~ လင်းမောင် ~
အမေရိကန်နိုင်ငံ ဒီလာဝါရီနေ လူနည်းစုအတွက် အံ့ဩခြင်းလှိုင်းတွေထသွားတဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်တစ်ခုကိုတော့ ဒီမြို့လေးရဲ့ Lewes ပြည်သူ့စာကြည့်တိုက်မှာ ပြသသွားခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင်အမည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို တင်စားတဲ့ “ကိုယ်တွင်းအင်္ဂါများ နိုင်ငံတော်” တဲ့။ ဒီနေ့ခေတ်မှာ ကြောက်စရာ အကောင်းဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုကြီးအကြောင်းပါ။ တရုတ်အစိုးရ စနစ်တကျနဲ့ ဖိအားပေး လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါ လဲလှယ်ခြင်း ပရိုဂရမ်ကြီးလည်းဖြစ်တယ်။ ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာ ကံသီလို့ ဒီလိုအဖြစ်မျိုးကနေ လွတ်မြောက်လာသူအကြောင်းလည်း ပါဝင်တယ်။ တက်ရောက်ကြည့်ရှုသူ ဒါဇင်ပေါင်းမျာ စွာကို စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ တကယ်ဖြစ်ရပ်မှန် ငရဲခန်းအကြောင်းအဖြစ် သက်ဝင်တုန်လှုပ်သွားစေခဲ့နိုင်ပါတယ်။
ဒီ ပြသပွဲမှာ ပထမဆုံး လွတ်မြောက်လာသူ ချန်ပိုင်မင်း ဆိုသူကိုယ်တိုင်လည်း ရှိနေပြီး တရုတ်အစိုးရရဲ့ ခန့်မှန်းမရနိုင်တဲ့ မြန်ဆန်များပြားလှစွာတည်ရှိနေတဲ့ အရက်စက်ဆုံး လူကိုယ်တွင်းအင်္ဂါ လဲလှယ်မှု အစီအစဉ်ကြီးက တကယ့်အစစ်အမှတ်ဆိုတာကို သက်သေပြခဲ့ပါတယ်။
Falun Gong ဆိုတဲ့ ဗုဒ္ဓဘာသာနဲ့ ဇန် ဗုဒ္ဓဘာသာ ဝိဉာဉ် ရေးရာ အလေ့အကျင့် (ဝင်သက်ထွက်သက် ရှူရှိုက် နှလုံးသွင်းမှု) ကို တရုတ်ကွန်မြူနစ်ပါတီဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ပိတ်ပင်တားဆီးလိုက်တယ်။ ဒီ တရားကျင့်စဉ်များလုပ်သူတွေကို တရုတ်ကွန်မြူနစ်ပါတီက ပစ်မှတ်ထား အငြှိုးထားပြီး ဖမ်းဆီးထောင်ချတဲ့အထဲ ချန်ပိုင်မင်းလည်း ပါဝင်သွားခဲ့တယ်။ ထောင်ကျနေစဉ်အတွင်းမှာပဲ သူ့ အဆုတ်နဲ့ အသည်းတစ်ပိုင်းစီကို လှီးဖဲ့ယူခံလိုက်ရတဲ့ကြားက ကံကြီးစွာ ကြံ့ကြံ့ခံ ရှင်သန် လွတ်မြောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မှတ်တမ်းရုပ်ရှင်ပြပွဲမှာ စကားပြန်နဲ့ သူ့အတွေ့အကြုံနဲ့ လွတ်မြောက်လာပုံပြောပြတော့ တက်ရောက်ကြည့်ရှုသူတစ်ယောက်က အံ့ဖွယ်ဖြစ်ရပ်လို့ နှုတ်ထွက်စကားဆိုတယ်။ ဒါပေမဲ့ ဒီသက်သေခံချက်ဟာ အခြား မရေတွက်နိုင်တဲ့ ဒုက္ခရောက်ရသူပေါင်းများစွာမှာတော့ ကံကောင်းလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
