ဘမောင်
ရှမ်း-ကရင်နီနယ်စပ်က ထောင်ချောက်များ (၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း)
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ပတ်ခန့်အကြာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ရက်မှာ ကရင်နီပြည်နယ်မှာလည်း ၁၁၀၇ စစ်ဆင်ရေးနဲ့ ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးတွေဟာ ၁၀၂၇ စစ်ဆင်ရေးကို ဂုဏ်ပြုပြီး ပြုလုပ်ကြတာလို့လည်း ဆိုပါတယ်။ ၁၁၀၇ စစ်ဆင်ရေးမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘော်လခဲခရိုင်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်း ၃ခုကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ကျော် သေဆုံးကာ အထိနာခဲ့ပါတယ်။
၁၁၁၁ စစ်ဆင်ရေးမှာလည်း အောင်မြင်မှုအများအပြားရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်မှာ လွိုင်ကော်မြို့ရဲ့ ၈၅ရာခိုင်းနှုန်းအထိကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ရက်မှာတော့ ဟိုပုံးမြို့နယ်၊ စံဖူးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ – PNLA/PNLO နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီကနေတဆင့် တိုက်ပွဲဟာ ပြင်းထန်လာခဲ့ကာ ဇန်နဝါရီ ၂၄ရက်မှာတော့ ဆီဆိုင်မြို့ကို PNLA/PNLO က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်တာနဲ့အမျှ ပအိုဝ်းဘာသာနဲ့ သတင်းတု၊ သတင်းမှားတွေ ပိုများလာ
ရှမ်းပြည်မြောက်ပိုင်းမှာသာမက ရှမ်း-ကရင်နီနယ်စပ်မှာပါ အထိနာလာတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ် – PNO ကို အသုံးချပြီး သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်မှာ PNLA နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပေ့ချ်အတုတစ်ခုကနေ ဆီဆိုင်မြို့နယ်ထဲက ပအိုဝ်းကျေးရွာတွေဖြစ်တဲ့ တဘက်ကျေးရွာ၊ ကုန်ဆွတ်ကျေးရွာနဲ့ ပင်စုံကျေးရွာအတွင်းရှိ လူမနေတော့တဲ့ အိမ်တွေကို ကရင်နီစစ်ဘေးရှောင်တွေထံ ပေးအပ်လိုက်တယ်ဆိုတဲ့ ကြေညာချက်အတု ထုတ်ပြန်ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ ပအိုဝ်းဘာသာနဲ့ Facebook Page အတု၊ အကောင့်အတုတွေနဲ့ PNLA/PNLO နဲ့ ပအိုဝ်းပြည်သူတွေကြား၊ ပအိုဝ်းပြည်သူတွေနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကြား လူမျိုးရေး ဘာသာရေးအမုန်းတရားတွေ ဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခွန်ဆန်းအောင်၊ ခွန်ဆူမို၊ PA-O PAY, နန်းဥမ္မာ စတဲ့နာမည်တွေနဲ့ အကောင့်တုတွေကနေ ပအိုဝ်းဘာသာနဲ့ သတင်းတု၊ သတင်းမှားတွေအများဆုံးတင်ခဲ့ပြီး တချို့အကောင့်တွေဟာ ပအိုဝ်းလူမျိုးဆယ်လီတွေရဲ့ အကောင့်နဲ့ နာမည်တူ တုပဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ပြီး PNLO/PNLA အမည်သုံးထားတဲ့ ထုတ်ပြန်ချက်အတုတွေ ထုတ်ပြန်နေတာဖြစ်တယ်လို့ PNLA က အဲဒီတုန်းက ပြောပါတယ်။
“အဲဒီစာတွေက အတုတွေပါ၊ မသမာသူရန်သူတွေက စာအတုတွေလုပ်ပြီး သွေးခွဲတဲ့စာတွေပါ၊ မျိုးနွယ်စုချင်းတူတဲ့ ကျနော်တို့နဲ့ကရင်နီတွေကို သွေးခွဲပေးတာလို့ပဲ မြင်တယ်။၊ ကျနော်တို့ရဲ့ သတင်းမှန်တွေကို ကျနော်တို့ရဲ့ တရား၀င်ပေ့ချ်တွေမှာ တင်ထားပါတယ်။ ထုတ်ပြန်ချက်က အဲဒီကနေပဲ ထုတ်ပြန်ပါတယ်။ အဲဒီလိုတွေလုပ်တဲ့သူတွေက ကျနော်တို့က ပအိုဝ်းဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးလှုပ်ရှားတဲ့အခါမှာ ပအိုဝ်းဒေသကို မတည်မငြိမ်ဖြစ်စေချင်သူတွေ၊ ပအိုဝ်းဒေသကို ဖျက်ဆီးချင်သူတွေက ပေ့ချ်အတုတွေ၊ ထုတ်ပြန်ချက်အတုတွေ လုပ်ပြီး လုပ်ကြံတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြောလာပါတယ်။
PNLA အနေနဲ့ ထုတ်ပြန်ချက်တွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ PNLA News & Information Department ကနေသာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း PNLA ပြောခွင့်ရသူက အသိပေးထားပါတယ်။
