လင်းမောင်
တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ စီးပွားရေးကပ်ဆိုက်လုနီးပါ လှုပ်လှုပ်ရွရွအခြေအနေတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ ကြိုးစားနေမှုဟာလည်း မရေမရာအဆင့်မှာပဲ ရှိနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ တရုတ်ပြည်သူ့ ဘဏ် (PBOC) ဟာ ယိုယွင်းနေတဲ့ စီးပွားရေးကို ပြန်လည် ထူထောင်သက်သွင်းနိုင်ရေး အသည်းအသန်ကြိုးစားမှုအဖြစ် အတိုးနှုန်းတွေကို လျှော့ချပေးခြင်း ပြုလုပ်လာတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ဟာ တကယ်ထိခိုက်ပျက်စီးနေ ရသူတွေရဲ့ နာကျင်မှုကို ဆေးပလာစတာ ကပ်ပေးပြီး ဟန်ပြကုစားပေးတာမျိုးထက် နည်းနည်းလေးသာတဲ့ အဆင့်မျိုးပဲရှိပါတယ်။ CCP ရဲ့ အတွေးတိမ်တဲ့ မူဝါဒတွေနဲ့ စီးပွားရေး စီမံခန့်ခွဲမှုအမှားတွေကြောင့် တရုတ်နိုင်ငံ စီးပွားရေးအခြေအနေက ဒီစိုးရိမ်ရေအဆင့်ကို ရောက်လာစေတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ ပါတီရဲ့အရည်အချင်းမရှိမှုနဲ့ အာဏာရှင် စနစ်ရှိ အခြေခံ ချို့ယွင်းချက်တွေကို မီးမောင်းထိုးခံရခြင်းက ကာကွယ်ဖို့ သက်သက်လောက်ပဲ ဖြစ်တယ်။
CCP ပါတီရဲ့ ကြီးမားတဲ့ ရည်မှန်းချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းရှိစေဖို့လို့ဆိုတယ်။ တကယ် တမ်း နောက်ဆုံး ၃ လပတ် စာရင်းအရ စီးပွားရေးတိုးတက်မှုနှုန်းက ၄ .၇ ရာခိုင်နှုန်းပဲ ရှိတာကိုကြည့်ရင် လက်တွေ့မဆန်တဲ့ ရည်မှန်းချက် အလိမ်ပြထားမှု၊ စီးပွားရေးအဖြစ်မှန်နဲ့ လိုက်လျှောညီထွေမရှိတဲ့ ရည်မှန်းချက် တွေကို လွဲချော်စွာ ရည်မှန်းခြင်းနောက်မှာ တကယ့်စွမ်းဆောင်နိုင်မှုမရှိတာကိုလည်း အတိုင်းသား မြင်ရတာမျိုး ဖြစ်နေတယ်။
လက်ရှိ တရုတ်နိုင်ငံစီးပွားရေးဟာ ငွေကြေးဖောင်းပွမှုဖြစ်နေတဲ့ ရှုထောင့်ကို မြင်ရတယ်။စက်ရုံ၊ အလုပ်ရုံတွေရဲ့ ကန်ထရိုက်စာချုပ်စနစ်ကလည်း ကျဆင်းနေသလို စားသုံးသူ စျေးကွက် သုံးစွဲနိုင်ခြင်းကလည်း ကျဆင်းနေ တယ်။ ဒါကို CCP ပါတီက စီးပွားရေးပြန်မြင့်တက်လာဖို့ စားသုံးသူပြည်သူတွေ ပိုမို သုံးစွဲဖို့ နားပိတ်နေသူတွေကို တိုက်တွန်းနှိုးဆော်သလို လုပ်နေတယ်။ ဒါပေမဲ့ အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု၊ ထိန်းကျောင်းနိုင်မှုက ယုံကြည် စရာဘာမှ မတွေ့ရတော့ ပြည်သူတွေဟာ သုံးဖို့ထက် ပိုပြီး ခြိုးခြံချွေတာရေးလုပ်ဖို့ပဲ ဆုံးဖြတ်ကုန်ကြတယ်။