“ဘာတွေဖြစ်ပျက်နေလဲ ကျွန်တော်အမှန်သိသွားချိန်မှာ ငါလွတ်မြောက်နိုင်မှ ဖြစ်မယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ကိုယ်တွင်းအင်္ဂါတွေ သူတို့ထုတ်ယူပြီး ကျွန်တော့်ကို သတ်လိုက်ကြမှာ” လို့ စကားပြန်ကတစ်ဆင့် ပွဲတက်လာသူတွေကို ရှင်းပြတယ်။
ဒီစကားဟာ တရုတ်ရဲ့ စနစ်တကျ ဖိအားပေးပြီး သန်းပေါင်းများစွာသော လူသားတွေကို ဆေးဘက်ဆိုင်ရာကွပ်မျက်နေမှု စီမံကိန်းအပေါ် အထူးအာရုံစိုက်ကြစေဖို့ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။ ဒီ မှတ်တမ်းရုပ်ရှင်ကြောင့်ပဲ တရုတ်ရဲ့ လူသားကိုယ်တွင်းအင်္ဂါခွဲစိတ်အစားထိုး အဆောက်အအုံကြီး အကြောင်း အထိတ်တလန့် ဆွေးနွေးမှုတွေကို ချက်ချင်းဖြစ်လာစေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက တရားဝင် ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုနဲ့ အစားထိုးလဲလှယ်မှုစနစ်နဲ့ လုံးလုံး ကွဲပြားခြားနားပါတယ်။ ကိုယ်တွင်းအင်္ဂါ အစားထိုးလဲလှယ်လိုသူတွေဟာ လှူဒါန်းသူ သေလွန်ဖို့ သေချာနီးကပ်လွန်းသူတွေဆီက ကိုယ်တွင်းအင်္ဂါရဖို့ဆိုတာ နှစ်နဲ့ချီစောင့်ကြရတာပါ။ တရုတ်နိုင်ငံရဲ့ ကိုယ်တွင်းအင်္ဂါလဲလှယ်မှုစနစ်မှာတော့ ရယူလိုအားကို ရက်သတ္တပတ်အနည်းငယ်အတွင်း အထမြောက်စေနိုင်တယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ရယူလိုအားနဲ့ ပေးစွမ်းမှု အနေအထားနဲ့ တခြားစီဖြစ်နေတယ်။ မဖြစ်နိုင်လွန်းတဲ့ ကိုယ်အင်္ဂါခွဲစိတ် လဲလှယ်မှုအဆောက်အအုံကြီးမှာ ဖုံးကွယ်ထားတဲ့ ထောင်တွင်းအကျဉ်းသားတွေရဲ့ ကိုယ်အင်္ဂါတွေ ထုတ်ယူမှုပမာဏဟာ ကြောက်စရာ များပြားလွန်းလှမှာပါ။
Lewes က နှလုံးအစားထိုးကုစားထားသူ ဗစ်တာကားလ်စထရောင်းက သူ့တုန်းက ကိုယ်တွင်းအင်္ဂါ အစားထိုးလဲလှယ်ခွင့်ရဖို့ တရားဝင် နည်းလမ်းတကျနဲ့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေတယ်။ တရုတ်မှာတော့ ကိုယ်တွင်းအင်္ဂါလဲလှယ်အစားထိုးချင်ရင် ချက်ချင်းလိုရနေတာဟာ တမလွန်ကို သေချာပေါက်ကူးနေတဲ့ သေလူတွေဆီက ကိုယ်အင်္ဂါတွေနဲ့ ဘယ်လိုမှ လုံလောက်စရာမရှိကြောင်းနဲ့ ဒီလိုဖြစ်တည်နေတာတွေကို ရှင်းပြနိုင်စရာလည်း မရှိဘူးလို့ ဖွင့်ဟတယ်။