ဧပြီလ ၅ရက်နေ့မှာတော့ Pa-Oh-ပအိုဝ်းဆိုတဲ့ Facebook Page ကနေ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ – PNLO/PNLA ကို လူမှုအဖွဲ့အစည်း ၁၉၄ဖွဲ့က ကန့်ကွက်ဆိုတဲ့ ထုတ်ပြန်ချက်အတုတစ်စောင်ကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အတုမှာ ပအိုဝ်းလူငယ်အစည်းအရုံး – PYO အပါအဝင် နိုင်ငံတဝှမ်းရှိ လူမှုအဖွဲ့အစည်းတွေရဲ့ အမည်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ပါတဲ့အဖွဲ့အစည်းတွေဟာ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သိရှိခြင်းမရှိသလို သဘောလည်းမတူဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒီလိုသတင်းတုတွေ ဖြန့်ဝေတာဟာ တိုင်းရင်းသားအချင်းချင်းကြား၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကြား သွေးကွဲအောင်ပြုလုပ်တာလို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က သုံးသပ်ပါတယ်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကလည်း လှုံ့ဆော်
ပအိုဝ်းလူမျိုးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား၊ တိုင်းရင်းသားလူမျိုးချင်းကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေဖို့ ပအိုဝ်းဘာသာနဲ့ Facebook Page အတု၊ အကောင့်အတုတွေကနေသာ သတင်းတု၊ သတင်းမှား ဖြန့်ဝေတာမဟုတ်ဘဲ စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ်ချန်နယ်တွေကနေလည်း အမုန်းစကားနဲ့ သတင်းတု၊ သတင်းမှားတွေဖြန့်ဝေတာကို Burma Civil War Museum က ထုတ်တဲ့ “မြန်မာစစ်တပ်၏ဝါဒဖြန့်ချိမှုများ လေ့လာမှုစာစဉ်” တွေမှာ ဆက်တိုက်ဖော်ပြခဲ့ပါတယ်။
ဒီလိုဝါဒဖြန့်မှုတွေထဲမှာ ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေအပေါ်တိုက်ခိုက်တယ်ဆိုပြီး လှုံ့ဆော်တာ၊ ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေပတ်သက်ပြီး လူမျိုးရေးပဋိပက္ခအဖြစ် ရှု့မြင်အောင် လှုံ့ဆော်တာတွေ တွေ့ရတယ်လို့ လေ့လာမှုစာစဉ်မှာ ဖော်ပြထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်အနည်းငယ်အကြာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စလို့ ဒီလိုလှုံ့ဆော်မှုတွေ စတင်ခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တဲ့ MNDAA, TNLA နဲ့ AA အဖွဲ့တွေအပြင် KIA နဲ့ ၁၁၁၁ စစ်ဆင်ရေးပြုလုပ်တဲ့ KNDF ဦးဆောင်တဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပတ်သတ်လို့ပါ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် PDF တပ်ရင်းတွေဖြစ်တဲ့ ၁၀၀၅ တပ်ရင်း၊ ၁၀၀၈ တပ်ရင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – SSLRU တို့ကိုလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်ဝါဒဖြန့်ထားတာကို တွေ့ရကြောင်း “မြန်မာစစ်တပ်၏ဝါဒဖြန့်ချိမှုများ လေ့လာမှုစာစဉ်” အမှတ် (၇) မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဘယ်လိုပဲ ဝါဒဖြန့်လှုံ့ဆော်မှုတွေ၊ အမုန်းတရားဖြန့်ဝေမှုတွေလုပ်နေပါစေ မြေပြင်မှာ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေအများစုကတော့ စစ်ကောင်စီရဲ့ လက်ချက်ကြောင့်ပဲဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲမှုတွေကြောင့် တိုက်ပွဲဖြစ်ရာနေရာတွေမှာ ဘာသာရေးအဆောက်အအုံအများအပြား ပျက်စီးသွားတာကို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေမှာ အထင်အရှားတွေ့ရပါတယ်။ ဆီဆိုင်တိုက်ပွဲနဲ့ပတ်သက်လို့ ပအိုဝ်းလူငယ်အစည်းအရုံး – PYO က ဇူလိုင်လ ၆ရက်နေ့အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆောက်အဦ ၁၀၈၈ လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး အဲဒီထဲက အလုံး ၃၀ ဟာ ဘာသာရေးအဆောက်အဦတွေဖြစ်တယ်လို့ ဖော်ပြနေပါတယ်။








