လင်းမောင်
ဗီယက်နမ်ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ အမှတ်အသားတစ်ခုကတော့ သမိုင်းစဉ်ဆက်မှာကို တရုတ်နဲ့ပတ်သက်တဲ့ ပြဿနာပေါင်းများစွာနဲ့ ရုန်းကန်ခဲ့ရမှုကို ထင်ထင်ရှားရှား ပြဆိုထားတယ်။ သူတို့ ကျောင်းသုံး သမိုင်းပြဌာန်း စာအုပ်ထဲမှာကို မြောက်ပိုင်းသား(တရုတ်) က ကျူးကျော်သူတွေကို ဆန့်ကျင်တော်လှန်တဲ့ သူရဲကောင်းတွေ၊ မျိုးချစ်တော်လှန်ရေးအကြောင်းတွေ ဝေဝေဆာဆာထည့်သွင်းထားတယ်။ B.C (၂) ရာစုကတည်းကစလို့ ဗီယက် နမ်အပေါ် ပဒေသရာဇ် တရုတ်မင်းအဆက်ဆက်က ဩဇာလွှမ်းမိုးချယ်လှယ်ခဲ့ကြတာ ဒီနေ့အထိဆို နှစ်ပေါင်း တစ်ထောင်ကျော်သွားခဲ့ပါပြီ။ ဒါကြောင့် တရုတ်ထမ်းပိုးအောက်မှာ မှောင်မိုက်နေချိန် တစ်နည်းအားဖြင့် နာကျည်းမှု ထောင်စုနှစ်တစ်ခုတာက သူတို့ရင်ထဲ နက်ရှိုင်းတဲ့မလုံခြုံမှုကို ဖန်တီးပေးပြီး တရုတ်အန္တရာယ်ကို အမြဲမပြတ်သတိထားနေရတဲ့ အဖြစ်မှာ ရှိနေခဲတယ်။
တရုတ်နဲ့ ရေပိုင်နက်ချင်းထိဆက်နေပေမယ့် တကယ်တမ်းမှာ မြေယာပိုင်ဆိုင်မှုအာဏာအတွက် ကြိမ်ဖန်များစွာ သောတရုတ်ရဲ့ ခြိမ်းခြောက်မှုကိုသာ ဦးစားပေး ဖြေရှင်းနေခဲ့ရတယ်။ ဗီယက်နမ်စကားလုံးမှာ တိုင်းပြည်ဆိုတာ ကို dat nuoc လို့ ခေါ်တယ်။ dat ဆိုတာက မြေ nuoc က ရေ။ ဒီလို မြေရေလို့ မြေကို အရှေ့က ထားပြီး ဦးစားပေး ခေါ်ဆိုတာဖြစ်လို့ ဗီယက်နမ်ရဲ့ မဟာဗျူဟာမြောက် တွေးခေါ်မျှော်မြင်မှုတွေက သမိုင်းနဲ့ ပထဝီဝင်အနေအထား မှာကို မြောက်ပိုင်းသား (တရုတ်)တွေရဲ့ ခြိမ်းခြောက် ကျူးကျော်မှု အချိုးအစားအင်အားမမျှမှုတွေအပေါ် ပူးပေါင်းပူပန်ကြတယ်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံရေးလောက ထိပ်တန်းပုဂ္ဂိုလ်တွေကြားမှာပေါ့။
တရုတ်နဲ့ ဗီယက်နမ်ဆက်ဆံရေးက နိုင်ငံချင်းဆိုတာထက် ပါတီချင်း ဆက်ဆံရေးက ပိုအဓိက ကျခဲ့တယ်။ အဆင့်မြင့်ပါတီခေါင်းဆောင်တွေအချင်းချင်းသာ တွေ့ဆုံမှုတွေလုပ်ကြပြီး ဒီလူတွေကပဲ နှစ်နိုင်ငံ ဆက်သွယ်မှု မှာ မဟာဗျူဟာမြောက် အာမခံချက်တွေကို ပေးစွမ်းနိုင်သူတွေအဖြစ် ထဲထဲဝင်ဝင် နေရာယူထားကြတယ်။ စစ်အေးခေတ်အလွန် ဆယ်စုနှစ် ၃ ခုလောက်အတွင်း