အိုက်ပီး (အရှေ့ရိုးမ)
၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဒီအခြေအနေမှာ ပြည်တွင်းကနေ တရုတ်ကိုပို့မယ့် ကုန်စည်တွေနဲ့ ပြန်လည်တင်သွင်းလာတဲ့ တရုတ်ကုန်တွေအပေါ် အထူးဒေသ(၄)မိုင်းလားက ရနေတဲ့အခွန်တွေကို စစ်ကောင်စီဘက်က မပေးချင်တာကြောင့် လာအို-မြန်မာ မဲခေါင်မြစ်ကူးတံတားကတဆင့် တရုတ်ပြည်တိုက်ရိုက်ကုန်သွယ်နိုင်အောင် ၂၀၂၄ နှစ်စပိုင်းကတည်းက ကြိုးစားနေပါတယ်။
တရုတ်နဲ့ တိုက်ရိုက်ကုန်သွယ်ဖို့အတွက် လာအို-မယ်ခေါင်မြစ်ကူးတံတားဖွင့်ပွဲကို ဖေဖေါ်ဝါရီနောက်ဆုံးအပတ်က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီပြည်ထောင်စုအဆင့် ဝန်ကြီးတွေ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။

အထူးဒေသ(၄) မိုင်းလားဧရိယာထဲကတဆင့် တရုတ်ကုန်သွယ်မှုတွေလုပ်တဲ့နေရာမှာ တရုတ်နိုင်ငံ တာလော-မိုင်းလား-ကျိုင်းတုံ-တောင်ကြီးလမ်းပိုင်းနဲ့ မိုင်းလားပိုင် မယ်ခေါင်မြစ်ဆိပ်ဖြစ်တဲ့ ဆွတ်လွေ-မိုင်းယောင်း-မိုင်းဖြတ်ကနေ တောင်ကြီးထိ ကုန်သွယ်မှုတွေ ပြုလုပ်နေတာပါ။
၂၀၂၄ နှစ်ဦးပိုင်းမှာတော့ ရာသီထွက်ကုန်တွေဖြစ်တဲ့ ဖရဲသီးနဲ့ သခွါးသီးတွေကို မူဆယ်လမ်းကြောင်းက မတင်ပို့နိုင်တဲ့အတွက် ရှမ်း/ရှေ့ လမ်းကြောင်းပြောင်းပြီး ဆယ်ဘီး၊ ၁၂ ဘီးကားကြီးတွေနဲ့ မိုင်းလားဧရိယာကနေ တရုတ်ပြည်ကို တင်ပို့ခဲ့ရပါတယ်။
အရင်က တရုတ်နဲ့ ကုန်သွယ်မှုတွေ အများဆုံးပြုလုပ်တဲ့ မူဆယ်လမ်းကြောင်းပေါ်က ကုန်ပစ္စည်းအားလုံးနီးပါးဟာ မိုင်းလားလမ်းကြောင်းအပြင် မဲခေါင်မြစ်ကြောင်းအသုံးပြုပြီး တာချီလိတ်(ဝမ်ပုံ)ဆိပ်ကမ်းကို ဆိုက်ရောက်လာတာတွေရှိပါတယ်။
တရုတ်ပစ္စည်းတွေကုန်သွယ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက “မူဆယ်က သစ်သီးတွေပို့မရတော့ တောင်ကြီးကတဆင့် ကျိုင်းတုံ-မိုင်းယန်းလမ်းကြောင်းအတိုင်း မိုင်းလားကိုပို့တယ် အဲ့ဒီကတဆင့် တစ်ဖက်ကမ်းက တာလော့ကိုပို့ကြတာ၊ သစ်သီးပို့တဲ့နေရာမှာ စစ်ကောင်စီကိုလဲ သတ်မှတ်ထားတဲ့ အခွန်ပေးရတယ်၊ မိုင်းလားကိုလဲ ကုန်ဖြတ်သန်းခပေးရတယ်။ လမ်းက ကျဉ်းတော့ ကားတွေပိတ်ပြီး ပုတ်သိုးတာတွေရှိပြီး ရှုံးတာတွေလဲရှိတယ် အပြန်ကုန်ကိုတော့ တရုတ်ပစ္စည်းတွေ သယ်သွားတယ်”လို့ ပြောပါတယ်။
ယခုအခါမှာတော့ စစ်ကောင်စီက မိုင်းလား အထူးဒေသ(၄)ကို ကုန်စည်ဖြတ်သန်းခ အခွန်မပေးချင်တာကြောင့် လာအို-မြန်မာ မဲခေါင်မြစ်ကူးတံတားကတဆင့် လာအိုနိုင်ငံဖြတ်ပြီး တရုတ်နိုင်ငံ ချင်းဟုန်ဆိပ်ကမ်းမြို့ထိ ကုန်သွယ်ဖို့ကြိုးစားနေပါတယ်။