၇၆ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင် State Organs ထဲမှာ တခြားသော ကြုံတွေ့ခံစားခဲ့ရတဲ့ လူတွေအကြောင်းလည်း ပါဝင်ပါတယ်။ Peabody ဆုရ ရေမွန်ဇန်း ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ထဲမှာ မိသားစု ၂ စုဟာ ပျောက်ဆုံးနေတဲ့ သူတို့ ချစ်တဲ့သူတစ်ယောက်စီကို ရှာဖွေရာမှာ လူကိုယ်တွင်း အင်္ဂါကွန်ရက်နဲ့ပတ်သက်တဲ့ ရင်းမြစ် ဆေးရုံ၊ အကျဉ်းထောင်တွေနဲ့ပတ်သက်တဲ့ အစိုးရအရာရှိများကြား ကြီးမားသော အထောက်အထားကွန်ရက်တွေရှိကြောင်း ရှာဖွေဖော်ထုတ်ခဲ့ကြပါသေးတယ်။ ဖိအားသုံးပြီးကိုယ်တွင်းအင်္ဂါ လဲလှယ်အစားထိုးခြင်း ဆန့်ကျင် ရေးဆရာဝန်များအဖွဲ့ (DAFOH) က ဒေါက်တာ ဂျက်ဆီကာ ရက်ဆိုက ဒီစနစ်ကြီးကနေ ကမ္ဘာ့လူသားကိုယ်တွင်းအင်္ဂါ မှောင်ခိုစျေးကွက်ကြီး ဘယ်လောက်ကြီးမားစွာ တည်ရှိနေသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာလို့ ရှင်းလင်းပြောဆိုသွားပြီး အနောက်နိုင်ငံတွေက လူသားပေါင်းများစွာဟာလည်း တရုတ်နိုင်ငံကို သွားရောက်လို့ ကိုယ်တွင်းအင်္ဂါလဲလှယ်မှုတွေမှာ နောက်ကွယ်က ဖြစ်ရပ်ဆိုးတွေကို မသိဘဲ လဲလှယ်ခြင်းဟာ တရုတ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စနစ်ကြီးကို အင်အားကြီးထွားလာစေကြောင်း၊ နိုင်ငံတကာက တင်းကြပ်တဲ့ တားမြစ်ထိန်းချုပ်မှုတွေနဲ့ ဒီအရေးကို အလေးထားကိုယ်တွယ်မှ ဖြစ်တော့မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
စိစစ်မှုတွေဟာ လက်ရှိဖြစ်ရပ်နဲ့ သမိုင်းဆိုင်ရာ ရက်စက်ကြမ်းကြုတ်နေမှုတွေအကြား စင်ပြိုင်ဖြစ်နေစေတာကို သတိပြုရမှာဖြစ်ပါတယ်။ အငြိမ်းစား ပညာရေးဝန်ထမ်း ဒီဘိုရာဘာ့ဂ်မန်းက ဒီကနေ့ လူ့အသိုင်းအဝိုင်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်စဉ် တကယ်မဟုတ်ဘူးလို့ ထင်မြင်တတ်ကြပြီး ဒါဟာ တကယ့်အဖြစ်မှန်ဖြစ်ခဲ့တာကို သိခဲ့ရကြောင်း၊ ဘာသာရေးနဲ့ပတ်သက်တဲ့ တစ်ခုသော အဖွဲ့အစည်းအပေါ်မှာ ဒီလိုကျင့်ကြံရက်စက်နေတာကြည့်ကတည်းက ရပ်တန့်အောင်လုပ်ဖို့ကလည်း ခက်ခဲမှာဖြစ်ကြောင်း ထောက်ပြပြောဆိုသွားတယ်။
ဒီ မှတ်တမ်းရုပ်ရှင်ကနေ တက်ရောက်လာသူတွေကတစ်ဆင့် Falun Gong Protection Act ဆိုတဲ့ ဒီ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းအပေါ် အကာအကွယ်ပေးရေး အက်ဥပဒေ ထုတ်ပြန်ဖို့ လူထုအသနားခံစာတင်ထားမှုကို ပိုပြီး အားစိုက်လုပ်ဆောင်ကြဖို့ တွန်းအားဖြစ်စေပါတယ်။ ဒီဥပဒေကိုပြဌာန်းဖို့ ဇွန်လက အမေရိကန်အောက် လွှတ်တော်ကနေ အတည်ပြုပေးခဲ့ပေမယ့် အထက်လွှတ်တော်ဟာ စိစစ်စဉ်းစားနေဆဲဖြစ်ပြီး ဖိအားပေး ကိုယ်တွင်းအင်္ဂါ ခွဲစိတ်လဲလှယ်မှုဖြစ်စဉ်တွေမှာ ဘယ်လို တားဆီးကာကွယ်ဖို့၊ ကျူးလွန်ရင် ဘယ်လို ဥပဒေပုဒ်မတပ် အရေးယူဖို့တွေကို ဆက်လက်ဆွေးနွေးနေရဆဲလို့ သိရတယ်။
