မဲခေါင်၊ ဖေဖော်ဝါရီ ၂၉
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်ပြည်မြောက်ပိုင်း၊ မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာြပီး မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာချုပ်(မပခ) တိုင်းမှူးဆီ လုပ်ပိုင်ခွင့် အာဏာလွှဲအပ်တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၈ မှာ ကြေညာပါတယ်။
မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေက ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေးယန္တရားအားလုံး မပခတိုင်းမှူးရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်ရှိမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စီမံပိုင့်ခွင့်အာဏာကပါပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ မပခတိုင်းမှူးဟာ ဗိုလ်မှူးချုပ်စိုးလှိုင်ဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀)ကနေ တိုင်းမှူးအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ခန့်အပ်ခဲ့တာပါ။
ယခင် မပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ အရာရှိ ၇ ဦးကို ဖမ်းဆီးပြီး ဗိုလ်မှူးချုပ်စိုးလှိုင်ကို တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။
မိုးမိတ်နဲ့ မဘိမ်းမြို့တွေဟာ ရှမ်းပြည်မြောက်ပိုင်းအတွင်းမှာ တည်ရှိတာဖြစ်ပေမယ့် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် ဂွင်အတွင်းမှာပါဝင်တာကြောင့် မပခတိုင်းမှူးဆီ အာဏာလွှဲတာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
အဲ့ဒီ့ စစ်အုပ်ချုပ်ရေးကြေညာတဲ့ ၂ မြို့ဟာ ကချင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းနယ်မြေတွေနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ ဒေသတွေဖြစ်ပါတယ်။
မိုးမိတ်မြို့အတွင်းက စစ်ကောင်စီစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်းပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်းမှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းက အပြင်းအထန်ပြန်လည် တိုက်ခိုက်၊ ဗုံးကြဲတာကြောင့် မြို့ကို စွန့်လွှတ်ခဲ့ရပါတယ်။ မြို့တွင်းက လူနေအိမ်၊ အဆောက်အအုံအများအပြား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။
မိုးမိတ်မြို့မှာ မပခလက်အောက်ခံတပ်ရင်းတွေအဖြစ် ခမရ-၃၄၈၊ စကခ-၂၁ ရဲ့ ဗျူဟာတစ်ခု၊ ခလရ-၂၂၃ နဲ့ ခလရ-၂၇၆ တို့ အခြေစိုက်တပ်စွဲထားပါတယ်။
မဘိမ်းမြို့ဟာလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီကလည်း ပြန်လည်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီယန္တရားတွေ မလည်ပတ်နိုင်တော့တဲ့ မြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီး မပခတိုင်းမှူးဆီ စစ်ကောင်စီက အာဏာလွှဲအပ်ခဲ့တာဖြစ်ပါတယ်။