အိမ်ခြံမြေစျေးကွက်နဲ့ပတ်သက်တဲ့ CCP ရဲ့ မူဝါဒချမှတ်ခဲ့မှုတွေဟာ အဆိုးဆုံးမှာ ကျရှုံးကြရတာကို အဓိက သက်သေအဖြစ် မြင်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း ပါတီရဲ့ စီးပွားရေးတိုးတက်လိုမှုကြောင့် မဆင်မခြင် စီစဉ်ခဲ့တဲ့ အလွန်အကျူး အိမ်ယာသစ်တွေ တည်ဆောက်လိုက်ခြင်းမှာ စျေးကွက်ဝယ်လိုအားက လုံး၀မရှိတဲ့ အနေအထားရောက်ပြီး အလုံးစုံပြိုလဲမှုအသွင်ဆောင်သွားခဲ့တယ်။ အိမ်ယာတွေ ရောင်းအားကျဆင်းလာတယ်။ စျေးနှုန်းကလည်း ဇောက်ထိုးထိုးကျသွားမှုကနေ ဒီကနေ ဝယ်ယူနေထိုင်သူမရှိဘဲ လစ်လပ်နေတဲ့ တိုက်ခန်းပေါင်း သန်းပေါင်းများစွာရှိနေခြင်းက နိုင်ငံစီးပွားရေးကို အဆိုးဆုံး ထိုးနှက်သွားစေတယ်။ နောက်ဆက်တွဲ မတည်ငြိမ်မှု တွေကနေ ဘဏ်လုပ်ငန်းအစိတ်အပိုင်းကြီးတစ်ခုလုံးလည်း ကြီးစွာသော ခြိမ်းခြောက်ခံရမှုအောက် ရောက်သွား တယ်။ ပိုမိုသေးငယ်တဲ့ ဘဏ်တွေဆိုရင် ဒေဝါလီခံရတဲ့ အနေအထားကို အများအပြားရောက်သွားတယ်။
ဒီလောက် စိန်ခေါ်မှုတွေ တောင်လိုပုံသွားရတဲ့ အနေအထားမှာလည်း CCP က နားနှစ်ဖက်ပိတ်အနေအထားနဲ့ တုံ့ ပြန်နေတုန်းပဲ။ မကြာသေးခင်က လုပ်သွားတဲ့ Third Plenum ဆိုတဲ့ တတိယအကြိမ် ပါတီအစည်းအဝေးပွဲကြီး မှာလည်း ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အနည်းငယ်သက်သာရာရစေမယ့် အရေးပေါ် ဖြေရှင်းနည်းတွေ အကြောင်းမပြောဘဲ တော်တော်တပ်ပျက်ရတဲ့အခြေအနေရောက်သွားစေခဲ့ရတဲ့ ကာလရှည် ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ အကြောင်းတွေပဲ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ပါတီရဲ့ ကြွေးကြော်သံနဲ့ စီးပွားရေး သရုပ်မှန်ကြား ချိတ်ဆက်မှု လုံး၀ပြတ်နေခြင်းကနေ လူထုယုံကြည်မှု ပျက်ပြားသွားပေမယ့် သူတို့ဟာ အာဏာ ဆက်ထိန်းရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေပြီး တရုတ်ပြည်သူတွေ ကောင်းကျိုးချမ်းသာအပေါ် မကြည်တဲ့ အာဏာရှင်တွေဖြစ်ကြောင်း သက်သေပေါ်လွင်စေခဲ့ပါတယ်။