ဗီယက်နမ်နဲ့ တရုတ်တို့ရဲ့ ကမ္ဘာ့ရေးရာအမြင်တွေ ကွဲလွဲ လာတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ တူညီတဲ့ ကွန်မြူနစ်ပါတီနှစ်ခုရဲ့ ဆွေးနွေးပွဲတွေ၊ အယူဝါဒ နှီးနှော ဖလှယ်မှုတွေဟာ နည်းသထက်နည်းပါးလာခဲ့တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ ဗီယက်နမ်ရဲချုပ် Tô Lâm ဟာ ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူး ရာထူးပါ ရရှိခဲ့တယ်။ တရုတ်မီဒီယာတွေအဆိုအရ Tô Lâm ဟာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးထူထောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရှိရတယ်။ ဗီယက်နမ်ရဲ့ ပြိုင်ဘက်ကင်း ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ Tô Lâm ပေကျင်းကို သွားရခြင်းမှာ အကြောင်းတရား ၂ ခု ရှိပါတယ်။ ပထမ တစ်ချက်ကတော့ ရှီကျင်းဖျင်ရဲ့ အကျိုးစီးပွားလုံခြုံမှု အစွဲအလမ်းကြီးခြင်း ကိစ္စ၊ ဗီယက်နမ်မှာ အမျိုးသားလုံခြုံ ရေးပြဿနာဆိုတာက ပါတီ အာဏာလုံခြုံရေးထက် အများကြီး ပိုအရေးကြီး၊ မလေးထားတဲ့ အရာပါ။ တရုတ် ကတော့ ရှီကျင်းဖျင်ကိုယ်တိုင်က ပြိုင်ဘက်တွေကို ဖယ်ရှားနိုင်စေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ တစ်ကိုယ်တော်အာဏာကို ဆုပ်ကိုင်ထားသူတစ်ဦးအဖြစ် လွှမ်းမိုးထားသူဖြစ်တယ်။ ဒီနှစ်ချက်မတူညီတဲ့ စံနှုန်းအရ Tô Lâm ပေကျင်းကို သွားရောက်ရတာလည်း ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ မိန့်ခွန်းစကားတွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပုဂ္ဂလိက ကဏ္ဍနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နေတာလို့ ပြောဆိုလေ့ရှိပေမယ့် တကယ်တမ်းလက်တွေနဲ့က မကိုက်ညီတဲ့ စကားတွေသာဖြစ်နေတယ်။ အဂတိတိုက်စားမှုတိုက်ဖျက်ရေးဆိုတာ ရှီကျင်းဖျင် အသုံးချနင်းချေခံ ရဖို့ သားကောင်ရှာမှုသာဖြစ်နေလို့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေအကြား စွန့်စားရမှုနဲ့ ပူးပေါင်းဆောင်ရွက်ရမှု တွေမှာ အဖြစ်မှန်နဲ့ ကိုက်ညီခြင်းမရှိတာမျိုးဖြစ်နေတာပါ။ ဒါကြောင့် တရုတ်နဲ့ စီးပွားရေး၊ ပုဂ္ဂလိက ကဏ္ဍ ဆက်ဆံရေးတွေမှာ သဟဇာတမဖြစ်မှာကို စိုးရိမ်လို့ ကြိုတင်သွားရောက် ညှိနှိုင်းတာမျိုးဖြစ်ပါတယ်။