ဒီလာဝါရီ ဆေးဘက်ဆိုင်ရာ လွတ်လပ်သော မဟာမိတ်အဖွဲ့ ဥက္ကဌ အဘရာဆက်ဟက်ဒ်ဆန်က ဒီလုပ်ငန်းစဉ်မှာ မကောင်းဆိုးဝါးဆန်တဲ့ လူတွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးပါလွန်းကြောင်း၊ အမေရိကမှာ နေထိုင်တဲ့သူတွေဟာ မိုင်ထောင်သောင်းချီဝေတဲ့ အရပ် (တရုတ်) မှာဖြစ်ပျက်နေတဲ့ ကိစ္စအပေါ် စိတ်မနာတတ်ကြသလို ဖြစ်နေကြောင်း၊ လူသားတွေဟာ လူသားတွေအနာဂတ်အတွက် တာဝန်ယူမှုရှိရမှာဖြစ်လို့ မကောင်းဆိုးဝါးနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရင်း အနာဂတ်ကို ကာကွယ်ပေးရမှာဖြစ်ကြောင်း တိုက်တွန်း ပြောဆိုသွားပါတယ်။ Lewes-Rehoboth Beach Rotary Club ဥက္ကဌ ဂျန်နင်းဖစ်ဇ်ဂါးရတ်ကလည်း ဒီမှတ်တမ်းရုပ်ရှင်ဟာ သုတဖြစ်စေဖို့ တင်ဆက်တာဖြစ်ပေမယ့် ကြည့်ရှုသူတိုင်းက ချက်ချင်းပဲ တွန်းလှန်ချေဖျက်ပစ်ဖို့လိုအပ်တဲ့ ကမ္ဘာ့ရေးရာ တိုက်ပွဲဖြစ်ပြီး လူသားဟာ ကုန်စည်မဟုတ်ဘဲ မတရားသဖြင့် ကိုယ်အင်္ဂါလဲလှယ်ဖလှယ်ခံ သေဆုံးနေရမှုတွေကို အပြီးသုတ်သင်ဖို့ လူတစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိတယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။
ဒီလာဝါရီမှာ ခုလို အခြေစိုက်ပြီး တရုတ်နိုင်ငံရဲ့ ကိုယ်အင်္ဂါလဲလှယ်စနစ်ကြီးအကြောင်း အသိပေးလိုက်ခြင်းဟာ တစ်ကမ္ဘာလုံးက ပိုပြီး အဏုကြည့်ကြည့်လို့ တိုက်ဖျက်သွားဖို့ကို ကိုယ်စားပြုလိုက်တာဖြစ်ပါတယ်။ ဘာသာ အယူဝါဒ ကျင့်စဉ်အကြောင်းပြ ဖမ်းဆီးထောင်ချခံရပြီး ကိုယ်တွင်းအင်္ဂါ အဓမ္မ ခွဲစိတ်ထုတ်ယူခံရပြီး ရှင်သန်ကျန်ရစ်ခဲ့တဲ့ ချန်ပိုင်မင်းလို လူမျိုးတွေ ပိုမိုခိုင်လုံတဲ့ သက်သေတွေအဖြစ် ရှေ့ထွက်လာရင်း တရုတ်ရဲ့ နောက်ဆုံးပေါ် ရက်စက်ယုတ်မာမှုကို နိုင်ငံတကာက အရေးယူနိုင်ရေးက အရေးကြီးလွန်းလှပါပြီ။ ဒီအရေး ကမ္ဘာကြီးက ပြတ်ပြတ်သားသား ဆောင်ရွက်ပေးမှာလား ဒါမှမဟုတ် အတိတ်က ရက်စက်မှုတွေနဲ့အတူ နောက်ထပ် မရေမတွက်နိုင်တဲ့ သားကောင်တွေအတွက် အချိန်နှောင်းသွားတဲ့အထိ စောင့်ဆိုင်းနေဦးမှာလား ဆိုတဲ့ မေးခွန်းကိုတော့ မေးရတော့မှာပါပဲ။ ။