အရင်က မိုင်းလားကတဆင့် တရုတ်ကုန်စည်ကို တင်သွင်းတဲ့နေရာမှာ ဒေသတွင်း အသုံးပြုဖို့လောက်ဘဲ ကျိုင်းတုံနဲ့ ကုန်သွယ်ခဲ့ပြီး ပြန်လည်တင်ပို့ကုန်ကိုတော့ ဆန်၊ ပြောင်း၊ ရာဘာ၊ သစ်ခေါက်တို့ကိုသာကုန်သွယ်ခဲ့တာပါ။ ရှမ်းမြောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အထူးဒေသ(၄)မိုင်းလားကတဆင့် ပြည်တွင်းကို ကုန်စည်တွေ အဓိက တင်ပို့နေတာဖြစ်ပါတယ်။
စစ်ကောင်စီက တရုတ်နိုင်ငံနဲ့ တိုက်ရိုက် ကုန်သွယ်နိုင်ဖို့ ကြိုးစားနေတဲ့ လာအို-မြန်မာ မဲခေါင်မြစ်ကူးတံတားဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန် သမ္မတလက်ထက်ကတည်းက နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တံတားပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီ နှစ်နိုင်ငံကြား နှစ်အတော်ကြာ အငြင်းပွားနေတာကြောင့် ကုန်သွယ်မှုမပြုနိုင်ဘဲ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တံတားရဲ့ တန်ဖိုးငွေ တဝက်ကို လာအိုနိုင်ငံကို ပေးလျှော်ခဲ့ပြီးမှ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ရှမ်းအရှေ့မှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ နယ်စပ်ဂိတ်ပေါက်တွေနဲ့ မဲခေါင်ဆိပ်ကမ်း ၂ ခုရှိတဲ့အနက် နယ်စပ်ဂိတ်ပေါက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်ဧရိယာတွေဖြစ်တဲ့ UWSA”ဝ”ထိန်းချုပ်မှု နယ်မြေနဲ့ အထူးဒေသ(၄)မိုင်းလားမှာဘဲရှိနေပြီး မဲခေါင်ဆိပ်ကမ်း”ဆွတ်လွေ”ဟာလဲ မိုင်လားဧရိယာထဲမှာဘဲရှိနေပါတယ်။ တာချီလိတ်(ဝမ်ပုံ)ဆိပ်ကမ်းတစ်ခုသာ စစ်ကောင်စီအစိုးရက အသုံးပြုနေတာဖြစ်ပါတယ်။

လာအို-မြန်မာ မဲခေါင်မြစ်ကူးတံတားကနေတဆင့် လာအိုနိုင်ငံဖြတ်ပြီး တရုတ်နဲ့ ကုန်သွယ်မှုတွေမှာ စစ်အာဏာမသိမ်းခင်က ကျွဲ၊ နွား၊ တိရိစ္ဆာန်ပို့ဆောင်တာတွေနဲ့ ဒေသထွက် ရာဘာ၊ ပြောင်းနဲ့ သစ်ခေါက်ပို့ဆောင်တာတွေရှိပေမယ့် အခုအခါမှာတော့ စစ်ကောင်စီက တရုတ်နဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ဖို့ ကြိုးစားနေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
တာချီလိတ်(ဝမ်ပုံ) မဲခေါင်မြစ်ကြောင်း နိုင်ငံတကာဆိပ်ကမ်းကို တရုတ် ယူနန်ပြည်နယ်အစိုးရက အဆင့်မြင့်ဆိပ်ခံဘောတံတားအဖြစ် ဖေဖေါ်ဝါရီလအတွင်း လာရောက်တပ်ဆင်ပေးသွားတယ်လို့ သိရပါတယ်။
နိုင်ငံအနှံ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်တွေမှာ ကုန်သွယ်ရေးအခက်အခဲဖြစ်နေချိန် ရှမ်းပြည်နယ်အရှေ့ပိုင်းကတဆင့် တရုတ်ကုန်၊ ထိုင်းကုန်တွေ ဝင်ရောက်နေပေမယ့် စစ်ကောင်စီရဲ့ ကုန်သွယ်ရေးမူဝါဒအမှားတွေကြောင့် တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းဟာ ပိုမိုကျယ်ပြန့်လာပြီး လမ်းတစ်လျှောက်ဂိတ်တွေရဲ့ တရားမဝင်ငွေတောင်းခံမှုတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့အခက်အခဲမျိုးစုံတွေ့နေရပါတယ်။

“တိုက်ပွဲတွေ ဘယ်လောက်ဖြစ်ဖြစ် ကုန်သွယ်မှုဆိုတာ ရပ်တန့်လို့မှမရတာ၊ ပြည်တွင်းစားသုံးသူ ဈေးကွက်ကလဲ ရှိနေတာကို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရတဲ့နည်းနဲ့ ကုန်သွယ်မှာဘဲ၊ လမ်းခရီး အခက်အခဲများလေ ကုန်ဈေးနှုန်းက တက်လေဘဲ၊ နောက်ဆုံးတော့ စားသုံးသူ ပြည်သူတွေဘဲ နစ်နာတာ ဈေးကြီးပေးဝယ်နေရတာ”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေနဲ့ စစ်ကောင်စီမူဝါဒအမှားတွေကြောင့် စားသုံးသူပြည်သူတွေဟာလဲ ကုန်ဈေးနှုန်းကြီးမြှင့်မှုဒဏ်ကို ခံနေရတဲ့အပြင် ကုန်စည်ရှားပါးမှုတွေလဲ ကြုံတွေနေရတာပါ။
အရင်က နယ်စယ်ဂိတ်ပေါက်(၁၇)ခုရဲ့ကုန်သွယ်မှုတန်ဖိုးနဲ့ နှိုင်းယှဉ်ချက်တွေဟာ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ WebPage စာမျက်နှာမှာ ဖေါ်ပြထားပေမယ့် အခုနောက်ပိုင်း ကုန်သွယ်မှု သတင်းအချက်အလက်တွေကို ဖေါ်ပြခြင်းမရှိတော့ပါဘူး။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုရဲ့တန်ဖိုးဟာ စစ်ကောင်စီရဲ့ထုတ်ပြန်မှုတွေအရ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်ရှိပြီး ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ကုန်သွယ်မှုတန်ဖိုး (၆၀)%ကျော်ကျဆင်းခဲ့ပြီး ထိုင်း-မြန်မာ ကုန်သွယ်မှုဟာ အရင်နှစ်တွေကထက် ပိုမိုတိုးတက်လာတယ်လို့ ISPမြန်မာရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
#MeKongNews