နောက်တစ်ချက် Tô Lâm စိုးရိမ်တာက တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ဟာ ဖိလစ်ပိုင်ကို အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေတာတွေ ဆက်တိုက်လုပ်ပြနေတော့ သူတို့အပေါ် တရုတ်က ဒီလိုမဆက်ဆံဘဲ သက်ဆိုင်ရာ ကွန်မြူနစ်ပါတီအချင်းချင်းအကြား စည်းလုံးညီညွတ်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုနဲ့ ဆက်ဆံနိုင်ရေး လိုလားတောင်းတချက်ဖြစ်ပါတယ်။ ၂၀၂၄ ဩဂုတ် ၁၉ ရက်မှာ Tô Lâm ပေကျင်းကို အလည် အပတ်ခရီးစဉ်သွားရောက်တယ်။ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ဘက်က ဗီယက်နမ်ကိုလည်း ခြိမ်း ခြောက်တာမျိုးရှိပေမယ့် ကွန်မြူနစ် နှစ်ပါတီရဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးရှိတာကို ဟန်ပြပြီး ဗီယက်နမ်ဟာ ဖိလစ် ပိုင်လို တရုတ်အပေါ် မျက်နှာချင်းဆိုင် စိန်ခေါ်တာမျိုး မရှိ၊ ပြဿနာ ကြီးကြီးမားမားမရှိကြောင်း သက်သေပြဖို့ ရည်ရွယ်ချက်နဲ့ ပေကျင်းကိုသွားတာပါ။
ဘာကြောင့်လည်းဆိုတော့ တရုတ်ရဲ့ အစဉ်အလာမှာ စစ်အေးခေတ် မတိုင်ခင် မဟာမိတ်ဆိုတာ မထားဘဲ အမျိုးမျိုးသော မိတ်ဖက်ဆက်ဆံရေးမျိုးသာ ထားတာကြောင့် အကျိုးစီးပွားတွက်သာတွက်ချက်မှာမို့ ဆွေးနွေးတိုင်ပင်စရာတွေ ဗီယက်နမ်ဘက်မှာ ရှိနေခဲ့တာကြောင်းလည်း ဖြစ်တယ်။ စစ်အေးခေတ်နောက်ပိုင်း တရုတ်ရဲ့ မူဝါဒက မိတ်ဖက်သံတမန်ဆက်ဆံရေးအရှိန်အဟုတ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စတင်ကျင့်သုံးခဲ့တယ်။ မဟာမိတ်တွေကိုလည်း ရှောင်ဖယ်၊ ပဋိပက္ခတွေကိုလည်း ရှောင်ရှားရင်း လူတိုင်းနဲ့ ရင်းနှီးတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကသာ သူတို့နိုင်ငံ အကျိုးကျေးဇူးများစေ မယ့် မူဝါဒကို ပြောင်းလဲကျင့်သုံးလာတယ်။ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်တဲ့ ချဉ်းကပ်မှုသဘောကို “ငြိမ်းချမ်းရေး မြှင့်တင်ခြင်း” လို့ စကားလုံးလှလှ သုံးနှုန်းတယ်။
