ဘမောင်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နဲ့ စစ်ကောင်စီ
မြန်မာစစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မရှုမလှရှုံးနိမ့်ပြီးနောက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းတိုက်ပြီး အာရုံလွှဲဖို့ ကြိုးစားလာပါတော့တယ်။ ဒီလိုလုပ်ဆောင်လာတဲ့ အချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLAဟာ စစ်ကောင်စီရဲ့ အဓိက ပစ်မှတ်တွေထဲက တစ်ခုဖြစ်လာပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသားလူမျိုးစုတွေကြား နယ်မြေအငြင်းပွားမှုတွေရှိတဲ့ ဒေသဖြစ်ပါတယ်။ တအာင်းနဲ့ ကချင်ကြား၊ တအာင်းနဲ့ ရှမ်းကြား၊ ရှမ်းတပ်ဖွဲ့တွေအချင်းချင်းကြား နယ်မြေအငြင်းပွားမှုတွေ မကြာခဏ ဖြစ်လေ့ရှိတာပါ။ ဒီလိုအခြေတည်ထားတဲ့ ဖြစ်ရပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ မြို့နယ်တော်တော်များများကို သိမ်းဆည်းရယူထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့အပေါ် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခမှိုင်းတိုက်ဖို့ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။
Burma Civil War Museum က ထုတ်ဝေတဲ့ “မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိမှုများ လေ့လာမှုစာစဉ်” တွေမှာ မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ဗုဒ္ဓဘာသာကို ဦးတည်တိုက်ခိုက်နေသူတွေအဖြစ် ပုံဖော်တာ၊ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ဝါဒဖြန့်တာတွေကို လုပ်ဆောင်နေတဲ့ အကြောင်း အစဉ်အမြဲထောက်ပြခဲ့ပါတယ်။ ဒီလိုဝါဒဖြန့်မှုတွေကို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂လကျော်အကြာ၊ စစ်ကောင်စီစခန်းတွေသာမက မြို့တွေ တစ်မြို့ပြီး တစ်မြို့သိမ်းဆည်းခံလာရတဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်စတင်လာတယ်လို့ Burma Civil War Museum ကထောက်ပြထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ Facebook ပေါ်မှာ နေရာမရတော့တဲ့နောက်ပိုင်း Telegram ပေါ်မှာ အင်နဲ့အားနဲ့ ဝါဒဖြန့်လာပြီး ဇန်နဝါရီလ ၂၁ရက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့အဝင်က စေတီတစ်ဆူကို ဖြိုချတယ်ဆို့တဲ သတင်းကို စစ်ကောင်စီလော်ဘီ Telegram မှာ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ယန္တရားတွေအနေနဲ့ TNLA နဲ့ ပတ်သက်ရင် ဘာသာရေးနဲ့ပတ်သက်ပြီး ရည်ရွယ်ဝါဒဖြန့်တာထက် လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ဝါဒဖြန့်တာက ပိုများတယ်လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
TNLA ဟာ အများစုဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်တာကြောင့် မြန်မာစစ်တပ်လော်ဘီတွေအနေနဲ့ ဘာသာရေးနဲ့ ဝါဒဖြန့်ဖို့ အခွင့်မသာဘဲ လူမျိုးရေးနဲ့ ဝါဒဖြန့်ဖို့ ကြိုးစားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာဆိုရင် စစ်ကောင်စီလော်ဘီ Telegram Channel တွေဟာ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ ရှမ်းလူမျိုးတွေကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် သတင်းတု၊ သတင်းမှား၊ အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့တယ်လို့ Burma Civil War Museum က သူတို့ရဲ့ လေ့လာမှုစာစဉ် အမှတ် (၇)မှာ ဖော်ပြထားပါတယ်။
လူမျိုးချင်းသာမက တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ SSPP/SSA နဲ့ ညီနောင် မဟာမိတ် ၃ဖွဲ့အကြားကိုပါ ပဋိပက္ခဖြစ်စေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ Burma Civil War Museum က သုံးသပ်ထားပါတယ်။
၁၂၀၇ စစ်ဆင်ရေး အောင်မြင်မှုရလာနဲ့အမျှ မြန်မာစစ်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ဝါဒဖြန့်တာတွေ လုပ်ဆောင်လာပြီး ရှမ်းလူမျိုးနဲ့ တအာင်းလူမျိုးကြား၊ ရှမ်းလူမျိုးနဲ့ ကိုးကန့်လူမျိုးကြား၊ ဗမာလူမျိုးနဲ့ တအာင်းလူမျိုးကြား၊ ဗမာလူမျိုးနဲ့ ကိုးကန့်လူမျိုးကြား၊ တအာင်းလူမျိုးနဲ့ ကချင်လူမျိုးကြား၊ ကချင်လူမျိုးနဲ့ ရှမ်းနီလူမျိုးကြား၊ ကချင်လူမျိုးနဲ့ ရှမ်းလူမျိုးကြား အမုန်းစကား၊ သတင်းတု၊ သတင်းမှားဖြန့်ဝေမှုတွေကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ လက်ရှိအချိန်အထိ အရှိန်မြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
