyu အရပ်တွင် တရားမဝင် လျှပ်စစ် စွန့်ပစ်ပစ္စည်း စီးပွားရေးလုပ်ငန်းများစွာ ရှိနေသည်။ Greenpeace ၏ ရှာဖွေတွေ့ရှိမှုတွင် Guiyu အရပ် မှ ကလေးတစ်ဦး သွေးတွင်း ခဲဆိပ်ပါဝင်မှုနှုန်း (BLL) သည် ၃၂ .၆၇ ug/dL (micrograms per deciliter) ရှိနေကာ တရုတ်နိုင်ငံမှ ကလေးငယ်များ ပျမ်းမျှ သွေးတွင် ခဲဆိပ်ပါဝင်မှုနှုန်းထက် ၃ ဆ ပိုများနေသည်ဟု ဆိုသည်။ Guiyu အရပ်မှ ရွာ ၄ ရွာစလုံးရှိ လူသားများ သွေးတွင်း ခဲဆိပ်ပါဝင်မှု နှုန်းက တခြားတရုတ်နိုင်ငံ ဒေသအသီးသီးမှ လူများထက် ပိုများနေသည်။
လေ့လာစစ်ဆေးမှုများစွာအရ Guiyu အရပ်မှ ကလေးများ၏ သွေးတွင်း ခဲဆိပ်ပါဝင်မှုသည် အနီး အနားဒေသများမှ ကလေးများသွေးတွင်း ပါဝင်သည့် ခဲဆိပ်ထက် သိသိသာသာ ပိုမိုများပြား ပါဝင် နေသည်ကို ငြင်းမရနိုင်အောင်ပင် တွေ့ရှိရသည်။ ထို့ကြောင့် Guiyu မှ မိဘများစွာက တရုတ်အစိုးရ၏ တာဝန်လစ်ဟင်းမှုကြောင့် မိမိတို့ ရင်သွေးများ ဆက်လက် ခဲဆိပ်သင့်နေရသည်ဟု စောဒကတက် ဆန္ဒ ထုတ်ဖော်ကြသည်။ “ Guiyu ဟာ တရုတ်နိုင်ငံထံမှာ စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေ တောင်လိုပုံရာက ခဲဆိပ် သင့်မှုတွေကို မျိုးဆက်သစ်တွေကိုယ်ထဲ သွပ်သွင်းနေတယ်။ ခဲဆိပ်သင့်မှုဟာ ဒီဒေသရဲ့ အဓိက ကျန်းမာရေးပြဿနာကြီးဖြစ်နေသလို ဒေသခံကလေးတွေကျန်းမာရေးအတွက်လည်း ကြောက်စရာ ခြိမ်းခြောက်နေခဲ့ပါပြီ။ ကလေးများ ခဲဆိပ်သင့်မှုကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးကို Guiyu မှာ ကာလရှည် မစ်ရှင်ရေးဆွဲ တိုက်ဖျက်နိုင်မှ ဖြစ်ပါတော့မယ်” ဟုလည်း ဆွန်ယက်ဆင် တက္ကသိုလ်ရှိ Pi Guo ဦးဆောင်သည့် တရုတ် သုတေသနအဖွဲ့မှ လေ့လာထုတ်ပြန်သွားခဲ့သည်။
၂၀၀၉ ခုနှစ်ကတည်း ရာပေါင်းများစွာသော မိဘများသည် Shaanxi ပြည်နယ်မှ ခဲထုတ်စက်ရုံတစ်ခု အတွင်း ဒေါသတကြီး ဝင်ရောက်ခဲ့ကြကာ မိမိတို့ ရင်သွေးငယ် ၆၀၀ ကျော် ခဲဆိပ်သင့်ပြီး ကျန်းမာရေး ချို့တဲ့ကုန်ကြသည့်အတွက် စက်ရုံအတွင်း ချီတက်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။ Zhejiang ပြည်နယ် မိုဘိုင်းဖုန်း စက်ရုံတစ်ခုမှလည်း ခဲဆိပ် ယိုစိမ့်မှုကြောင့် ကလေး ၅၃ ဦးအပါ ရွာသား ၁၇၀ ကျော် အဆိပ်သင့်ခဲ့ရမှုတွင်လည်း ကြီးကြပ်ရန် ပျက်ကွက်သည့် အရာရှိ ၃ ဦးကို ထုတ်ပယ်မှု ပြုလုပ်ခဲ့သည်။ Greenpeace မှ အဆိပ်သင့်ညစ်ညမ်းမှုဆိုင်ရာ ကျွမ်းကျင်သူ Ma Tianjie က စည်းမျဉ်းစည်းကမ်းများ သည် ဒေသဆိုင်ရာ အာဏာပိုင်များက မကြာခဏဆိုသလို ကြီးကြပ်တည့်မတ် ထိန်းချုပ်ပေးခြင်းမရှိ၊ လိုက်နာမှုများလည်း မရှိ၊ လျှပ်စစ်နှင့် အဆိပ်သင့်နိုင်သော ဓာတုဗေဒဆိုင်ရာ ရပ်ဝန်းများသို့ ဒေသဆိုင် ရာအာဏာပိုင်များ ပုံမှန်အားဖြင့် စစ်ဆေးခြင်းမပြုခြင်းက ယခုလို သဘာ၀ ကပ်ဆိုးကြီးအသွင် ဆောင် လာရသည်ဟု မှတ်ချက်ပေးပြောဆိုသွားခဲ့သည်။
တရုတ်နိုင်ငံတွင် နေရာတချို့၌ ကလေးငယ်များ အဆိပ်သင့်နေရမှုမှာ တာဝန်ရှိသူများက သင့်လျှော် သည့် စောင့်ကြပ်စစ်ဆေးမှုများ မလုပ်ခြင်းကြောင့်သာ တစ်နေရာပြီးတစ်နေရာ ပျံ့နှံ့လာခြင်းဖြစ် သည်။ တရုတ်နိုင်ငံအတွက် အမေရိကန်လွှတ်တော်အမှုဆောင် ကော်မရှင်မှလည်း Shaanxi ပြည်နယ် ဓာတုအဆိပ်သင့်နေရခြင်းနှင့်ပတ်သက်ပြီး “ဒီကိစ္စမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနဲ့ မူဝါဒတွေကို လိုက်နာမှုအားနည်းတာ၊ အစိုးရရဲ့ တာဝန်ခံမှု ကွာဟချက်ကြီးမားနေတာနဲ့ တရုတ်နိုင်ငံက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ လက်လှမ်းမီမှုအပါအဝင် နိုင်ငံသားတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကာကွယ်ပေးရမယ့် အခွင့်အရေးတွေအတွက် လုံလောက်သော အားထုတ် ကာကွယ်ပေးမှု မလုပ်တာကို မီးမောင်းထိုးပြရာ ရောက်ပါတယ်” ဟု ထုတ်ပြန် ဝေဖန်သွားခဲ့သည်။
#MeKongNews