အရင်ကတော့ ဗီယက်နမ်ဟာ သူတို့ပိုင် ကျွန်းတွေ၊ ငါးဖမ်းသင်္ဘောတွေကို ရင်ကို ကတုတ်လုပ်လို့ အသက်စွန့် ကာကွယ်ခဲ့ပါတယ်။ ခုချိန်မှာတော့ ဒါတွေမလိုအပ်တော့ဘဲ မျက်ကန်လိုသဘောမျိုးနဲ့ Spratly Islands ကို နယ်ချဲ့ ရယူဖို့ အတင်းအကျပ်လုပ်ဆောင်လာနေတဲ့ တရုတ်နဲ့ သင့်တင်အောင် ပေါင်းဖို့ ကြံတယ်။ Spratly Islands ကျွန်းကို တရုတ်က ကျူးကျော်လာချိန် တစ်ခါတုန်းက ဗီယက်နမ် သံတမန်တွေဟာ ဖိလစ်ပိုင်ကို တန်ပြန်စိန်ခေါ်မှု အားနည်း လွန်းတယ်လို့ ကြားက မကျေမနပ် ပြောခဲ့ပေမယ့် ဒီနေ့အချိန်မှာတော့ တရုတ်နဲ့ ပူးပေါင်းခြင်းကနေ ဗီယက်နမ် အသံတိတ်သွားတာဟာလည်း တရုတ်အတွက် အကျိုးရှိစေတာပေါ့။ ဖိလစ်ပိုင် သမ္မတ အာယိုယိုလက်ထက် တရုတ်ကို တုံ့ပြန်မှု အားနည်းခဲ့ပေမယ့် အာကွီနို (၃) သမ္မတ ဖြစ်လာချိန်မှာတော့ Spratly Islands ကျွန်းပိုင်ဆိုင်မှုကိစ္စ နိုင်ငံတကာ အငြင်းပွားမှု ခုံရုံးကို တင်ပြပြီး တရုတ်ကို ဆန့်ကျင်ခဲ့တော့ တရားရုံးက ဖိလစ်ပိုင် အပိုင်ကျွန်းအဖြစ် ဆုံးဖြတ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒူတာတေး သမ္မတအဖြစ် တက် လာချိန်ရောက်တော့ တရုတ်ရဲ့ စစ်အင်အားနဲ့ ကျွန်းနား ခြိမ်းခြောက်မှုတွေကို တန်ပြန်ဆန့်ကျင်ဖို့ ငြင်းပယ်ပြီး ခေါင်းငုံခံနေခဲ့ပြန်တယ်။ ဒီတော့ တရုတ်နဲ့ ဗီယက်နမ်ကြား သမိုင်းချီတဲ့ ခါးသီးအမုန်းတွေ ရှိခဲ့ပေမယ့် ဒီအချိန် ဗီယက်နမ် ငြိမ်နေခြင်းဟာ တရုတ်အတွက်တော့ ပိုကောင်းတဲ့ ကိစ္စ ဖြစ်လာစေတယ်။
ဟနွိုင်းက ရှေးရိုးစွဲဆိုရှယ်လစ်စည်းလုံးညီညွတ်မှုပုံစံကို နှစ်သက်ပြီး တရုတ်နဲ့ သင့်မြတ်တဲ့ အယူဝါဒကို စွဲ ကိုင် ထားတုန်း ဗီယက်နမ်လူကြီးတွေ ရှိနေဆဲပါ။ ဒါပေမဲ့ ထိပ်တန်း ဗီယက်နမ်အမျိုးသားရေးပုဂ္ဂိုလ်တွေကတော့ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူတို့နိုင်ငံ အမျိုးသားအကျိုးစီးပွားတစ်ခုတည်းအတွက်ပဲ အဓိက ထားတာကို သိရှိလာကြပါပြီ။ အယူဝါဒပိုင်းဆိုင်ရာကိုလည်း အဓိက မထားတော့ပါဘူး။ ဒါကြောင့် ဗီယက်နမ်လည်း ပိုင်ဆိုင် လိုရင်းစွဲရှိတဲ့ Paracels နဲ့ Spratly islands ကျွန်းတွေကို ယူမယ့်ယူ တရုတ်ကပဲ ယူမှာကို သိလာပြီး ဗီယက်နမ် ကိုတော့ ပင်လယ်ရေကြောင်းဆိုင်ရာ မိတ်ဖက်လက်တွဲ အလုပ်လုပ်ရမယ့်အဖွဲ့ဆိုပြီး ပျားရည်နဲ့ ဝမ်းချတဲ့ သဘောကို နားလည်လာကြပြီဖြစ်ပါတယ်။