Burma Civil War Museum က ထုတ်ပြန်တဲ့ “မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိမှုများ လေ့လာမှုစာစဉ်” အမှတ် (၆)ကနေ (၁၀) အထိ လေ့လာမှုတွေမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ဝါဒဖြန့်တာတွေကို ထောက်ပြထားပြီး အဲဒီဝါဒဖြန့်မှုအားလုံးဟာ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် – AA, တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA, နဲ့ ကိုးကန့်တပ်ဖွဲ့ – MNDAA တို့ကို ဦးတည်ထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ဝါဒဖြန့်တာတွေကို သူတို့ရဲ့ ဝါဒဖြန့်ယန္တရားတွေကနေ တဆင့်သာမကဘဲ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်မိန့်ခွန်းတွေမှာပါ ထည့်ပြောလာတာကို အမုန်းစကား၊ သတင်းတု၊ သတင်းမှားတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ The Red Flag က ထုတ်ဝေတဲ့ “ဝင်္ကန္တမုသား” စာတမ်းမှာ ထောက်ပြထားပါတယ်။
“ဝင်္ကန္တမုသား” စာတမ်းမှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ရက်က စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ မိန့်ခွန်းမှာ “ဗမာ ဗမာချင်းသတ်တာကို” ဆိုတဲ့စကားကို ထပ်ခါထပ်ခါပြောသွားတဲ့ အချက်ဟာ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးကို လမ်းကြောင်းပြောင်းကာ လူမျိုးရေးတိုက်ပွဲအသွင်မြင်ယောင်လာစေရန် လူထုကို လမ်းလွှဲခြင်းဖြစ်ကြောင်း စာတမ်းပြုစုသူက သုံးသပ်ထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ဩဂုတ်လ ၇ရက် ရန်ကုန်နဲ့ နေပြည်တော်မှာ ကိုးကန့်တပ်ဖွဲ့နဲ့ တရုတ်နိုင်ငံကို အမျိုးသားရေးအစွန်ရောက်နဲ့ စစ်လော်ဘီတွေ ဆန္ဒပြတဲ့ ဆန္ဒပြပွဲမတိုင်ခင် ဩဂုတ်လ ၆ရက်မှာ စစ်ကောင်စီပိုင်မီဒီယာတွေကနေ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဝါဒဖြန့်တဲ့ အချက်တွေပါဝင်တဲ့ မိန့်ခွန်းကို ထွက်ပြောခဲ့ပါတယ်။ သူပြောတဲ့ မိန့်ခွန်းထဲမှာ လူမျိုးရေးဝါဒမှိုင်းတိုက်တဲ့အချက်တွေကို ရာခိုင်နှုန်းတွေနဲ့ ခွဲပြောသွားတာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွည်ဝါဒဖြန့်ရာမှာ ဗမာဘာသာစကား တစ်ခုတည်းကိုသာ အသုံးပြုတာမဟုတ်ဘဲ ရှမ်းဘာသာစကားလိုမျိုး တိုင်းရင်းသားဘာသာစကားကိုလည်း အသုံးပြုတယ်လို့ ရှမ်းပြည်လွှတ်တော်အမတ်ဟောင်းတစ်ဦးက သူရဲ့ တွေ့ရှိချက်ကို ပြောပါတယ်။
Facebook ပေါ်က သက်ဆိုင်ရာမြို့နယ်တွေနဲ့ ပတ်သက်တဲ့ Group တွေမှာ ရှမ်းဘာသာစကားနဲ့ TNLA, MNDAA တို့နဲ့ ရှမ်းလူမျိုး၊ ရှမ်းတော်လှန်ရေးတပ်ဖွဲ့တွေကြား အမုန်းတရားကြီးထွားစေမယ့် အကြောင်းအရာတွေ ဖြန့်ဝေသလို တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း ထိတွေ့မှုတွေကို ပုံကြီးချဲ့ပြီး အမုန်းစကား၊ သတင်းတု၊ သတင်းမှာ ဖြန့်ဝေတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုတွေလုပ်ဆောင်တဲ့ အဓိကဆိုရှယ်မီဒီယာဟာ Facebook တော့မဟုတ်တော့ပါဘူး။ စစ်ကောင်စီဟာ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေအတွက် Telegram နဲ့ Tik Tok ကို အဓိက အသုံးပြုနေပြီး Tik Tok ဟာ တော်လှန်ရေးအင်အားစုတွေ၊ သုတေသီတွေ အထူးဂရုစိုက်သင့်တဲ့ နေရာလည်းဖြစ်တယ်လို့ Burma Civil War Museum ရဲ့ သုတေသီ ကိုရဲဟိန်းအောင်က သတိပေးပါတယ်။
အင်တာနက်ပေါ်က ဝါဒဖြန့်ချိမှု၊ ပဋိပက္ခလှုံ့ဆော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Myanmar Internet Project ကလည်း စစ်ကောင်စီရဲ့ အမုန်းစကားတွေဖြန့်ဝေရာ၊ ပဋိပက္ခလှုံ့ဆော်မှုတွေ ပြုလုပ်တဲ့ ဇာတ်ကောင်တွေအားလုံးဟာ Telegram Channel တွေပေါ်မှာရှိနေတယ်လို့ သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေမှာ ဖော်ပြထားပါတယ်။ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေအားလုံးဟာ Telegram ဆိုရှယ်မီဒီယာပေါ်မှာ ရှိနေတာပဲဖြစ်ပါတယ်။








