မဲခေါင်၊ စက်တင်ဘာ ၄
စစ်မြေပြင်မှာ တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်း တိုက်ခိုက်တာ ခံနေရလို့ လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF စစ်ရေးချုပ် ခူးရီးဒူ ကပြောပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်ကို တပ်အင်အား အများအပြား ရောက်လာပေမယ့် ကရင်နီ ပူးပေါင်းတပ်တွေရဲ့ ခုခံ တော်လှန်မှုကြောင့် တပ်ဖွဲ့စည်းပုံ ပျက်တဲ့အထိ အထိနာခဲ့ပြီး တပ်ရင်းအလိုက် ပြုတ်တာတွေလည်း ရှိခဲ့ပါတယ်။
“ဘာကြောင့် ဒီနောက်ပိုင်းမှာ ဒီလေကြောင်း တိုက်ခိုက်မှုတွေက စဉ်ဆက်မပြတ် လုပ်လာလည်းဆိုရင် မြေပြင်မှာ စစ်ကောင်စီတွေ သူတို့ရဲ့ တပ်တွေက တပ်ရင်းလိုက်၊ တပ်မလိုက်ပါ တပ်ပျက်နေတယ်။ ဖွဲ့စည်းပုံ ပျက်နေတယ်၊ ပြီးတော့မှ ဆုံးရှုံးမှုတွေ များနေတယ်။ ဒီအတွက်ကြောင့်မို့လို့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုတွေ များတယ်လို့ ကျွန်တော့် အနေနဲ့ မှတ်ချက်ပြုလိုပါတယ်” လို့ KNDF စစ်ရေးချုပ် ခူးရီးဒူ ကပြောပါတယ်။
လက်ရှိ အင်အားဖြည့်တင်းထားတဲ့ တပ်မ (၅၅)၊ တပ်မ (၆၆) စတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စု လမ်းမကြီးမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က သေဆုံးမှု များနေသလို လက်နက်ခဲယမ်းတွေကို အများအပြား သိမ်းဆည်းရမိတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု မရတဲ့အတွက် ရန်သူလို့ သတ်မှတ်ပြီး ခြိမ်းခြောက် အကြမ်းဖက်တာကြောင့် လေကြောင်းကနေ တိုက်ခိုက်မှု ပိုလုပ်လာတာ ဖြစ်တယ်လို့ ခူးရီဒူက ဆိုပါတယ်။
“လူထုတွေက ကျွန်တော်တို့နဲ့အတူ ရပ်တည်တယ်။ စစ်ကောင်စီဘက်ကို ကြည့်မယ်ဆိုရင် လူထုက ရှိမနေဘူး။ ဆိုတော့ လူထု ရှိမနေတဲ့ အုပ်ချုပ်ရေးတို့၊ အစိုးရတို့က ဘယ်လိုမှ လည်ပတ်လို့မရဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ သူတို့တွေက တနည်းတဖုံနဲ့ လူထုကို ခြိမ်းများခြိမ်းခြောက် နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေကြောင်းကို အဆက်မပြတ် သုံးနေတယ်” လို့ သူက သုံးသပ်ပါတယ်။
ကရင်နီပြည်နယ်မှာ ပြည်သူလူထုက တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာ ရပ်တည်နေတဲ့အတွက် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အရှိန်မြင့်မြင့်နဲ့ ရှေ့ဆက် ချီတက်နေတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူ ကပြောပါတယ်။
လက်ရှိ KNDF ရဲ့ စစ်ရေးချုပ်နဲ့ ဗျူဟာ (၆) ဗျူဟာမှူးဖြစ်သူ ခူးရီးဒူက ဦးဆောင်ပြီး လက်နက်ခဲယမ်းတွေ ဖြည့်ဆည်းဖို့ “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ဆိုတဲ့ ကမ်ပိန်း ပြုလုပ်နေပါတယ်။
“ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာ ၂၃ ရက်နေ့အထိ ပြုလုပ်နေပြီး ကမ်ပိန်းကာလအတွင်း ကျည်ဆံဖြည့်တင်းဖို့ ကျပ်သိန်းတစ်သောင်း ရှာဖွေမှာဖြစ်တာကြောင့် “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” လူမှုကွန်ရက် စာမျက်နှာနဲ့ သက်ဆိုင်ရာ ရံပုံငွေရှာဖွေရေးအဖွဲ့ကို ဆက်သွယ်ပြီး ကူညီနိုင်တယ်လို့ သိရပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ကရင်နီပြည်နယ် အတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု ၆၁၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
CJ-002
#MeKongNews
#ဒီးမော့ဆိုမြို့နယ်
#စစ်တိုက်လေယာဥ်
#စစ်ရေးချုပ်_ခူးရီးဒူ