ဒီပင်လယ်ပြင် ငါးဖမ်းစားကျက်မှာ တရုတ်ကာပြီး သူတို့တားမြစ်နယ်တွေထဲလာတဲ့ ငါးဖမ်းသင်္ဘောတွေကို ခပ် ကြမ်းကြမ်းကိုင်တွယ်ရန်ပြုလာတယ်။ ဒါကြောင့် ရှေးကတည်းက တံငါသည်လုပ်လာတဲ့ ဗီယက်နမ်ငါးဖမ်း လုပ်သားတွေလည်း ဒီကျွန်းတွေနားမှာ ငါးဖမ်းလုပ်ငန်းတွေကို ရပ်တန့်စွန့်လွှတ်လိုက်ရပြီး ပိုဝေးတဲ့ တောင် ဘက် ပင်လယ်ပြင်ထွက် ငါးဖမ်းနေကြရပါပြီ။ တစ်ပြိုင်တည်း တရုတ်ဟာ ဒီငါးဖမ်းဇုန်တွေမှာ ဒေသတွင်းတရားမဝင်၊ အစီရင်ခံမထားတဲ့ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းလုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်လာတယ်။ တရုတ်ရဲ့ ပိုမိုနှောင့်ယှက်ရမ်းကားလာမှုကြောင့် ဗီယက်နမ်ဟာ ကမ်းလွန် ရေနံလုပ်ကွက်၊ သဘာ၀ဓာတ်ငွေ လုပ်ကွက်တွေကိုလည်း ဖျက်သိမ်းရတဲ့ အခြေအနေတွေ ရောက်လာတယ်။ ဘယ်လောက်တောာင်ဆိုးသလဲ ဆိုရင် ဒီကမ်းလွန်လုပ်ကွက်တွေကို ပြည်ပကုမ္ပဏီတွေဆီ ပေးခဲ့ပြီး အလုပ်မလုပ်နိုင်တော့ ပြန်ပေးရတဲ့ လျော်ကြေးက ဒေါ်လာ ၁ ဘီလီယံ အထိ ရှိခဲ့တယ်။
ဗီယက်နမ်ဟာာ တရုတ်ရဲ့ ပင်လယ်ရေကြောင်း အနိုင်ကျင့်ဗိုလ်ကျမှုကို ပုံမှန်ကြီး ခံနေရသလို မကြာသေးခင် မိုးခေါင်ရေရှား ရာသီဥတုနဲ့ ကြုံခဲ့ရသေးချိန် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းမှာ မဲခေါင်မြစ်၀ကျွန်းပေါ်ဒေသ စပါးစိုက်တောင်သူတွေ ရေမရဘဲ စိုက်ပျိုးနှုန်း ကျဆင်းတဲ့ ဒုက္ခပါ ခံခဲ့ရပါတယ်။ မိုးခေါင်ရေရှား ရာသီဥတု ကြုံချိန် တရုတ်က ဗီယက်နမ်နဲ့ အောက်ပိုင်းဒေသကို စီးဆင်းမယ့် ရေရင်းမြစ်တွေကို ဆည်တွေဆောက်ပြီး မြစ်ညှာပိုင်းမှာ ပိတ်ဆို့သိုလှောင်ထားတယ်။ ရာသီဥတုဖောက်ပြန်တာထက် ဒီလို ရေရင်းမြစ်တွေကို အထက် ပိုင်းကနေ ပိတ်ဆို့ထားခြင်းဟာ မဲခေါင်မြစ်၀ကျွန်းပေါ်ဒေသ လယ်သမားတွေကို ပုံမှန်သီးထပ်စိုက်ပျိုးမှုတွေ လုပ်နိုင်ဖို့ အခက်တွေ့စေပြန်ပါတယ်။ ဒါကြောင့်ပဲ ဗီယက်နမ်ပြည်သူတွေ အတိဒုက္ခရောက်ကုန်ပြီး စိုက်ပျိုး