ပြည်သူတွေကို စိတ်ပျက်အားငယ်ခြင်းတွေပဲ ကြီး စိုးသထက် ကြီးစိုးလာစေတဲ့ လက္ခဏာတွေ မြင်ရတယ်။ များများချေးငှားပြီး များများသုံးစွဲလာရေးအတွက် တရုတ် ပြည်သူ့ ဘဏ်က အတိုးနှုန်းတွေကို အများကြီး သက်သာအောင် လျှော့ပေးတယ်။ ဒီလောက်အတွေး အခေါ်နဲ့ လုပ်ရပ်က ပျက်စီးခြင်း ၅ ပါး ကပ်ဆိုက်လုနီးနေတဲ့ နိုင်ငံ စီးပွားရေး ပြန်ဦးမော့လာဖို့ ဖြေရှင်းချက် လုံး၀ မဟုတ်နိုင်ပါဘူး။ CCP ပါတီက စီးပွားရေး ရည်မှန်းချက်အမှားတွေချမှတ်ပြီး နှစ်ရှည်လများ အတိုးနှုန်း မြင့် မားစွာနဲ့ ငွေတွေထုတ်ချေးတယ်။ ဒါကြောင့်ပဲ ကြွေးနွံနစ်နေတဲ့ လူတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် အခုမှ မဆို စလောက် ဘဏ်ချေးငွေအတိုးနှုန်းလျှော့ပေးပြီး ထပ်ချေးငှား ဖြေရှင်းကြပါလို့ စီမံခြင်းက ဘာမှ ဖြေရှင်းနိုင်စရာ နည်းလမ်းမဟုတ်ပါဘူး။ အိမ်ယာစျေးနှုန်းတွေက ရေရှည် မတည်တံ့နိုင်တဲ့ စျေးတွေဖြစ်နေချိန် အသေးအမွှား သော အိမ်ခြံမြေ အတိုးနဲ့ အရစ်ကျ နှစ်ရှည်ဝယ်ယူမှုမှာ အတိုးနှုန်း လျှော့ပေးလိုက်ခြင်းက လူတွေ လွတ်နေတဲ့ အိမ်ခန်းတွေကို အလုံးအရင်း ဝယ်ယူလာကြစေတာမျိုးလည်း ဖြစ်တည်လာဖို့ မရှိပါဘူး။
CCP ရဲ့ စီမံခန့်ခွဲမှုအမှားတွေဟာ တရုတ်ပြည်တွင်း စီးပွားရေးအပေါ်တစ်ခုတည်းသာ ရိုက်ခတ်စေတာမဟုတ်ဘဲ တရုတ်ရဲ့ ကမ္ဘာ့စီးပွားရေးနယ်ပယ်ကြီးတစ်ခုလုံးမှာ ရပ်တည်နေနိုင်မှုကိုပါ များစွာ ဆိုးကျိုးသက်ရောက်စေပါပြီ။ ယွမ်ငွေစျေးက တန်ဖိုးလျှော့ပြီး ဖောင်းပွလာတယ်။ ဒါကိုတောင် CCP က သူတို့ တရုတ်ယွမ်ငွေကို ဒေါ်လာလို ကမ္ဘာသုံး ငွေဖြစ်လာဖို့ အသံကုန်ဟစ်ကြွေးနေပါသေးတယ်။ အနာဂတ်စီးပွားရေးအတွက် ဘာပွင့်လင်းမြင်သာမှု မှမရှိတဲ့ စီမံမှုအလွဲအမှားတွေ အများကြီးလုပ်ထားလည်း ယွမ်ကို ကမ္ဘာသုံးငွေကြေးဖြစ်စေဖို့ အိပ်မက်မက်နေ ခြင်းကနေ မနိုးထနိုင်ကြသေးပါဘူး။ သူတို့မဟိုဘဏ်တောင် မတည်ငြိမ်တဲ့ စီးပွားရေးစနစ် ကျောထောက်နောက် ခံရှိနေလို့ အားနည်းနေတဲ့ ယွမ်းငွေကို ကမ္ဘာသုံးငွေဖြစ်ရေးမှာ အယုံအကြည်မရှိနိုင်တော့ဘဲ ရှောင်ဖယ်နေတာ မျိုးဖြစ်လာတယ်။
