မဲခေါင်၊ ဇူလိုင် ၂၉
ကရင်နီပြည်နယ်၊ လွိုင်ကော်- ဒီးမော့ဆို အစပ်မှာ စစ်ကောင်စီက အင်အား ထောင်ချီသုံးပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BPDF (လွိုင်ကော်) တာ၀န်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လွိုင်ကော်- ဒီးမော့ဆို နယ်စပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ မနေ့က ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းက တိုက်ပွဲ စဖြစ်ရာက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“အစပိုင်းက အင်အား ဒီလောက် မများဘူး။ မနေ့က တိုက်ပွဲ ဖြစ်နေတုန်း ထပ်လာချသွားတာ။ အခုဆို အင်အား ၁,၅၀၀ ကျော်လောက်ကိုရှိတယ်” လို့ သူကရှင်းပြပါတယ်။
ထိုးစစ်ဆင်နေတဲ့ စစ်တပ် တပ်မတွေကို တိတိကျကျ မသိရသေးပေမဲ့ တပ်မ (၉၉)၊ တပ်မ (၆၆) လက်ကျန် အင်အားတွေ ပါနိုင်တယ်လို့ သူက ခန့်မှန်း ပြောဆိုထားပါတယ်။
တိုက်ပွဲစဖြစ်ပြီး မကြာခင် စစ်ကားကြီး ၁၉ စီးနဲ့ စစ်ကားငယ် ၃ စီး လွိုင်ကော်မြို့ထဲကို ၀င်ရောက်လာပြီး စစ်တပ် တပ်ရင်း (၅၄) ဘက်ကို ဦးတည် မောင်းနှင်သွားတယ်လို့ ကရင်နီ သတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေ ပြင်းထန်းဆဲဖြစ်တာကြောင့် ၂ ဖက် ထိခိုက်မှုကို တိတိကျကျ မသိရသေးပေမဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေ အသာစီးရယူ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ BPDF (လွိုင်ကော်) တာ၀န်ခံက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနီးအနား ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေလို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်-ဒီးမော့ဆို နယ်စပ်မှာတော့ ဒေသခံတွေ တိမ်းရှောင်ပြေးသွားတာကြောင့် လူသူကင်းမဲ့နေပြီး တိုက်ပွဲဇုန် တစ်ခုလို ဖြစ်နေပြီလို့ BPDF (လွိုင်ကော်) တာ၀န်ခံက ဆိုပါတယ်။
“အဲ့ဘက်ကတော့ လူသွားလူလာ မရှိတော့ဘူး။ တိုက်ပွဲကတော့ EAOs တွေ မပါဘူး ပြောတယ်။ PDF တွေနဲ့ပဲ ဖြစ်နေတာ ကြားတယ်။ ဒီးမော့ဆို အနောက်ဘက် ၁၁ မိုင်ကုန်း အဖွဲ့တွေနဲ့ ဖြစ်ကြတယ်လို့လည်း ကြားတယ်။ မြေပြင်ထိ မရောက်နိုင်တော့ သတင်းက ရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်” လို့ သူကပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က လွိုင်ကော်မြို့ ၀န်းကျင်ကို ပိတ်ဆို့ထားပြီး မြို့တွင်း အ၀င်သာ လက်ခံက, အထွက် လမ်းကြောင်းတွေကို ထိန်းချုပ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
MK-007
#MeKongNews
#လွိုင်ကော်- ဒီးမော့ဆို
#BPDF
#တပ်မ(၉၉)_တပ်မ(၆၆)