ရေးလည်းမဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားပါးကုန်တော့ အိမ်နီးချင်း ကမ္ဘောဒီးယားကမ်းခြေ မြို့ Sihanoukville မှာ တရုတ်တွေ ထူထောင်ထားတဲ့ ကျားဖြန်ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေထဲ အများအပြား အလုပ်ဝင်လုပ်ကြရ တယ်။ လူမှောင်ခိုကူးခံရတာတွေလည်း မနည်းမနော။ ဒီထဲကမှ နှိပ်စက်ညှင်းပန်းခံရလို့ ဗီယက်နမ်-ကမ္ဘောဒီးယားနယ်စပ် ကျားဖြန်လုပ်ငန်းကနေ အသက်စွန့်ပြီး Binh Di မြစ်ထဲ ခုန်ချ ထွက်ပြေးလွတ်မြောက်လာသူတစ်ယောက် ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာ တွေ့ကြရပါ တယ်။
ဗီယက်နမ်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးပိုင်းက ရှုပ်ထွေးလှပါတယ်။ဘယ် နိုင်ငံတကာဆက်ဆံရေး သီအိုရီမျိုးနဲ့ မှ ရှင်းပြလို့မရနိုင်တဲ့ ဆက်ဆံရေးမျိုးလည်းဖြစ်တယ်။ စစ်အေးခေတ်နောက်ပိုင်း သူတို့နှစ်နိုင်ငံဆက်ဆံရေးဟာ အထက်မှာဖော်ပြခဲ့သလို ရှုပ်ထွေးပွေလီပြီး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်လိုက် အနိုင်ကျင့်ရက်စက်တဲ့ ဆက်ဆံရေးမျိုးဖြစ်လိုက်နဲ့သာ တည်ရှိနေပါတယ်။ စီးပွားရေးမှာ ကွဲလွဲခြင်းကနေ အပြန်အလှန်ချိတ်ဆက်မှု ရှိတာတွေလည်းရှိ၊ ဆက်ဆံရေးမှာ ရန်လိုမှုနဲ့ ချစ်ကြည်မှု နှစ်မျက်နှာစာလည်း ရှိနေတဲ့ ဆက်ဆံရေးသာဖြစ်ပါ တယ်။ ဒီလို လျှာနဲ့သွား ဆက်ဆံရေးမျိုးကိုလည်း နှစ်နိုင်ငံစလုံးက ပြောင်းလဲဖို့ စိတ်မဝင်စားကြပါဘူး။ ပေကျင်း အစိုးရက သူတို့ပတ်လမ်းအဝန်းအဝိုင်းနဲ့ ဝေးရာဆီ ဗီယက်နမ်ထွက်သွားမှာလည်း မလိုလားပါဘူး။ ဗီယက်နမ် နိုင်ငံပေါ်မှာ တခြားအင်အားကြီးနိုင်ငံ စစ်အခြေစိုက်စခန်းတွေ ရှိလို့ တရုတ်အတွင်း ကာကွယ်ရေးစံနှုန်း တွက်ချက်မှုပိုင်းမှာ နားလည်ရခက်တဲ့အနေအထားဆိုပေမယ့် မော်ဒန်ကမ္ဘာကြီးအရွေ့အရဆိုရင်တော့ တရုတ်ဟာ သူ့ဩဇာအာဏာအတွက် ထိပါးစေနိုင်တဲ့ အဆင့်မျိုးမရှိတာကိုတော့ ချိန်ခွင်လျှာတွက်ချက် အဖြေ ထုတ်ထားနိုင်ပါတယ်။
တရုတ်ရဲ့ စီးပွားရေးပါဝါနဲ့ နိုင်ငံရေးအဆုံးသတ်အသာစီးရမှုကနေ ဗီယက်နမ်ဟာ စီးပွားရေးပွင့်လင်းလာချိန်မှာ သူတို့ရဲ့ စီးပွားရေးပိုင်းဆိုင်ရာအားနည်းချက်၊ တရုတ်အပေါ် မှီခိုနေရခြင်းတွေကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရတာ ကြောင့်လည်း ကောင်းကောင်းခြယ်လှယ်ခံနေရတာမျိုးဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အယူဝါဒနဲ့ စီးပွားရေး အရ အမှီသဟဲပြုနေရခြင်းတွေရှိနေတဲ့ ဗီယက်နမ်အပေါ် တရုတ်ရဲ့ ပထဝီနိုင်ငံရေးရည်မှန်းချက် အပေါ် အဟန့် အတားမဖြစ်စေနိုင်တာကိုလည်း ကောင်းကောင်းသိနေကြပါပြီ။ တရုတ်ဟာ သူတို့နိုင်ငံ ကမ်းရိုးတန်းဒေသ မဟုတ်တဲ့ တခြားနိုင်ငံ ကမ်းရိုးတန်းဒေသတွေအပေါ် စိုးမိုးခြယ်လှယ်သိမ်းပိုက်လိုစိတ် အရမ်းပြင်းပြတည်ရှိနေ ချိန်ဖြစ်ပါတယ်။ ဗီယက်နမ် သမိုင်းကြောင်းမှာလည်း တရုတ်ရဲ့ ၁၄ ကြိမ် ကျူးကျော်ခံရမှုမှာ ၁၀ ကြိမ်က ပင်လယ်ရေကြောင်းကနေ ကျူးကျော်ခံရတာလို့ ပြဆိုထားတယ်။
နောက်ဆုံး ဗီယက်နမ်ရဲ့ ကာလရှည် ရည်မှန်းချက်ကြီးက ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရတဲ့ ပိုင်နက်နယ်မြေတွေကို ပြန်ရနိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ စောင့်ကြည့်လေ့လာသူအားလုံး တရုတ်နဲ့ ဗီယက်နမ်ရဲ့ ဆက်ဆံရေးပုံစံ ဆန်းပြား လွန်းနေမှုကို နားမလည်နိုင်ကြဘူး။ အတွေးအခေါ်ပိုင်းမှာ ကွန်မြူနစ်ဝါဒကို အတူအခြေခံကြတယ်။ အိမ်နီးချင်းတွေနဲ့ စီးပွားရေး နှောင်ထုံးတွေကလည်း ဖြတ်မရအောင်တည်ရှိနေတယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်သူ အဖြစ် ဝေးကွာသွားမယ့်အရေးကိုလည်း မလုပ်ဆောင်လိုကြဘူး။ ဒါကြောင့် ဖြေရှင်းလို့ မရနိုင်တဲ့ ပုစ္ဆာအဖြစ် သာ ရှုပ်ထွေးနေပါတယ်။ ပင်လယ်ရေကြောင်း ပိုင်နက်တွေမှာ သေးသေးကနေ ကြီးကြီး နယ်မြေလုယူခံနေရ တာကိုလည်း ဗီယက်နမ်ဘက်က အသံမထွက်ရဲဘူး။ တက်ဖက်မှာလည်း တရုတ်-ဗီယက်နမ်ဆက်ဆံရေးဟာ ဖော်ရွေလွယ် နွေးထွေးဟန်ပြ မရိုးသားတဲ့ ဆက်ဆံရေးတွေနဲ့ သွားနေတယ်။ ဒါကြောင့် ဗီယက်နမ်ခေါင်းဆောင် သစ်ဖြစ်လာတဲ့ Tô Lâm တစ်ယောက် မကြာခင်မှာပဲ သူပွေ့ဖက်ထားတဲ့ ချစ်စရာ ပန်ဒါရေခြုံထားတဲ့အကောင် ဟာ ကောက်ကျစ်တဲ့ ဝံပုလွေတစ်ကောင်ဖြစ်နေတာကို သိရှိနိုးထ လာနိုင်ဖို့ မျှော်လင့်ရကြောင်းပါ။ ။