တိုက်ရိုက်နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှုနှုန်းဟာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းတော်တော်ကြာကတည်းက ကျဆင်းပြီးရင်း ကျဆင်နေခဲ့တာပါ။ ဒါဟာ CCP ရဲ့ မူဝါဒတွေအားနည်းချက်အပေါ် ထင်သာမြင်သာစေတဲ့ အချက် ပဲ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုရပ်သူတို့ရဲ့ မတည်ငွေတွေကို ပိုမို တည်ငြိမ်၊ ပွင့် လင်းမြင်သာရှိတဲ့ အမေရိကန်နိုင်ငံလို စျေးကွက်မှာပဲ သွားမြှုပ်နှံကြတော့တယ်။ မကြာသေးခင်က အတိုးနှုန်း လျှော့ပေးလိုက်ခြင်းဟာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဝင်လာရေးမှာ ထိရောက်မှု မရှိဘဲ အရဲကိုးလွန်းတဲ့ မူဝါဒ ကြောင့် စီးပွားရေး ပျက်ကပ်တွေ၊ ငွေကြေးဖောင်းပွမှုတွေ ပိုနက်နက်ရှိုင်းရှိုင်းဖြစ်လာစေဖို့ဆီကိုပဲ ဦးတည်နေ ပါတယ်။ CCP ရဲ့ ကြီးမားတဲ့ ဝင်ရောက်စွက်ဖက်မှု၊ မှန်းဆမရနိုင်တဲ့ စည်းမျဉ်းစည်းကမ်းပတ်ဝန်းကျင်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ဘာမှ ရေရာမှုကို မပေးနိုင်ခြင်းက အဓိက ပြဿနာဖြစ်လာပါတယ်။
ပါတီရဲ့ စီးပွားရေးစီမံခန့်ခွဲမှုမှာလည်း ဗဟိုချုပ်ကိုင်မှုစနစ်ကို သုံးတယ်။ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအားလုံး အပေါ်လည်း တင်းကျပ်ပြီး ပွင့်လင်းမြင်သာမရှိတဲ့ ထိန်းချုပ်မှု စနစ်နဲ့ သွားတယ်။ တည်ထွင်ဆန်းသစ်ထုတ်လုပ် နိုင်စွမ်း၊ မဖြစ်မနေလိုအပ်တဲ့ ရှုထောင့်ပေါင်းစုံကနေ အမြင်ကျယ်နိုင်မှုပိုင်လည်း မရှိ၊ မော်ဒန်စီးပွားရေးလောက ရဲ့ မရှိမဖြစ်တွေကို လျစ်လျှူရှု၊ သဘောထားတင်းမာမှုတွေ ဖြစ်စေတဲ့ ထိန်ချုပ်ခြင်းနဲ့ လစ်ဘရယ်လိုက်ဇေးရှင်း မူနှစ်ခုကြားမှာ တစ်ဝက်သာ တိုင်းတာမျှော်မြင်တတ်တဲ့ မူဝါဒတွေကြောင့် ဒီကနေ တရုတ်စီးပွားရေး ပြိုလဲနိုင်တဲ့ မြင်ကွင်းတွေကို ဆက်တိုက်မြင်လာရတာပါ။ ရေရှည်တည်တံ့တဲ့ စီးပွားရေးအဆောက်အအုံကို ဆောက်ဖို့ ရည်မှန်းချက်ထားရာမှာ ပတ်ဝန်းကျင်အားလုံးကို ထောက်လှမ်းစောင့်ကြည့်တင်းကြပ်ထားမှုလည်းလုပ်သေး၊ ပြည်သူ့ ယုံကြည်မှုလည်း ရချင်သေးတဲ့အခြေအနေဟာ စီးပွားရေးကို လမ်းမှန်ပေါ် ရောက်စေဖို့ မဖြစ်နိုင်ပါဘူး။
ဒါလည်း CCP ဟာ စီးပွားရေးကျဆင်းလေ တင်းကျပ်တဲ့ ချုပ်ကိုင်ခြိမ်းခြောက်မှုတွေ တိုးလုပ်ပြီး အာဏာစက် တည်မြဲရေးအတွက်ပဲ မဆုတ်မနစ် ကြိုးစားလုပ်ဆောင်နေပြန်တယ်။ လစ်ဘရယ်လိုက်ဇေးရှင်းအသွင် ဖြေလျှော့ နိုင်မှု၊ မဖြစ်မနေ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို မလုပ်ဆောင်မှု၊ အာဏာရှင်စနစ်နဲ့ ဆက်ပြီး ထိန်းချုပ် နိုင်ဖို့ပဲ ကြိုးစားနေမှု၊ ကာလရှည်အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးကျန်းမာကြံ့ခိုင်မှုတည်ဆောက်ဖို့ မျက်ကွယ် ပြုမှုတွေဟာ တရုတ်တစ်နိုင်ငံလုံး စီးပွားရေး ပြိုလဲခြင်းကနေ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကိုပါ ဖြစ်တည် လာစေဖို့ ဦးတည်လာခြင်းပါပဲ။ တရုတ်အတွက် အရေးအကြီးဆုံးသော လမ်းဆုံ လမ်းခွကို ရောက်ရှိနေစေခဲ့ပါပြီ။
လက်ရှိ ချေးငွေအတိုးနှုန်းလျှော့ချပေးလိုက်ခြင်းဟာ ယာယီ သက်သာရာမျိုးလောက်သာ အနည်းအကျဉ်းရနိုင် လောက်ပြီး ကာလရှည် အကျိုးစီးပွားဖြစ်ထွန်းမှုဆီ မရောက်နိုင်ပါဘူး။ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဖို့မှာ မူဝါဒအမှားတွေဆက်တိုက်ချမှတ်နေတဲ့ CCP ပါတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့လည်း မဖြစ်မနေ လိုအပ်နေပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ ပြင်ဆင်ဖွဲ့စည်းမှုကို CCP က လုပ်ဖို့ ဆန္ဒမရှိဘဲ အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရေးကိုပဲ အားစိုက်လုပ်ဆောင်နေကြပါတယ်။
တစ်ကမ္ဘာလုံးက ဖုံးမရတော့တဲ့ တရုတ်ရဲ့ စီးပွားရေးအကျပ်ရိုက်နေမှုကြီးကို ဝိုင်းကြည့်ပြီး မြင်နေကြရပါပြီ။ CCP အာဏာရှင်စနစ် စီမံခန့်ခွဲမှုတွေဟာ အမှားတွေ၊ အခြေခံအားနည်းချိုးယွင်းချက်တွေ ရှိနေတာလည်း ပိုမို ရှင်းလင်းမြင်သာလာခဲ့ပါပြီ။ ပါတီရဲ့ စီးပွားရေး ဆင်ခြင်တုံတရားအပေါ် ဦးစားပေး ထိန်းချုပ်မှု၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုနဲ့စျေးကွက် အင်အားစုတွေအပေါ် လျစ်လျူရှုခြင်းကနေ ပြည်တွင်း ပဋိပက္ခအဆင့်မှ ကမ္ဘာလုံးဆိုင်ရာ ဖိအားတွေကို ဖြစ်တည်လာစေပါပြီ။ ထိရှလွယ် စီးပွားရေးစနစ်ကြီးကို ဒီလိုနည်းတွေနဲ့ တလွဲ ဖန်တီးခဲ့ခြင်းက ငြင်းမရနိုင်တဲ့ လုပ်မှားကိုင်မှားတွေဖြစ်စေခဲ့ပါပြီ။ CCP ပါတီအနေနဲ့ တချို့သော ထိန်းချုပ်မှုတွေ ကို ဖြေလျှော့ပေးမှု၊ စစ်မှန်တဲ့ စီးပွားရေးမူဝါဒတွေကို ပြန်လည် တည့်မတ်ချမှတ်ရာမှာ ပါတီအတွင်း ပြန်လည်း ပြင်ဆင်ဖွဲ့စည်းမှုတွေ လုပ်ပြီး မဆောင်ရွက်နိုင်သရွေ့ တရုတ်စီးပွားရေးနဲ့ တရုတ်ပြည်သူတွေဒုက္ခက ဆက်လက် ပြီး ကျဆင်းဆုတ်ယုတ်ရင်း နာကျင်ခံစားနေကြရမှာ မလွဲမသွေ ဖြစ်ကြောင်းပါ။








